ယနေ့ မတ်လ ၅ ရက် နေ့သည် အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ် အမ်းဟတ်စ်မှ မြန်မာ အင်ပိုင်ယာ ကြီး အား စစ်ကြေညာ ခဲ့သည့် နှစ်ပေါင်း ၂၀၀ တင်းတင်း ပြည့်ခဲ့သည့် နေ့လည်း ဖြစ်သည်။ ထိုသို့ စစ်ကြေညာခဲ့ခြင်း ကြောင့် ဖြစ်ပွားလာသော စစ်ပွဲကြီးသည် မြန်မာတို့၏ ရွှေရောင်လွှမ်းခဲ့သော ခေတ်ကြီး အဆုံးသတ် သွားခဲ့ရပေတော့သည်။ ယင်းနှင့် အတူ လက်ရှိ နှစ် ၂၀၀ ကျော်ကြာလာသည့် နာကြည်း ဖွယ်ရာ အဖြစ်အပျက်များ ပြည့်နှက် ပြွန်းတီး လျက် အဖြစ်ဆိုးများ စတင်ခဲ့သည့် ရေသောက်မြစ် ကြီး အစပျိုးခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် မြန်မာသည် အားနည်း ချိနဲ့ နေပြီး ဘူမိနိုင်ငံရေးတွင်လည်း အထီးကျန် ဖြစ်နေသော်လည်း ထိုအချိန်က အရှေ့တောင်အာရှ တခွင် လွှမ်းမိုး နိုင်စွမ်း ရှိသည့် အင်အားကြီး နိုင်ငံတခု ဖြစ်ခဲ့သည်။ ရွှေဘိုနယ် မူးမြစ်ဝှမ်း ဒေသ အတွင်းရှိ ရွာသူကြီး ဘဝမှ အင်းဝ မြို့တော် ကို သိမ်းပိုက်၍ ကုန်းဘောင်မင်းဆက် ကို ထူထောင်လာနိုင်ခဲ့သည့် ဦးအောင်ဇေယျ အရှိန်အဝါ နှင့် တန်ခိုး အာဏာသည် ရုတ်ခြည်း ကြီးထွားလာခဲ့သည်။
ဦးအောင်ဇေယျ ခေါ် အလောင်းဘုရားသည် တရုတ် ပြည် ကွင် မင်းဆက် ကာလ လေးကြိမ် တိုင် ကျုးကျော်လာမှု များကို အောင်မြင်စွာ ခုခံ နိုင်ခဲ့သည်မက ကမ္ဘာရန် ဖြစ်သည့် ယိုဒယား နှင့် စစ်ပွဲ များ အကြိမ်ကြိမ် ဆင်နွှဲလာခဲ့သည်။
၁၉ ရာစု ဘိုးတော်ဘုရား လက်ထက်တွင် ရခိုင် မျိုးချစ်တို့၏ ပုန်ကန်မှု ကို နှိမ်နှင်းရင်း အိန္ဒိယ ဖက်ရှိ မဏိပူရ နှင့် အာသံ နယ်များကို ဦးလှည့်လာခဲ့သည်။ ဤသို့ဖြင့် အိန္ဒိယ တိုက်ကြီး အား တစထက် တစ ဝါးမြိုလာရင်းက ဘင်္ဂလားနယ် သို့ ရောက်ရှိလာပြီ ဖြစ်သော ဗြိတိသျှ တို့ နှင့် ထိပ်တိုက်တွေ့လာခဲ့သည်။ ဤသို့ဖြင့် ၁၈၂၃ တွင် နယ်နမိတ် အတိအကျ သတ်မှတ်ထားနိုင်ခြင်း မရှိသေးသည့် နယ်စပ်တလျောက်တွင် ဗြိတိသျှ တပ်များ နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်လာခဲ့သည်။
လော့ဒ် အမ်းဟတ်စ် ၏ စစ်ကြေညာ ပြီး နောက်တွင် အင်အား ၁၀,၀၀၀ ခန့်ရှိ မြန်မာ တပ်များသည် ကောက်ဘဇား အား ခုခံနေကြသော တပ်များကို နှိမ်နှင်း နိုင်ခဲ့၍ ကာလကတ္တား ထိ ချီတက် တိုက်ခိုက်ရန် ပင် စီမံ လာခဲ့သည်။ သို့သော် တပ်များကို အလွန်အကျွံ ဆန့်ထုတ်သလို ဖြစ်မည် စိုး၍ ချီတက်တိုက်ခိုက်မည့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ခြင်း ဖြင့် ကြီးလေးသော အမှားကို ကျုးလွန်လိုက်သည်။
ထိုသို့ ဖျက်သိမ်းလိုက်သည့် အတွက် ဗြိတိသျှ တပ်များ အင်အား ပြန်လည် စုရုံးနိုင်ခွင့် ရလာပြီး ကပ္ပလီ ကျွန်းစု ရေတပ်စခန်းမှ မြန်မာနိုင်ငံ တောင်ဖက် ကမ်းရိုးတန်း ဒေသများကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ကာ စစ်မျက်နှာ အသစ် ဖွင့်လိုက်ကြသည်။ ရန်ကုန်၊ သံလျှင်၊ ပုသိမ်၊ ထားဝယ် ဆိပ်ကမ်းမြို့ကြီး များကို အလွယ်တကူ သိမ်းပိုက်တပ်စွဲ နိုင်ခဲ့ကြသည်။ ထို့အတွက် ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလ သည် ရခိုင် ရိုးမ ကို ဖြတ်ကျော်၍ ပြန်ဆုတ်လာပြီး ရန်ကုန် တွင် ဗြိတိသျှ တပ်များအား ခုခံ တိုက်ခိုက်ရင်း အင်အားခြင်း မမျှ သဖြင့် ဓနုဖြူသို့ ဆုတ်ခွာ ခုခံရင်း ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလ ကျဆုံးသွားခဲ့ရသည်။
မြန်မာ တို့သည် ဗြိတိသျှ တပ်များကို နှစ် နှစ်နီးပါး ခုခံ တိုက်ခိုက်ခဲ့ကြရာတွင် ဗြိတိသျှ တပ်သား ၁၅,၀၀၀ ခန့် ကျဆုံးခဲ့ပြီး အိန္ဒိယ စီးပွားရေးသည်လည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရသည်။ နောက်ဆုံးတွင် ဆက်လက် ခုခံ နိုင်စွမ်း မရှိတော့၍ စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုကာ စစ်လျှော်ကြေး မြန်မာ ကျပ်ငွေ တကုဋေ ပေးခဲ့ရသည်။
အလိုရမက်ကြီးလှသော ဗြိတိသျှ ကိုလိုနီ သမား များသည် ၁၈၅၂ နှင့် ၁၈၈၅ တွင် ရေတို စစ်ပွဲ နှစ်ကြိမ် ဆင်နွှဲကာ မြန်မာ တနိုင်ငံလုံး ကို သိမ်းပိုက်လိုက်ကြသည်။
ဤသို့ဖြင့် ဗြိတိသျှ လက်အောက်ခံ ဘဝတွင် မြန်မာ့ လူ့အစည်းအရုံးကြီးလည်း ဗြောင်းဆန်လာခဲ့ရသည်။ အိန္ဒိယ တိုက်သားများ နှင့် ဗြိတိသျှ တို့သည် အုပ်ချုပ်ရေး အား ခရိုင်အဆင့် အထိ ၎င်းတို့ဖာသာ အုပ်ချုပ်ခဲ့ကြပြီး မြန်မာ တို့အား နေရာမပေး ဖယ်ထုတ်ပစ်ခဲ့ကြသည်။ မြေပိုင်ရှင်ကြီးများသည် အိန္ဒိယ မှ လယ်ကူလီများကို အလုံအရင်း နှင့် တင်သွင်းလာပြီး မြေဩဇာ အဆီအနှစ် ပြည့်ဝလှသော မြန်မာ မြေကို ဝါးမျို စားသောက်ကြတော့သည်။ ဤသို့ဖြင့် မြန်မာ လယ်ယာကို ဓါးမ ဦးချ လုပ်ကိုင်လာကြသော တောင်သူလယ်သမား များ အလုပ်လက်မဲ့ ဖြစ်လာခဲ့သည်။
ဗြိတိသျှ သာသနာ ပြု အဖွဲ့များလည်း တောင်တန်းဒေသ များ သို့ ခရစ်ယာန် ဘာသာ သွတ်သွင်း ဖြန့်ဖြူးလာကြသဖြင့် နှစ်ပေါင်း ထောင်ချီ ရှိလာခဲ့သည့် ထေရဝါဒ ဗုဒ္ဓဘာသာ သည် အားပျော့သွားခဲ့ရသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာတို့၏ ဗြိတိသျှ တို့အပေါ် နှစ်ပေါင်းများစွာ သိုသိပ်နေရသည့် မကျေနပ်မှု များကို ဂျပန် တို့က ကောင်းစွာ အသုံးချ နိုင်ခဲ့ကြသည်။ မြန်မာ တို့အား ရွှေရည်စိမ် လွတ်လပ်ရေး ပေးကာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ မျိုးချစ် တော်လှန်ရေးသမားများ ဖြင့် ရုပ်သေး အစိုးရကို ဖွဲ့စည်း ကာ ဗြိတိသျှ တို့ကဲ့သို့ပင် မြန်မာတို့အား ကျွန်ပြုရန် အတိအလင်း ပြုလုပ်လာကြသည်။
နောက်ပိုင်းတွင် ဗြိတိသျှ တို့ထက်ပင် အဆမတန် ကြမ်းတမ်း ရိုင်းစိုင်းစွာ ဖိနှိပ်လာမှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် မျိုးချစ်ဗမာ များသည် ပြောင်းလဲလာသော ကမ္ဘာ အခြေအနေများ ကို တွက်ဆကာ လိမ္မာ ပါးနပ်စွာ ဖြင့် ဘက်ပြောင်းပြီး ဗြိတိသျှ တို့ဖက်မှ ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။ လူထု၏ ထောက်ခံမှု အခိုင်အမာ ရထားပြီး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအား ဗြိတိသျှ တို့သည် စစ်ကြီး အပြီး တွင် မထိရဲ မတို့ရဲ ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တနိုင်ငံလုံးကို စည်းရုံး နေမှုသည် အလားအလာ ကောင်းများ ထွက်ပေါ်လာသဖြင့် ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် တောင်တန်းဒေသရှိ တိုင်းရင်းသား များ အပါအဝင် ဒီမိုကရေစီ ပြည်ထောင်စုကြီး အား စည်းလုံးညီညွတ်စွာ ထူထောင်ကြမည် ဆိုသော ပင်လုံ သဘောတူညီချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်း ငါးလ အကြာတွင် ဗိုလ်ချုပ်သည် လုပ်ကြံခံခဲ့ရသဖြင့် တိုင်းပြည်သည် ကစင့်ကလျား ဖြစ်သွားခဲ့ရသည်။
လွတ်လပ်ရေး ရပြီး တနှစ် အတွင်း မှာပင် ဒုတိယ ကမ္ဘာစစ် အတွင်း မဟာမိတ်တပ်များ လေ့ကျင့်လက်နက် တပ်ဆင်ပေးခဲ့သော တိုင်းရင်းသား လူမျိုးစု များ၏ ဆန့်ကျင် ပုန်ကန်မှု ကြီး နှင့် ရင်ဆိုင်လာခဲ့ရသည်။ ထိုပဋိပက္ခများသည် ယခုထိလည်း ပြီးဆုံးသွားခဲ့ခြင်း မရှိပေ။
အခြေအနေ များ အား ထပ်မံ ဆိုးဝါးလာခဲ့သည်က မော်စီတုံး ဦးဆောင်သည့် ပြည့်သူ လွတ်မြောက်ရေး တပ်များ အား အရေးနိမ့်သွားသော ချန်ကေရှိတ်၏ တရုတ်အမျိုးသားရေး တပ်များ ဖြစ်သည့် ကူမင်တန် တရုတ် ဖြူများသည် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများသို့ ကျုးကျော် ဝင်ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် တောင်တန်းဒေသများ တွင် ဘိန်းကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးများ နှင့် လက်နက်များ ဖောခြင်း သောခြင်း ဖြစ်လာခဲ့ရသည်။
၁၉၆၂ တွင် စစ်တပ်မှ အာဏာသိမ်းယူလိုက်ပြီး မြန်မာ နိုင်ငံရေး အား လွှမ်းမိုး ချုပ်ကိုင်လာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ ခုခံတွန်းလှန်နေမှုသည် ၂၀၂၁ စစ်တပ် အာဏာသိမ်း မှု ကြောင့် ဖြစ်ပွားလာသော တော်လှန်တိုက်ခိုက်မှုများ နှင့် တသွေးတည်း တသားတည်း ဖြစ်လာကာ ပြည်တွင်း စစ်ကြီး ဖြစ်ပွားလာခဲ့တော့သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
အဆိုပါ ဆောင်းပါးသည် GZERO ဝက်ဆိုက်တွင် အမှတ်တရ ပါရှိလာခဲ့သည့် Myanmar’s 200 years of Troubles ကို ဆရာဗန်းမော်တင်အောင် ၏ မြန်မာနိုင်ငံတော် သမိုင်း စာအုပ် မှ အချက်အလက်များ ဖြည့်စွက်၍ ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။