စစ်ကောင်စီ တပ်များ ပြိုလဲလာနေသည့် အနေအထား အသစ်များ

by Hla Soewai - Mar 14 2024

ရက္ခိုင်တပ်တော်သည် ရမ်းဗြဲ မြို့အား သုံးလ ကြာ ထိုးစစ်ဆင်ပြီး နောက် အပြီးအပိုင် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်ဟု အတည်ပြု နိုင်ခဲ့ပြီ ဖြစ်သည်။

 

စိတ်ဝင်စားစရာ ဖြစ်လာရသည်က ရမ်းဗြဲသည် တရုတ်-မြန်မာ ဖက်စပ် ကျောက်ဖြူ ပင်လယ်နက် ဆိပ်ကမ်း ဆောက်လုပ်နေသည့် ကျွန်းပေါ် တွင် တည်ရှိနေခြင်းပင် ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ကီလိုမီတာ ၁,၇၀၀ ရှည်လျားသော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး ၏ အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်လျှက် ရှိနေသည်။ သို့သော် တရုတ်သည် ထိုဆိပ်ကမ်း ဆောက်လုပ်ရေး အတွက် စစ်ကောင်စီ ထံ မှ ရသမျှ ထပ်မံ ညှစ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် စီမံကိန်း အကောင်အထည် ဖေါ်ဖို့သာ ရှိပြီး ရက္ခိုင် တပ်တော်မှ လည်း အနှောက်အယှက် ပေးဖို့ မရှိသဖြင့် စိတ်အေးရသည့် အနေအထား တွင် ရှိနေသည်။

 

ယခုအခါ ရက္ခိုင် တပ်တော်သည် ရသေ့တောင် မြို့ ကို ဦးတည် တိုက်ခိုက်နေပြီး မောင်းတောတွင်လည်း တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေသည်။ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်သို့ စစ်ကောင်စီ တပ်သား ၁၁၇ ဦး အထိ ထွက်ပြေး ခိုလှုံသွားခဲ့ပြန်သည်။

 

ကချင်လွတ်လပ်ရေး တပ်တော်သည်လည်း စစ်ဆင်ရေး စတင်ခဲ့သည့် မတ်လ ၇ ရက် မှစ၍ ယနေ့အထိ မဟာဗျူဟာ အရ လွန်စွာ အရေးပါသည့် စစ်ကောင်စီ တပ်စခန်း ၁၀ ခု အပါအဝင် စုစုပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော် မြို့များရှိ စခန်းများကို ဆက်လက်တိုက်ခိုက်လျှက် ရှိနေသည်။

 

ထိုသို့သော အခြေအနေများ ကြောင့် ဝါရှင်တန် ရှိ အထင်ကရ အဖွဲ့အစည်း ဖြစ်သော Council on Foreign Relations (CFR) မှ နိုင်ငံအခြေအနေကို ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။

 

ပြီးခဲ့သည့် ခြောက်လ မှ စ၍ တပ်မတော် ဆိုသော စစ်ကောင်စီ ၏ လက်နက်ကိုင် တပ်ဖွဲ့များသည် တဖြေးဖြေး နှင့် ပြိုကွဲ လာခဲ့ပြီ ဖြစ်သည်။ မြန်မာ ဒီမိုကရေစီ အင်အားစု များ နှင့် ပြည်ပ ရှိ အကျိုးစီးပွားများ ဆက်နွယ်နေသော နိုင်ငံများ အနေဖြင့် စစ်တပ် ပြိုလဲ သွားက ဖြစ်ပေါ်လာနိုင်သည့် အနေအထားများကို အလျင်အမြန် အုပ်စီး မိရန် အရေးပေါ် အစီအမံများ စတင် ရေးဆွဲထားသင့်ပြီဟု တိုက်တွန်းခဲ့ပြီး ဖြစ်သည်။

 

ထိုအစီအစဉ်များသည် လက်ရှိ ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ဗမာ တော်လှန်‌ရေး အဖွဲ့များအကြား ရရှိထားပြီးသော ဆက်သွယ် ပေါင်းစည်းမှု များ အား အရေးမပါလှဟု ပြောလိုခြင်း မဟုတ်ပဲ ဆိုးဝါးလာနိုင်သည့် အနေအထား များ အများအပြား ရှိနေ၍ ဒီထက် ကျယ်ပြန့်သည့် အတိုင်းအတာ အထိ စီမံ ဆောင်ရွက်ရန် ယခုအခါ လိုလပ်လာပြီဟု ဆိုလိုခြင်း ဖြစ်သည်။

 

စစ်တပ်သည် ယခုအခါ ယိမ်းယိုင် လာနေသော ၎င်းတို့ အခြေအနေ ကို ထေမိလို ထေမိငြား ယခင်ကထက် ပို၍ ပင် ရက်စက် ကြမ်းကြုတ်စွာ ပြုမူလာနေပြီ ဖြစ်သည်။ ၎င်းတို့ လက်အောက်ခံ တပ်သားများကို လည်း လူဟူ၍ ပင် မဆက်ဆံ နိုင်တော့ပဲ “ကျွန်သာသာ” ဆက်ဆံနေပြီး ၎င်းတို့ ရှုံးနိမ့်နေပြီ ဆိုသည် ကို ဖုံးဖိထားနိုင်ရန် ပြင်ပ ကမ္ဘာ နှင့် အဆက်ဖြတ်ထားခဲ့သည်။ ထွက်ပြေးရန် ကြိုးပမ်းသူများ အား မိလာက လည်း နှိပ်စက်ညှင်းပမ်းသည်က အနိမ့်ဆုံး အဆင့်ဖြစ်ပြီး ကွပ်မျက် ပစ်သည်အထိ ရက်ရက်စက်စက် တုန့်ပြန်ခဲ့ကြပြန်သည်။

 

ပြည်သူများ ဖက် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား အသီးသီးက တပ်တွင်း တွင် စိတ်ဓါတ်များ ပြိုလဲ ကျဆင်းလာနေပြီ ထောက်ပို့ လမ်းကြောင်း များ ပြတ်တောက်ကုန်ပြီ ဖြစ်၍ ရွာသား များ အသွင် ယူကာ အနီးအနား ရွာများ တွင် ရိက္ခာ ထွက်၍ ဝယ်ယူနေကြရသည်ဟု ပြောလာကြသည်။ ဤသည်ကို ကြည့်မည် ဆိုက တော်လှန်ရေး တပ်ဖွဲ့များသည် နယ်မြေများ အသာစီး ရလာနေသည်သာမက စစ်ကောင်စီအား အကာအကွယ် ပေး နေသော တပ်များ အတွင်း စည်းလုံး မှု ကိုပါ ဖြိုခွဲ နိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

စစ်တပ်အတွင်း တခါမျှ မကြုံခဲ့ဖူးသည့် လက်နက်ချသူများ၊ ထွက်ပြေးသူ များ များသည်ထက် များလာနေပြီ ဖြစ်၍ အတင်းအကျပ် စစ်သား စုဆောင်းရန် ကြံစည်လာကြသည်။ သို့သော် လည်း ယင်းသည် ၎င်းတို့ အတွက် အကျိုးယုတ်ဖို့သာ ရှိလာနေသည်။ တော်လှန်ရေး အင်အားစုများ အတွက် လူသစ် စုဆောင်းပေးလိုက်သလို ဖြစ်လာခဲ့သည်။

 

စစ်အာဏာသိမ်း ပြီး နောက်ပိုင်း သုံးနှစ် တာ ကာလ အတွင်း စစ်စခန်းပေါင်း သုံးရာ ကျော်၊ မြို့ အမြောက်အများ နှင့် ထိုင်း၊ အိန္ဒိယ၊ တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများပါ လက်လွှတ်ခဲ့ရသည်ဟု The Diplomat စာစောင်တွင် Ivan U. Klyszcz နှင့် Harold Chambers တို့က သုတေသနပြု ရေးသားခဲ့ကြသည်။

 

ယင်းနှင့် အတူ စစ်ကောင်စီ ၏ တရုတ် နှင့် ဆက်ဆံရေး သည် အဆင်ပြေ ချောမွေ့ခြင်း မရှိတော့၊ အဓိကအားဖြင့် တရုတ် နိုင်ငံသားများကို ပစ်မှတ် ထားသော အွန်လိုင်း လူလိမ်ဂိုဏ်းများ မြန်မာ နိုင်ငံ အတွင်း ထုနှင့် ဒေး နှင့် လှုပ်ရှားလာနေခြင်းကြောင့် ဖြစ်သည်။ ယခုအခါ စစ်ကောင်စီသည် ကိုယ့်ပြဿနာ နှင့် ကိုယ် အလုပ်ရှုပ်နေသော ရုရှားကို သာ အဓိက မဟာမိတ် ကြီး အဖြစ် အတင်း ဖက်တွယ် အားကိုးနေရပြီ ဖြစ်သည်။

 

ထိုသို့ စစ်တပ်သည် လက်ရုံး တဖက် ပြုတ်သွားချိန်တွင် စိတ်ဓါတ် ခွန်အား အမြင့်ဆုံး သို့ ရောက်လာနေသည့် တော်လှန်ရေး မဟာမိတ်များနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

“မြန်မာ တို့၏ တော်လှန်ရေးသည် ကမ္ဘာပေါ်တွင် အာဏာရှင် များကို တွန်းလှန်တိုက်ခိုက်ခဲ့သမျှ တွင် မကြုံဖူးသည့် အတိုင်းအတာ” နှင့် အောင်မြင်မှု များ ရခဲ့ပြီ ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ အာဏာသိမ်း သုံးနှစ်မြောက် လေ့လာချက် စာတမ်းတွင် ဖေါ်ပြလာခဲ့သည်။

 

ထိုသို့ အောင်မြင်ခဲ့ရခြင်း၏ အခြေခံ အကြောင်းရင်းသည် နိုင်ငံတကာမှ ထောက်ခံမှု ကို မည်ကာမတ္တာ မျှနှင့် အနေအထားများ မပြည့်စုံသည့် ကြားမှပင် ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီး မှ ကြီးမားသော စွန့်လွှတ် အနစ်နာခံ စိတ်များ ဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်သည့် အမျိုးသားရေး အုံကြွမှု ကြီး တွင် ပါဝင်ခဲ့ကြသော ကြောင့် ဖြစ်သည်ဟု ဆက်လက် ရေးသားထားသည်။

 

၁၀၂၇ စစ်ဆင်‌ရေး ကြီး စတင်ခဲ့သည့် အောက်တိုဘာလ မှ စ၍ စစ်ကောင်စီ တပ်သား ၅,၅၀၀ ခန့် ကျဆုံးသွားပြီ ဖြစ်၍ ယခုအခါ ၎င်းတို့၏ အင်အားသည် ၃၀,၀၀၀ ပင် မပြည့်တော့ဟု ဖေါ်ပြထားသည်။

 

CFR မှ ဆက်လက်ရေးသားရာတွင် ထိုသို့သော အခြေအနေများ တွင် ဖြစ်နိုင် ခြေများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ယင်းသည် စစ်ကောင်စီမှ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည့် ဒေသများ တွင် ယခုထက်ပို၍ အလုံးအရင်း နှင့် ထွက်ပြေး ခိုလှုံလာနိုင်ခြင်း၊ တော်လှန်ရေး မဟာမိတ် တပ်များက နိုင်ငံအလယ်ပိုင်းကို ထိုးစစ်ဆင်လာနိုင်ခြင်း နှင့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်း အတွင်း အကွဲအပြဲများ ထွက်ပေါ်လာပြီး ငြိမ်းချမ်းရေး အတွက် မဖြစ်မနေ ဆွေးနွေးလာရခြင်း တို့ပင် ဖြစ်သည် ဟု ရေးသားထားသည်ကို ကောက်နှုတ် ဖေါ်ပြလိုက်ပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo Credit – Federal Defence Force Comrades (FCDC)