ပြန်လည် ခေါင်းထောင်လာကြသူများ

by Hla Soewai - Feb 10 2020

တပ်မတော်သည် အမျိုးသားရေး ကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်၍ တပ်မတော်၏ အာဏာကို လျော့နည်းစေရန် ရည်ရွယ်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို မိမိတို့ မှ ရှုတ်ချကြောင်း၊ ယင်းသည် ယခု ဖြစ်ပွားနေသော ဝူဟန် ဗိုင်းရပ်စ် ထက်ပင် ဆိုးဝါးကြောင်း၊ ပြောဆိုရှုတ်ချမှုများ ကို ယမန်နေ့ ရန်ကုန်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

 

သို့သော် အမျိုးဘာသာ သာသနာ ကို ယုံကြည်ကိုးကွယ်နေသူများသာ ကာကွယ်ရမည် ဖြစ်ပြီး အဖွဲ့အစည်း တခုခု က ဝင်ရောက်ကာကွယ်ပေး၍ ရကောင်းသည့် အရာမဟုတ်ဟု ဝေဖန်သူများက ပြောဆို ထောက်ပြခဲ့ကြပါတယ်။

 

၎င်းတို့ သတိမူရန် ပျက်ကွက်ခဲ့သည်က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ကလျှာဏ ယုဝ အသင်းကြီး (ဝိုင်အမ်ဘီအေ) ဟူသော သမိုင်း အစဉ် အဆက် အထင်ကရ ရှိခဲ့သည့် အဖွဲ့အစည်းကြီးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဆိုသော ဘွဲ့ထူးဂုဏ်ထူးကြီး ဖြင့် စားလွယ်ကြီး ကို လေးလ အတွင်း ဒုတိယ အကြိမ် ချီးမြှောက်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ထိုသို့ အဆင့်အမြင့်ဆုံးဘွဲ့ပေးအပ်ရန် သီတဂူဆရာတော်က လည်း YMBA အသင်းအမှုဆောင် အဖွဲ့အား တိုက်တွန်းမိန့်ကြားခဲ့ သည်ဟု YMBA ဥက္ကဋ္ဌဦးရဲထွန်း က ဆိုပါတယ်။

 

ထိုသို့သော လုပ်ရပ်သည် နိုင်ငံတကာ မှ လူမျိုးတုံး သန့်စင်ရာတွင်ပါဝင်နေသည် ဟု စွပ်စွဲ ခံထားရသော အဖွဲ့အစည်း၏ခေါင်းဆောင်အား အဆိုပါ ဗုဒ္ဓဘာသာ အသင်းကြီးမှ ယခုလို ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်လိုက်ခြင်းသည် မိမိတို့ ဗုဒ္ဓဘာသာ ဝင်များက မည်သို့ပင် ဖြစ်စေ ၎င်း၏ လုပ်ရပ်ကို ထောက်ခံကြောင်း ကမ္ဘာသိ ကြေငြာလိုက်သည့် အဖြစ်ရောက်သွားခဲ့ရမှုသည် မိမိတို့၏ ဘာသာ သာသနာ၏ ဂုဏ်သိက္ခာကို ကမ္ဘာ အလယ်တွင် အဘယ်သို့များ ထွန်းပြောင်အောင် အထောက်အကူပြုရာ ရောက်ပေမည်နည်း။ ရဟန်းတို့သည်လည်း မိမိတို့ ဝိနည်း သိက္ခာ သမာဓိ တရားများဖြင့်သာ သာသနာ ဂုဏ်ရောင် ထွန်းပြောင်နိုင်ပြီး လာဒ်လာဘ ပေါကြွယ်ခြင်းဖြင့် မြှင့်တင်ရန် ကြိုးပမ်းခြင်းသည် မှာ သဘာဝ ကျပါ၏ လော။

 

ထိုကဲ့သို့ တကြိမ်လည်း မဟုတ် တခဏ အတွင်းမှာပင် နောက်ထပ် ဘွဲ့ထူး ဂုဏ်ထူး တခု ထပ်မံ ချီးမြှင့် ခံရခြင်းသည် မည်သို့မျှ သွေးရိုးသားရိုး မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး ၏ အနေအထား ပျက်ယွင်း လာနေသည်ကို အတင်း အဓမ္မ ပြန်လည် ဆွဲတင်ရန် ပူးပေါင်း ကြိုးပမ်းသည့် လုပ်ရပ်ပင် ဖြစ်ပါတယ်။

 

ဤသည်ကလည်း တိုက်ဆိုင်မှု မဟုတ်ဆိုသည်အား ယနေ့ ပြုလုပ်တဲ့ ဆန္ဒ ထုတ်ဖေါ်ပွဲ မှ ထပ်မံ သက်သေခံလိုက်ပြန်ပါတယ်။

 

 

ဗိုလ်ချုပ်မှူးကြီးမှလည်း အမျိုးသားရေး ဆိုသည့် စကားကို ဝါကျတိုင်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပြန်ပါတယ်။

 

တပ်မတော်တွင် မိမိတို့၏ ရည်မှန်းချက် အောင်မြင်ရေး မည်သို့ မည်ပုံ ဆောင်ရွက်သင့်သည် အပေါ်လည်း အတွေးအခေါ် အကြံညဏ် ကောင်းများ ကုန်ခန်းနေပြီ ဆိုသည်မှာလည်း သိသာထင်ရှားလှပါတယ်။

 

၎င်းတို့၏ လုပ်ရပ်အား တရုတ်မှ နိုင်ငံတကာ မျက်နှာစာတွင် အကြောက်အကန် ကာကွယ်ပေးနေ၍သာ ယခုထိ သက်ဆိုး ရှည်နေခြင်းဖြစ်ပြီး တရုတ်ကို အမှန်တကယ် ကျေးဇူးတင်သင့်သည်မှာ ၎င်းတို့သာ ဖြစ်နေပါတော့တယ်၊

 

ထိုကဲ့သို့ မိမိတို့ အာဏာရရေး အတွက် ပြည်သူများ အကြား သွေးကွဲစေမည့် လုပ်ရပ်များ ဖန်တီးနေသမျှ နိုင်ငံသည် ငြိမ်းချမ်းရေး နှင့် အလှမ်းကွာဝေးပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်သည်ထက် ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

 

ဓါတ်ပုံ၊ ၊ ရိုက်တာ သတင်း