သာမညောင်ည စစ်မှု ထမ်း ဘဝ ဖြင့် ဖြတ်သန်းခဲ့ရသူ တဦး

by Hla Soewai - Mar 14 2024

မင်းအောင်လှိုင်သည် ဗိုလ်လောင်း သင်တန်း ဆင်းပွဲ အခမ်းအနား တိုင်း အရာရှိလောင်းများအား နိုင်ငံ က အားကိုးရမည့် ရဲရင့် ထူးချွန်သော စစ်သည်ကောင်းများ ဖြစ်ရန် အမြဲလို ပြောကြားလေ့ ရှိသော်လည်း သူကိုယ်တိုင်ကမူ သက်တမ်း တလျှောက် တိုက်ပွဲကြီး နှစ်ပွဲသာ ဆင်နွှဲခဲ့ဖူးပြီး ကာကွယ်ရေး ဦးစီးချုပ် ဘဝ အထိ သာမညောင်ည အရည်အချင်းမျိုး နှင့် တက်လှမ်းလာခဲ့သူ ဖြစ်သည်ဟု အစချီက ဧရာဝတီ ၏ အင်္ဂလိပ် ပိုင်း ကဏ္ဍတွင် ရေးသားလာခဲ့သည် ကို ကောက်နှုတ် တင်ပြပါသည်။

 

ရှေ့တန်း ထွက်ရခါနီးတိုင်း သူ၏ ရှေ့အင်္ကျီ မြေပုံထဲ့သည့် အိပ်ထဲတွင် ဗုဒ္ဓရုပ်ပွားတော် အသေးလေး အား အမြဲလို ထည့် ယူလာလေ့ ရှိသူ ဖြစ်သည်ဟု ပြောစမှတ် တွင်ခဲ့သူ ဖြစ်သည်။

 

၁၉၇၇ ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၁၉ ဆင်း ဖြစ်ပြီး ကျောင်းဆင်းလျှင် ဆင်းခြင်း မှော်ဘီတွင် အခြေစိုက်သည့် ထိုစဉ်က ရှမ်းသေနတ်ကိုင် တပ်ရင်း (၁)၊ ယခု ခမရ ၃၁၃ သို့ တာဝန် ချထားပေးခြင်း ခံခဲ့ရသည်။ သမ္မတဟောင်း ဗိုလ်သိန်းစိန်လည်း အလားတူ ပွဲဦးထွက် တာဝန်ပေးခြင်း ခံရပြီး၊ ဗိုလ်ခင်ညွှန့်သည်လည်း တပ်ခွဲမှုး အဖြစ် ထမ်းဆောင်ခဲ့သည့် တပ်ရင်းလည်း ဖြစ်သည်။

 

၁၉၇၉ တွင် အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ် ဦးစီ’ကွပ်ကဲမှု ဖြင့် ဗိုလ်ချုပ် ထွန်းရီ ဦးဆောင် ဆင်နွှဲမည့် မင်းရန်နိုင် စစ်ဆင်‌ရေး တွင် မင်းအောင်လှိုင်၏ ရှမ်းသေနတ်ကိုင် တပ်ရင်း (၁) သည် ဗမာပြည်ကွန်မြူနစ် ပါတီ တပ်များ နှင့် သံလွင်မြစ် အရှေ့ခြမ်း ယခု ဝ ပြည်နယ် ရှိ မိုင်းလား နှင့် မော်ဖ ဒေသများ တွင် တိုက်ခိုက်ခဲ့ရသည်။ ထိုအချိန်က အသက် ၂၃ နှစ်သာ ရှိသေးသည့် မင်းအောင်လှိုင်သည် ထောက်လှမ်းရေး အရာရှိ အဖြစ် တာဝန်ယူခဲ့ရသည်။

 

မင်းအောင်လှိုင်သည် ရှမ်း သေနတ်ကိုင်တပ်ရင်း တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလေ့ရှိသော်လည်း သူ၏ ကဏ္ဍသည် တပ်ရင်း ဌာနချုပ် မှ ပေးပို့သော သတင်းများကို တပ်ရင်းမှုး ထံ ပြန်၍ အစီရင်ခံစာသည့် အလုပ်မျှသာ ဖြစ်သည်။

 

ဗိုလ်ချုပ် ထွန်းရီသည် ၁၉၇၁ တွင် နာမည်ကျော် ကွမ်းလုံ ရက်လေး ဆယ် တိုက်ပွဲကြီး ကို ဦးဆောင်ဆင်နွှဲခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ် ထွန်းရီသည် မြန်မာ မြေပုံ ကျုံ့ဝင်သွားမည့် အရေး မှ ကာကွယ်ပေးခဲ့သည့် ဂုဏ်ရောင် ထွန်းပြောင်သည့် သမိုင်း အစဉ်အလာ ရှိခဲ့သူ ဟု ဗိုလ်ချုပ် ထွန်းရီ အကြောင်း ရေးသားခဲ့သည့် ကလောင်အမည် မောင်ဆွေသက် ခေါ် ဗိုလ်မှုးကြီး ညွန့်ဆွေ ၏ စာအုပ်တွင် မင်းအောင်လှိုင်သည်အမှာစာ ရေးပေးခဲ့သည်။ ထိုသို့ အမှာစာ ရေးပေးခဲ့သော်လည်း ထိုစာအုပ်တွင် သူ၏ အခန်းကဏ္ဍသည် အနည်းအကျဉ်းမျှသာ ပါရှိခဲ့သည်။

 

မင်းအောင်လှိုင်သည် မင်းရန်အောင် စစ်ဆင်‌ရေး အပြီး တွင် ရန်ကုန် အဝေးသင် တက္ကသိုလ် မြန်မာစာ ဌာန မှ ကထိက ဒေါ်ကြူကြူလှ နှင့် လက်ထပ်ခဲ့သည်။ သားသမီး နှစ်ယောက် ထွန်းကားခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ယခုအခါ တိုင်းပြည်စီးပွားရေး မှန်သမျှ လက်ဝါးကြီးအုပ်ကာ အချမ်းသာဆုံး သူဌေးကြီးများ ဖြစ်လာခဲ့ကြသည်။

 

သို့သော်လည်း ဗိုလ်ချုပ်ထွန်းရီ၏ ဂုဏ်‌ရောင်ထွန်းပြောင်ခဲ့သည့် ကွမ်းလုံသည် မင်းအောင်လှိုင် ဦးဆောင်မှု အောက်တွင် နှစ်ပတ် ပင်မကြာ တော်လှန်ရေး အင်အားစုများ လက်သို့ ကျရောက်သွားခဲ့၍ မြန်မာ့ တပ်မတော် ၏ အရှက်တကွဲ ဖြစ်ရပ် အဖြစ် သမိုင်းမှတ်တမ်း ကို သူကိုယ်တိုင် ‌ရေးထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမကသေး ရှမ်းမြောက်ဒေသတွင် နောက်ထပ် တိုက်ပွဲများ အလီလီ ရှုံးနိမ့်ခဲ့၍ “ဗိုလ်မြောက်ရှုံး” ဟု ပင် အမည်တွင်ခဲ့သည် အထိ ဖြစ်လာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သား အစိုးရ လက်ထက်တွင် ယန်ဂျင်ပင် ဆိုသည့် အကောင့် ဖြင့် ဖေ့စ်ဘုတ် တွင် “လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အသက်စွန့်၍ တိုက်ခိုက်ခဲ့ဖူးသည့် တိုက်ပွဲ အမည်ကို ပြောနိုင်လျှင် ဆင်းကပ်ထဲ ငွေတသိန်း ဖြည့်ပေးမည်” ဟု စိန်ခေါ်ခဲ့ဖူးသည်။

 

ထိုပို့စ် ကို မြင်၍ ဒေါသ ထွက်လာဟန် ရှိသော မင်းအောင်လှိုင် လက်အောက် အမှုထမ်းခဲ့သည့် ဗိုလ်ကြီး ဝင်းကို မှ “တပ်ချုပ်ကြီး နှင့် အတူတွဲ တိုက်ခိုက်ခဲ့ရသည့် ဝမ်ခသစ် (ကော့မှုးရာ) တိုက်ပွဲ” ဟူသော အမည် ဖြင့် စာအုပ် ရေးသားထုတ်ဝေလာခဲ့သည်။

 

သူ၏ စာအုပ် သည် ရည်ရွယ်ချက် အထမမြောက်ပဲ မင်းအောင်လှိုင်၏ တိုက်စွမ်းရည် ညံ့ဖျင်းမှု ကို ဖေါ်ထုတ်လိုက်သလို ဖြစ်သွားခဲ့ရသည်။ သူ၏ အယူသည်းမှု၊ အဆောင်အယောင် လက်ဖွဲ့များကို အားကိုးနေမှု တို့ ပေါ်လွင်သွားခဲ့ရသည်။

 

၁၉၈၉ ကေအင်ယူ တို့ အား တိုက်ခိုက်ခဲ့သည့် ဝမ်ခသစ် တိုက်ပွဲ တွင် မင်းအောင်လှိုင်သည် ဗိုလ်ကြီး အဆင့်တွင်သာ ရှိပေသေးသည်။ ၎င်းတို့ တပ်ဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကေအင်ယူ တို့၏ ဝမ်ခသစ် စခန်းကို ၁၉၈၉ တနှစ်လုံး နီးပါး တိုက်ခိုက်ခဲ့ကြသော်လည်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့။

 

ကေအင်ယူ တို့၏ အမြှောက်ဆံ နှင့် ကျည်ဆံများ ကြားတွင် မင်းအောင်လှိုင်သည် သူ၏ ရင်ပတ်တွင် လွယ်ထားရသည့် မြေပုံ အညွှန်ူပြ စာအုပ် ထည့်သည် အိပ်ကပ်ထဲတွင် ဗုဒ္ဓ ရုပ်ပွားတော် လေးကို သူ့အား အန္တရာယ်မကျအောင် အမြဲလို ထည့်ထားခဲ့ရှာသည်။

 

ထိုတိုက်ပွဲတွင် လည်း သူကိုယ်တိုင် ဦးဆောင်၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ခြင်း မျိုး မဟုတ်ပဲ လက်အောက် ငယ်သားများက သူ့အား အကာအကွယ် ပေးထားခဲ့ရသည်ဟု ဝင်းကို၏ စာအုပ်တွင် ပါရှိလာခဲ့သည်။

 

တရက် ရှေ့တန်း တွင် မြွေတကောင်သည် ဝင်းကို၏ ဗိုက်ပေါ် လျောကနဲ ဖြတ်ကျော်သွားသည်ကို တွေ့လိုက်ရ၍ မင်းအောင်လှိုင်သည် “ဒါဟာ နမိတ်ပြတာပဲ၊ ဒီစစ်ဆင်ရေး မှာ မင်း ဘာပဲလုပ်လုပ် အန္တရာယ် မရှိတော့ဖူး” ဟု အားပေးခဲ့သည်ဟု ဆိုသည်။ ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် အယူသည်းပြီး အတိတ်နမိတ်များကို မျက်စိမှိတ် ယုံသူဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေခဲ့သည်။

 

နောက်ထပ် ထင်ရှားစေခဲ့ပြန်သည်က ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပုဂံရှိ ထီးလိုမင်းလို ဘုရားအား ၎င်း၏ မိသားစု ထီးတော်တင်လှု ခဲ့သည်။ ၂၀၂၁ တွင် သမ္မတ ဖြစ်ရေး ရည်မှန်းထား၍ ယခုလို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

အာဏာသိမ်းပြီး နောက်တွင်လည်း မာယာဝိဇယ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ဆောက်လုပ် ကိုးကွယ်ခြင်း၊ “ဆင်ဖြူတော်” နှင့် “ပတ္တမြားကြီး” အားလည်း မရအရ ဆောင်ကျဉ်းနိုင်ခဲ့ပြန်သည်။ ဘာသာရေး အခမ်းအနား တိုင်းတွင်လည်း ယတြာ သဘော အရ ရန်သူ ကို အောင်နိုင်စေရန် “အောင်ပြီ..အောင်ပြီ” ဟု အမြဲလို ကြွေးကြော်လေ့ ရှိသည်။

 

ထိုသို့ အမြဲလို ကြွေးကြော်နေသော်လည်း လက်တွေ့တွင်မူ ဒါဇင်ပေါင်း များစွာ ရှိ မြို့များ ၎င်း၏ ရန်သူများ လက်သို့ လေးလ ဆိုသည့် အချိန်အတော အတွင်း ကျရောက်သွားပြီး တိုင်းပြည်အား မနည်း ထိန်းချုပ်ထားရသည့် အခြေအနေ ဆိုက်လာခဲ့သည်။

 

ဤသည်ကို ကြည့်က တခါက တိုက်တိုင်းအောင် ဟု သမိုင်းတွင်ခဲ့သည့် မြန်မာ တပ်မတော်ကို ၎င်းကိုယ်တိုင် ဖျက်ဆီးခဲ့သည် ကို တွေ့နိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!