“နိုင်ငံ ပြိုကွဲမည်” ဟူသော အပြောကို ချေဖျက်နိုင်မည့်နည်း

by Hla Soewai - Mar 12 2024

ယမန့်နေ့က ထွက်ပေါ်လာသော သတင်းများ အရ ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့ မှ ၎င်းတို့ သိမ်းပိုက်ရရှိထားသော မြို့ သုံးမြို့တွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး အား ကြေညာ လာသည့် ကိစ္စအပေါ် ရရှိထားသော အပစ်အခတ် ရပ်စဲရေး အား အန္တရာယ် ရှိအောင် ဖျက်လို ဖျက်စီး လုပ်မှု အဖြစ် သတိပေးလိုက်ပြီ ဆိုခြင်း၊ ပုဏ္ဍားကျွန်း အား အပြီးအပိုင် သိမ်းပိုက် နိုင်မှု တွင် စစ်ကောင်စီ တပ်မှ သေဆုံးသွားသူများ ထဲတွင် ဗိုလ်မှုးကြီး အဆင့် ရှိသူ နှစ်ဦး၊ ဗိုလ်မှုး တဦး တို့ ပါဝင်နေသည် ဆိုခြင်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်မည့် ပါတီ များအနေဖြင့် ယခင် အဖွဲ့ဝင် တသိန်း မှ ယခုအခါ ငါးသောင်းအထိ လျော့ချလိုက်ပြီ အစရှိသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုသို့ တရွေ့ရွေ့ နှင့် တိုးတက်လာနေသော အခြေအနေများ အား နိုင်ငံတကာ သည် အမှန်အတိုင်း ကောင်းစွာ သုံးသပ် ဆင်ခြင် နိုင်ခြင်း မရှိပဲ နိုင်ငံပြိုကွဲသွားမည်၊ လူများ အစုလိုက် အပြုံလိုက် အိမ်နီးချင်း နိုင်ငံများသို့ ခိုလှုံလာကြမည် ဟူသော အယူ အဆ အား ဆုပ်ကိုင်ထားမှုကို ချက်နိုင်ငံ ရှိ မြန်မာ အရေး ထဲထဲဝင်ဝင် သိသူ အီဂေါ ဗလာဆီဗစ်က ဧရာဝတီ တွင် အချက် အလက် နှင့် တကွ ထောက်ပြသွားခဲ့သည်။

 

ယခုအချိန်ထိ အာဆီယံ အဖွဲ့သည် သံတမန်‌ရေး နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ဟု အသံကောင်း လွှင့်နေသော်လည်း လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် နည်းလမ်း မှန်သမျှ ကို ရှောင်ရှားနေဆဲ ဖြစ်သည်သာမက အာဏာသိမ်း အဖွဲ့ကို မည်သို့မျှပင် ဖိအားပေးခဲ့ခြင်း မျိုး မရှိပေ။ ၎င်းတို့ ၏ မည်သို့မျှ သုံးစား၍ မရသော အချက် ငါးချက် နောက်ကွယ်တွင် သက်တောင့်သက်သာ ပင် အကာအကွယ် ယူ၍ ပုန်းကွယ်နေကြသည်။ ထိုအထဲမှ ဟွန်ဆန်၏ ငြိမ်းချမ်းရေး အဆင်ပြေ ချော့မွေ့အောင် ဆောင်ရွက်ပေးမည် ဆိုခြင်း၊ အင်ဒိုနီရှား၏ စိတ်ရှည်လက်ရှည် နှင့် ကန့်လန့်ကာ နောက်ကွယ်မှ သက်ဆိုင်သူများနှင့် အကြိမ် ၃၀၀ ကျော် ဆွေးနွေးခဲ့ခြင်း၊ နောက်ဆုံး အဖြစ် ထိုင်း၏ လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးမည့် စင်္ကြန်လမ်းမကြီး အစရှိသည် တို့ လုပ်လာခဲ့ကြသည်။

 

အိမ်နီးခြင်း နိုင်ငံများ အားလုံးကလည်း လူတိုင်းလိုပင် စစ်ကောင်စီကို ကြိုက်ကြသည် မဟုတ်။ ခေါင်းမာပြီး အရည်အချင်း မရှိမှု၊ လူထု ထောက်ခံမှု မရှိမှု၊ နိုင်ငံတွင်း သရဲမရဲ စီးကား စီးပွားရှာနေမှု များ အားလုံး ကို မမြင်ချင်မှ အဆုံး ဖြစ်နေသည်။ အာဏာသိမ်းပြီး နောက်တွင် ၎င်းတို့ မည်မျှပင် မကြိုက်သော်လည်း စစ်တပ်သည် ဆန့်ကျင် ကန့်ကွက်မှုများ၊ တော်လှန်တိုက်ခိုက်နေမှုများ ကို အနှေး နှင့် အမြန် ဆိုသလို နှိမ်နှင်း နိုင်ပြီး အခိုင်အမာ အုပ်ချုပ်သွားနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသည်။

 

ယခု ထိုသို့ ဖြစ်မလာဟု သိရှိလာသည့် အခါတွင်တော့ တခုခု လုပ်ရတော့မည်ဆိုက ယာယီ အပစ်ရပ်ရေး ပြီး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရာမှ စပြီး အားလုံး ပါဝင်မည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့် သွားနိုင်သည်ဟု ပြောင်း၍ တွက်ဆလာကြသည်။ 

 

ဤသည်ကို ကြည့်မည်ဆိုက အာဏာသိမ်း အဖွဲ့အား နိုင်ငံရေး တွင် ဆက်၍ လွှမ်းမိုး ထိန်းချုပ်ထားနိုင်စေရေး၊ ၎င်းတို့ ကျုးလွန်ခဲ့သည့် အပြစ်များ မှ ကင်းလွတ်ရေး၊ စီးပွားရေးကို ဆက်၍ လက်ဝါးကြီး အုပ်ထားနိုင်ရေး တို့ အတွက် အကူအညီ ပေးနေကြခြင်းသာ ဖြစ်သည် မဟုတ်ပါလော။

 

လက်ရှိ မြန်မာ ပြည်သူတို့ ၏ တရားမျှတစွာ ရုန်းကန် တိုက်ပွဲ ဝင်နေမှု များကို အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာ မှ ထိုကဲ့သို့ ပုံစံ မျိုး နှင့် ဝင်ရောက်စွက်ဖက်လာခြင်း ကို တန်ပြန် နိုင်မည့် နည်းလမ်း တခုတည်းသာ ရှိပေသည်။

 

ယင်းသည်က အခြေအနေ အားလုံးကို ဆက်စပ်လွှမ်းခြုံနိုင်မည့် မဟာဗျူဟာ တခု ချမှတ်ဖို့ လိုအပ်လာသည်။

 

- စစ်ကောင်စီ တပ်များ အား စစ်ရေး အရ ဆက်၍ ဖိအား ပေးပြီး အနည်း နှင့် အများ ဆိုသလို အောင်ပွဲ များ ရရှိအောင် ပြုလုပ်ထားရမည်။ ယင်းနှင့်အတူ စိတ်ဓါတ်ရေးရာ နှင့် သတင်း အချက်အလက်များ ဖြင့် စစ်တပ် အတွင်း အောက်ခြေ မှစ၍ သူ့အလိုလို ပေါက်ကွဲ ထွက်လာအောင် အဆက်မပြတ် ပြုလုပ်သွားရမည်။

 

- တော်လှန်ရေး အင်အားစု အတွင်း နိုင်ငံရေး နှင့် စစ်ရေး တာဝန်ရှိသူများ အနေဖြင့် သတင်း မီဒီယာ များ၏ စိတ်ဝင်စားမှု နှင့် နိုင်ငံတကာ၏ အာရုံစိုက်မှု ရရှိနိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ထွက်အောင် ချက်ခြင်းလက်ငင်း ဆောင်ရွက်သွားရမည်။

 

- အဓိက သော့ချက်သည် လက်ရှိအခြေအနေ ပေါ် မူတည်ပြီး အိမ်နီးချင်း နိုင်ငံများ နှင့် နိုင်ငံတကာ မှ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်လာမည့် လမ်းကြောင်းကို ခွင့်မပေးရန် ဖြစ်သည်။ အပြင်လူများ အနေဖြင့် စစ်ကောင်စီ အား လက်ရှိ နိုင်ငံကို ထိန်းသိမ်းထားနိုင်သည့် အရေးပါသည်ဟု သတ်မှတ်ပြီး မဆီမဆိုင် ယခုအခါ ကျရှုံးသွားပြီ ဖြစ်သည့် အပစ်ရပ်ရေး လက်မှတ်ထိုးထားသူများအား ဆွဲသွင်းမလာရေးပင် ဖြစ်သည်။

 

- တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံ တို့မှ စစ်ကောင်စီ အား ပြန်၍ အသက်သွင်း ပေးမည့် လုပ်ရပ်များကို ကန့်ကွက်ရန် အရပ်ဖက် အဖွဲ့အစည်း များ မှ ဆက်၍ တညီတညွတ်တည်း ကန့်ကွက်သွားရေး၊ ထိုသို့ ကန့်ကွက်သွားရာတွင် ထိုသို့ အလွဲလွဲ အချော်ချော် အယူအဆများ နှင့် လုပ်လာနေမှု သည် စစ်ကောင်စီမှ တနိုင်ငံလုံးကို အကြောက်တရား လွှမ်းမိုးလာအောင် ဖိနှိပ်နေမှု များကို အားပေးရာ ရောက်နေသည့် အဖြစ်ကို ပေါ်လွင်အောင် မီးမောင်းထိုးပြသွားရမည် ဖြစ်သည်။

 

၎င်းတို့၏ လုပ်ရပ်များသည် စစ်ကောင်စီ မှ လူငယ်လူရွယ်များ အား လူသားဒိုင်း အဖြစ် ဖန်တီး၍ မြို့ရွာများကို ဆက်၍ မြေတွင် ပြားပြား ဝပ်သွားအောင် ရုရှား နှင့် တရုတ်တို့မှ ထောက်ပံ့ထားသော လေယာဉ်များ ဖြင့် ဗုံးကြဲတိုက်ခိုက် နိုင်အောင် အချိန် နှင့် မက်လုံးပေးထားခြင်းမျိုး ဖြစ်သည်။

 

ယခုအခါ စစ်ကောင်စီ သည် ယခင် ၎င်းတို့၏ “သန့်စင်ရေး” ဆိုသည်ကို မြို့ရွာများဖက် ဦးလှည့်လာခြင်း သည် အိမ်နီးချင်း နိုင်ငံများ အဖို့ ခြံစည်းရိုး ကာယုံဖြင့် မလုံလောက်သည့် ကြီးမားစွာ အန္တရာယ်ပေးလာနိုင်သည့် အကြောင်းရင်းပင် ဖြစ်သည်။

 

ထိုသို့ အိမ်နီးချင်း များ နှင့် အာဆီယံ နိုင်ငံများ မှ သေအံမူးမူး ဖြစ်နေသော အာဏာသိမ်း အဖွဲ့အား အသက်ကယ် ဘောကွင်း လှမ်းပစ်ပေးနေခြင်းသည်သာ နိုင်ငံ အမှန်တကယ် ပြိုကွဲ ပျက်စီး သွားအောင် ပြုလုပ်ပေးနေခြင်း သာ ဖြစ်သည်။

 

နိုင်ငံ၏ အိမ်နီးချင်း များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး ကိုသာ လိုလားနေကြသော်လည်း ၎င်းတို့၏ မှားယွင်းနေသော နိုင်ငံခြားရေး ပေါ်လစီများ ဖြင့် တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း ကို တကယ်တမ်း ဖန်တီးပေးနေကြခြင်း ဆိုသည့် ဝိရောဓိ တရားများ ပင် ဖြစ်သည်။

 

လက်ရှိ ပြည်သူတို့၏ တော်လှန်‌ရေး တွင် စစ်တပ်ကို အရေးနိမ့်အောင် ပြုလုပ် နိုင်ရေးသာမက ၎င်းတို့အား အသက်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်စွက်ဖက်လာမည့် အရေး ကို ဟန့်တားရန် ဆိုသည့် စိန်ခေါ်မှု ကြီး နှစ်ခု နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!