ထိုင်း ပါလီမန် အတွင်း NUG နှင့် ဆွေး နွေးမှု သည် ဘန်ကောက်၏ ရပ်တည်ချက် ပြောင်းလဲလာခြင်း ဖြစ်

by Hla Soewai - Mar 12 2024

ထိုင်း ပါလီမန် မှ အမျိုးသား ညီညွတ်ရေး အစိုးရ အား ဖိတ်ကြား ‌ဆွေးနွေးမှုသည် မြန်မာ နိုင်ငံရေး အကျပ်အတည်း အပေါ် ထိုင်း၏ မူလ ရပ်တည်ချက်မှ ပြောင်းလဲလာခြင်း ဟု လေ့လာသူများက သုံးသပ်လျက် ရှိသည်။

 

အဆိုပါ ဆွေးနွေးပွဲအား ထိုင်း အတိုက်အခံ ပါတီ ကြီး ဖြစ်သော ရှေ့သို့ချီ မှ ကမကထ ပြု ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ အကြား လုံခြုံရေး နှင့် ဒီမိုကရေစီ အရေးများ ‌‌အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

ထို့ပြင် ရှေ့မတိုး နောက်မဆုပ် ဖြစ်နေသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးရေး ကိစ္စများကိုလည်း ‌‌ဆွေးနွေးခဲ့ကြသည်။

 

မိန့်ခွန်း ပြောဆိုသူများထဲတွင် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၊ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး တာဝန်ခံ တွန် အင်ဒရူး၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့ ပါဝင်သည်။

 

ထို့ပြင် မြန်မာပြည်တွင်းရှိ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်များ၊ အရပ်ဖက် အဖွဲ့အစည်းများ နှင့် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

 

အမျိုးသား လုံခြုံရေးရာများ နှင့် ပတ်သက်၍ ထိုင်း အစိုးရ အား အကြံပေးနေသူ ကဆက်ဆတ် တက္ကသိုလ်မှ ဒေါက်တာ လာလီတာ ဟန်ဝေါင် မှ ထိုကဲ့သို့ ဆွေးနွေးပွဲမျိုး ပရာရွတ် အစိုးရ လက်ထက်ဆိုက မည်သို့မျှ ဖြစ်လာနိုင်စရာ မရှိဟု မှတ်ချက်ချခဲ့သည်။ ထိုင်း အစိုးရသည် နိုင်ငံ ပြိုကွဲသွားခြင်း အပါအဝင် ဖြစ်လာနိုင်သည်များ အတွက် ပြင်ဆင်ကောင်း ပြင်ဆင်ထားနိုင်ရန် စီစဉ်နေပုံရသည်ကို ယခုလို ဆွေးနွေးပွဲ ခေါ်ယူခြင်းက ပြဆိုနေသည်ဟု ဆိုသည်။

 

ထို့ပြင် လူနည်းစု တိုင်းရင်းသားများ နှင့် ထိုင်းအစိုးရ ဆက်ဆံရေး ကို သုံးသပ်နိုင်ရန် လွန်စွာ အရေးပါသော ‌‌ဆွေးနွေးပွဲလည်း ဖြစ်သည်ဟု ပြောခဲ့ပြန်သည်။

 

မတ်လ ၂-၃ တွင် ပြုလုပ်သော ‌အဆိုပါ ဆွေး‌နွေးပွဲ ကြောင့် မြန်မာ စစ်ကောင်စီ သည် ‌ဒေါသ အမျက် ချောင်းချောင်းထွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ညိုးနွမ်းစေသည့် လုပ်ရပ် ဖြစ်သည်ဆိုကာ ကန့်ကွက်စာ ပေးပို့ခဲ့သည်။

 

ယင်းနောက် အဓိက ကျသည့် မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသည် အကြောင်းတစုံတရာ မပြပဲ ပြောကြားမည့် အစီအစဉ်ကို အချိန်ကပ်၍ ဖျက်သိမ်းသွားခဲ့သည်။

 

ထိုင်း အစိုးရ သစ်သည် မြန်မာ အရေး အပေါ် ကြိုတင် ပြင်ဆင်ရန် ရှိသည်များကို ရှေ့နောက် ညီညွတ်စွာ ချည်းကပ်လာခဲ့သည်။ ပထမဆုံး အဖြစ် စစ်ဘေးရှောင် ဒုက္ခသည်များအား အကူအညီ ပေးနိုင်မည့် စင်္ကြန် လမ်းမကြီး တခု မတ်လ အတွင်း ဖွင့်လှစ် သွားနိုင်ရန် ဦးဆောင်ဦးရွက် ပြုလာခဲ့သည်။

 

ယင်းအား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက တညီတညွတ် တည်း ထောက်ခံခဲ့ကြပြီး အ‌မေရိကန်ကလည်း အားပေးလာခဲ့သည်။

 

သို့သော် အကူအညီ ပေးရေး စင်္ကြန် လမ်းမကြီးနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ နှင့် အကူအညီ ပေးရေး အဖွဲ့များ၏ ဝေဖန်မှုများ နှင့် ရင်ဆိုင်လာခဲ့ရသည်။ လုပ်ငန်း အတိုင်းအတာ အရ ကန့်သတ်မှု များ ရှိနေပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့် ဆက်စပ် ထိတွေ့မှု မရှိ၍ ထိရောက်မှု ရှိမည် မဟုတ်ဟု ထောက်ပြခဲ့ကြသည်။

 

NUG မှ မိမိတို့ အနေဖြင့် အကူအညီပေးသည်ကို ကန့်ကွက်မည် မဟုတ်သော်လည်း နှီးနှောဖလှယ်ပွဲ မတိုင်မီ အစီအစဉ်များ ရေးဆွဲထား ကြောင်း ဧရာဝတီသို့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပြခဲ့သည်။

 

ထိုင်းဖက်မှ NUG တင်ပြသော အဆိုပြုချက် ကို လက်ခံခြင်း ရှိမရှိ ဆိုသည်က မသိရသေးပေ။

 

ကြာသပတေးနေ့တွင် အမေရိကန် အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီရယ် ခရစ်တင်ဘရင့်မှ ဒေသတွင်း လုံခြုံရေး နှင့် စည်ပင်ဝပြောရေး အတွက် အမေရိကန်သည် ထိုင်း နှင့် အနီးကပ် လုပ်ကိုင်သွားလိုကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

 

ထိုင်း အစိုးရသည် စစ်ကောင်စီဟု အမည်ပေးထားသည့် မြန်မာ အာဏာသိမ်း အဖွဲ့ နှင့် ခိုင်မာသော ဆက်ဆံရေး မျိုး တည်ဆောက်ထားပြီး ဖြစ်သည်။

 

သို့သော် ထိုင်းပါလီမန် တွင် ပြုလုပ်သော နှီးနှောဖလှယ် ပွဲသည် ထိုင်း၏ ရပ်တည်ချက် ပြောင်းလာသည့် သဘော ဖြစ်သည်ဟု နိုင်ငံရေး သုံးသပ်သူ မြန်မာ စစ်အရာရှိ ဟောင်းတဦးက ‌ဆိုသည်။

 

"စစ်ကောင်စီ က အခု လက်ရှိ စစ်မြေပြင်မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတာ ကို မငြင်းနိုင်အောင် ထင်ရှားနေတယ်၊ သူတို့ အပေါ် ယုံကြည်မှု ကလည်း ကျဆင်း လာ‌နေပြီ ဆိုတော့ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားနေသူတွေကို ဖိတ်လာတဲ့ သဘောပဲ' ဟု ပြောခဲ့သည်။

 

အဆိုပါ နှီးနှောဖလှယ်ပွဲကို စီစဉ်ခဲ့သူ ထိုင်း အောက်လွှတ်တော် ဥက္ကဌ ရမ်စီမန် ရုမ်း ယင်း သည် မြန်မာ အရေးအား ငြိမ်းချမ်းပြီး တည်တံ့ ခိုင်မြဲမည့် အဖြေ ထွက်ပေါ်လာရေး လမ်းခင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့သည်။

 

နှီးနှောဖလှယ်ပွဲ အပြီးတွင် ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျရိုနတ် မှ "X" တွင် ထိုင်း ပါလီမန်သည် မြန်မာ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်သွားမည်ဟု ရေးသားခဲ့သည်။

 

"ငြိမ်းချမ်းပြီး ဒီမိုကရေစီ ဖြစ်ထွန်းလာမည့် မြန်မာသည် ထိုင်း၏ အကျိုးစီးပွားနှင့် သဟဇာတ ဖြစ်နေ၍ မြန်မာနှင့် ပတ်သက်၍ ထိုင်း၏ ပေါ်လစီ များကို မိမိတို့၏ ဥပဒေပြု အဖွဲ့အစည်းများမှ တဆင့် ကြပ်မတ် ဆောင်ရွက် ထောက်ခံသွားမည်" ဟု လည်း ပါရှိခဲ့သည်။ 

 

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် စစ်တပ်၏ အပြစ်မဲ့ ပြည်သူများ အပေါ် လေကြောင်း မှ တိုက်ခိုက်နေသည့် အတွက် ဆိုးဝါးလာသော အခြေအနေများ ကြောင့် ဒေါ်လာ ၃၇ သန်း အား ယူနီဆက်၊ ကြက်‌ ခြေနီ ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အင်ဂျီအို များ ထံ လှုဒန်းကြောင်း ပါရှိသည်။

 

ဂျပန်သည် အာဏာသိမ်းပြီးစဉ်ကစ၍ လူသားချင်း စာနာ ထောက်ထားသော အကူအညီ စုစုပေါင်း ဒေါ်လာ ၁၀၉.၅ သန်း အား အလားတူ ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - Banar News/Asianews/ MOFA (Japan)