စစ်အေးတိုက်ပွဲ ကြီး ပြီးဆုံးသွားမှု နှင့် အတူ ဒေသတွင်း တွင် အမေရိကန်သည် တခုတည်း ကျန်ရှိတော့သည့် အင်အားလွန် နိုင်ငံကြီး ဖြစ်လာသည့် အနေအထား သစ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအနေအထားသစ်အား ဆက်ဒမ် ဟူစိန် သည် ၁၉၉၀ ဩဂုတ်လ အတွင်း ကူဝိတ်အား ကျုးကျော် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြင့် စတင် ဖွင့်လှစ်လိုက်သည်။
ယင်းအား အမေရိကန် သမ္မတ ဂျော့ခ်ျ အပါအဝင် တကမ္ဘာလုံးက အီရတ်၏ လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြသည်။ ကူဝိတ် ရှိ ရေနံ အရင်းအမြစ်များ အားလုံး အီရတ် လက်ထဲ ရောက်သွားမည့် အရေး နှင့် နိုင်ငံတနိုင် ငံ သည် အင်အားသုံးနိုင်ပါက ၎င်းတို့ နယ်နမိတ် ကို တိုးချဲ့၍ ရသည် ဆိုသော အစဉ်အလာမျိုး ဖြစ်လာမည်ကို မလိုလားကြသော ကြောင့် ဖြစ်သည်။
စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များ နှင့် သံတမန်ရေး နည်းလမ်းများ ဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ဆက်ဒမ် ဟူစိန် အား ၎င်း၏ တပ်များ ပြန်ရုပ်သိမ်းရန် ဖျောင်းဖြ ၍ မရ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် အမေရိကန် ဦးဆောင်ပြီး နိုင်ငံ ပေါင်းများစွာ ပါဝင်သော နိုင်ငံစုံ ညွှန်ပေါင်းတပ်ဖွဲ့ကြီး ဖွဲစည်းကာ တပ်အင်အား ၇၅၀,၀၀၀ ဖြင့် စစ်ရေးအရ အရေးယူ ဆောင်ရွက်လာခဲ့သည်။ စစ်ပွဲသည် ခုနှစ်ပတ်ခန့် ကြာမြင့်ပြီးနောက်တွင် အီရတ် တပ်များအား ကူဝိတ်မှ မောင်းထုတ်ပစ်နိုင်ခဲ့သည်။
သို့သော် လည်း ဆက်ဒမ် သည် အာဏာတွင် ဆက်၍ တည်မြဲအောင် ကြံဆောင်နိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အသေအကျေ ရင်ဆိုင် အနိုင်ယူရမည့် ပွဲတပွဲ ဖြစ် မြောက် အောင် ဖန်တီးပေးသလို ဖြစ်လာခဲ့သည်။
၂၀၀၃ ခုနှစ် အတွင်း ဂျော့ခ်ျ ဒဗလျု ဘွတ်ရှ် အစိုးရသည် အဘယ်ကြောင့် အီရတ် ကျုးကျော်စစ်ကို ဆင်နွှဲခဲ့ရသနည်း ဆိုသည် နှင့် ပတ်သက်၍ လေ့လာ သုံးသပ်ချက် များစွာ ထွက်ပေါ်ခဲ့သည်။ ထိုသုံးသပ်ချက်များ ထဲတွင် အီရတ်သည် နျူကလီယား စီမံကိန်းအား လျို့ဝှက်စွာ အကောင်အထည် ဖေါ်နေမှု အပေါ် စိုးရိမ်မကင်း ဖြစ်လာခြင်း၊ အကယ်၍ အီရတ်ကိုသာ ဒီမိုကရေစီ နိုင်ငံ တနိုင်ငံ အဖြစ် ထူထောင်ပေးနိုင်ခဲ့လျှင် ဒေသတွင်းရှိ အခြား နိုင်ငံများလည်း သူ့အလိုလို နောက်က လိုက်လာလိမ့်မည်ဟု ယုံကြည်ခဲ့ခြင်း စသည် တို့လည်း ပါဝင်ခဲ့သည်။
ထိုအချိန်က ကျွန်တော်သည် နိုင်ငံခြားရေး ဝန်ကြီး ဌာန တွင် အထက်တန်း အရာရှိကြီး တဦး အဖြစ် တာဝန် ထမ်းဆောင်နေချိန် ဖြစ်သည်။ အီရတ် အား စစ်ပွဲ ဆင်နွှဲမည့် အရေး အား အကျိုးအကြောင်း နှင့် တကွ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ အမေရိကန် သည် ၎င်း၏ အဓိက အကျိုးစီးပွားများကို ကာကွယ်လိုပါက ယခုထက် ကောင်းသည့် ရွေးချယ်စရာ များစွာ ရှိနေကြောင်း နှင့် အီရတ်လို နိုင်ငံမျိုးအား ဒီမိုကရေစီ အဖြစ် အသွင်ပြောင်းရေး သည် လွန်စွာ မှ ခက်ခဲမည် ဖြစ်သည့်အပြင် အကုန်အကျ လည်း ကြီးမား လိမ့်မည်ဟု အချက်အလက် နှင့် တကွ တင်ပြခဲ့သည်။
အဆုံးတွင် စစ်ပွဲဆင်နွှဲရန် ထောက်ခံသူများ ဖက်က အနိုင်ရသွားခဲ့သည်။ ထွက်ပေါ်လာသည့် ရလဒ်သည်က မည်သည့် ဖက်က ကြည့်ကြည့် မတန်မဆ တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရသည် ကို သက်သေ ပြလာခဲ့သည်။
အီရတ် နိုင်ငံသား သိန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အမေရိကန် စစ်သည် လေးထောင်ကျော် ကျဆုံးသွားခဲ့သည်။
အစိုးရ အဖွဲ့ တဖွဲ့ ကို ဖြုတ်ချခြင်းက ပြဿနာ မရှိလှသော်လည်း ထိုနေရာတွင် ပို၍ ကောင်းလာမည့် အဖွဲ့နှင့် အစားထိုးခြင်းသည် ယခင် နှင့် လုံးဝ ကွဲပြားနေမည် ဖြစ်သဖြင့် ပို၍လည်း ခက်ခဲမည်သာ ဖြစ်သည်။
အီရတ် ကိစ္စကို ကြည့်မည် ဆိုက အစိုးရ ကို ပြောင်းလဲ ပစ်နိုင်ခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး နယ်ပယ်များ တွင် အင်စတီကျူးရှင်းများ လည်ပတ် နိုင်သည့် အထိ တည်ဆောက်ပေးနိုင်ဖို့ ဆိုသည်က ဖြစ်လာနိုင်ခြေ လွန်စွာ မှ နည်းပါး လှပေသည်။
အမေရိကန် ဖက်မှ လူအသေအပျောက်နှုန်း နှင့် ကုန်ကျစရိတ်များ မြင့်တက်လာပြီး တပြိုင်တည်းလိုလို အာဖဂန် နစ္စတန် တွင်လည်း အလားတူ အဖြစ် များ တွေ့လာရ သော လူထု သည် ပေးဆပ်ရသည် နှင့် မည်သို့ သော အကြောင်းနှင့် မျှ မကာမိ ဖြစ်လလာသဖြင့် အမေရိကန် တို့ စစ်ရေးအရ ပတ်သက်လာမှု ကို မနှစ်မြို့ ဖြစ်လာကြပြီး နောက်ပိုင်း ကမ္ဘာအရေးအခင်းများတွင် တက်တက်ကြွကြွ လှုပ်ရှားလာမည့် အရေးကိုပါ ကန့်ကွက် ပြောဆိုလာကြတော့သည်။
ကံကြမ္မာ ၏ စေစားချက် က ဆန်းကြယ်လှသည်ဟု ဆိုရမည် ဖြစ်သည်၊ အမေရိကန် တို့ အကုန်အကျ များစွာ ခံ၍ ဆင်နွှဲခဲ့သော စစ်ပွဲ ကြောင့် အမြတ်ထွက်သွားသည်က အီရန်ပင် ဖြစ်သည်။ အီရန်၏ မဟာရန်သူ တော်ကြီး ဖြစ်သော အီရတ်သည် အင်အား ချိနဲ့လာနေပြီး ပြည်တွင်း တွင်လည်း မညီမညွတ် နှင့် အကွဲကွဲ အပြားပြား ဖြစ်လာနေသည်။ ခိုင်မာသော ဗဟိုအစိုးရ အုပ်ချုပ်ရေး လစ်ဟင်းလာမှု နှင့်အတူ ကပ်ဒ်များ၊ ဆွန်နီ များ နှင့် ရှီးယိုက်များ အကြား ပြည်တွင်း စစ်ကြီး ဖြစ်ပွားလာခဲ့ပြန်သည်။ အဓိက အားဖြင့် ဆက်ဒမ် အလွန် နိုင်ငံ ၏ အုပ်ချုပ် ရေး အာဏာ ကို မည်သို့ မည်ပုံ ခွဲဝေ ယူကြမည် ဆိုသည်အပေါ် ညိနှိုင်း ၍ မရအောင် ဖြစ်လာကြသောကြောင့်ပင် ဖြစ်သည်။