နိုင်ငံတကာ ရေးရာ မိတ်ဆက်(46)

by Hla Soewai - Mar 12 2024

အီရန် - အီရတ်

 

အထက်ပါ နှစ်နိုင်ငံ ၏ အရေးပါမှု ကို ချန်လှပ်ထားမည် ဆိုက ခေတ်သစ် အရှေ့အလယ်ပိုင်း၏ သမိုင်းသည် မည်သို့မျှ ပြီးပြည့်စုံမှု ရှိလိမ့်မည် မဟုတ်ပေ။

 

ဒေသတွင်း ရှိ အခြားနိုင်ငံများ နှင့် တမူကွဲပြားနေသည်က အီရန်ပင် ဖြစ်သည်။ အီရန်သည် အာရပ် နိုင်ငံ မဟုတ်သည်သာမက အာရပ်တို့ ကိုးကွယ်သည့် အစ္စလမ်မှ ခွဲဖြာထွက်လာသော ဆွန်နီ အယူဝါဒ အားလည်း လက်ခံယုံကြည် ထားခြင်း မရှိပေ။

 

အီရန် သည် ယခင်က ပါရှားနိုင်ငံ အဖြစ် ထင်ရှားခဲ့ပြီး ရှီးယိုက် အစ္စလမ် ဘာသာကို ကိုးကွယ်ကြသည်။ ရှီးယိုက်များသည် တမန်တော် မိုဟာမက် အား ဆက်ခံသင့်သူ နှင့် ပတ်သက်ပြီး အငြင်းပွားမှု ကြောင့် ခွဲထွက်လာသူများ ဖြစ်သည်။ အချိန်ကြာလာသည် နှင့် အမျှ အစဉ်အလာ နှင့် ကျင့်ထုံးများပါ ကွဲပြားလာခဲ့သည်။

 

အီရန်သည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး နှစ်ပေါင်း သုံးဆယ် ကျော် မျှ ဘာသာရေး နှင့် မရောယှက်သော အုပ်ချုပ်ရေး ပုံစံ ဖြင့် သိသိသာသာ တည်ငြိမ် မှု ရှိခဲ့သည်၊ အနောက် အုပ်စု နှင့် အမေရိကန် လိုလားသော အစိုးရ များက အုပ်ချုပ်လာခဲ့သည်။ ဤသည်ကလည်း တစိတ်တပိုင်းအားဖြင့် ၎င်းတို့ နိုင်ငံ အပေါ် ဆိုဗီယက်တို့ ကြံရွယ်နေသည်များ နှင့် ပတ်သက်ပြီး စိုးရိမ်နေကြသော ကြောင့်လည်း ဖြစ်သည်။

 

ဒေသတွင်း ရှိ အခြားနိုင်ငံများကဲ့သို့ပင် ရှား ရီဇာ ပါလာဗီက နှစ်ပေါင်း လေးဆယ် နီးပါး အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့သည်။ ရှားအား အမေရိကန် နှင့် ဗြိတိန် အစိုးရ များက ကျောထောက်နောက်ခံ ပေးထားခဲ့ကြသည်။ ၁၉၅၀ ကျော် အစောပိုင်း နှစ်များ အတွင်း ရွေးကောက်ပွဲ ဖြင့် ဝန်ကြီးချုပ် ဖြစ်လာသူ အမျိုးသားရေး ဝါဒီ တဦးအား ဖြုတ်ချပစ်နိုင်ရန် အမေရိကန် နှင့် ဗြိတိန်မှ ရှားဘုရင်အား နောက်ကွယ်မှ လျို့ဝှက် ကူညီခဲ့ကြသည်။ ၎င်းသည် ရှားဘုရင်၏ အာဏာ ကို ချိနဲ့သွားစေရန် နှင့် အီရန် အားလည်း အနောက်အုပ်စု နှင့် ကင်းကင်းနေရန် စီမံလာသော ကြောင့်လည်း ဖြစ်သည်။

 

အီရန်၏ နိုင်ငံရေး တည်ငြိမ်မှု နှင့် လားရာသည် ယာယီမျှသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် ၁၉၇၉ တွင် တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပြီး ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့သည်။ အယာတိုလာ ရူဟိုလာ ခိုမေနီ ဆိုသော အထင်ကရ ဘာသာရေး ခေါင်းဆောင် တဦးသည် တော်လှန်ရေးကို ဦးဆောင်ခဲ့သည်၊ ၎င်း အာဏာရလာသည့် အခါတွင်တော့ အီရန် အား ဘာသာရေး နှင့် နိုင်ငံရေး အာဏာကို ရောမွှေထားသည့် အုပ်ချုပ်ရေးပုံစံ ကို သွတ်သွင်းလာခဲ့ပြီး ကိုရန် ကျမ်းစာ ၏ သွန်သင်မှု များကို တိတိကျကျ လိုက်နာ ကျင့်သုံးသွားမည့် လူ့‌အစည်းအရုံးကြီး တည်ဆောက်သွားမည်ဟု ပြောလာခဲ့သည်။

 

အီရန်၏ နိုင်ငံရေး စနစ်တွင် ပါလီမန် နှင့် သမ္မတ ရွေးကောက်ပွဲကဲ့သို့သော ဒီမိုကရေစီ ဝိသေသ လက္ခဏာ များလည်း ပါဝင်လာခဲ့သည်။ သို့သော် ဒီမိုကရေစီ သည် နိုင်ငံရေး မျက်နှာစာတွင် ကြီးထွားလာနေသော ဘာသာရေး နှင့် စစ်ဖက်၏ ဩဇာလွှမ်းမိုးမှု အောက်တွင် သာ ရှိနေသည်၊ ယင်းအား ဆန့်ကျင်လာမှု မှန်သမျှ အားလည်း အင်အားသုံး ချေမှုန်းရန် အဆင်သင့် ရှိနေကြသည်။

 

အီရတ်သည် အနည်းဆုံး စာရွက်ပေါ်တွင် သာ ရှိသည့် အာရပ်နိုင်ငံ တနိုင်ငံဟု ဆိုရမည် ဖြစ်သည်။ ရေနံ နှင့် စိုက်ပျိုး နိုင်သော မြေအကျယ်အဝန်း ပေါများပြီး ပညာတတ် လူတန်းစားများ အလျှံပယ် ရှိနေသည်၊ အော်တိုမန် အင်ပိုင်ယာ နှင့် နောက်ပိုင်း ဗြိတိသျှ ကိုလိုနီ ဘဝ မှ လွတ်မြောက်လာသည့် အခါ စီးပွားရေး တွင် အရှေ့ အလယ်ပိုင်း ၏ "ကျားတကောင်" ဖြစ်လာသင့်သော်လည်း ထိုသို့ ဖြစ်ရန် အခြေအနေ များ ပေးမလာခဲ့ပေ။ ထို့အတွက် အီရတ် အား ဦးဆောင်ခဲ့သည့် ခေါင်းဆောင်ပိုင်းကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

 

၎င်းတို့အားလုံးထဲတွင် နိုင်ငံကို ၁၉၇၉ မှ ၂၀၀၃ အထိ ရာစုနှစ်တနှစ် ၏ လေးပုံတပုံမျှ အုပ်ချုပ်သွားခဲ့သည့် ဆက်ဒမ် ဟူစိန် သည် လူနည်းစု ဖြစ်သော ဆွန်နီ တဦး ဖြစ်ပြီး လူများစု ဖြစ်သော ရှီးယိုက်တို့ အပေါ် အကြမ်းဖက် အုပ်ချုပ်လာခဲ့သည်။

 

အီရတ် ၏ ရှိခဲ့ပြီးသော နိုင်ငံရေး အစဉ်အလာ နှင့် ကျင့်ထုံးများကြောင့်လည်း ဆက်ဒမ်သည် ထိုသို့ အုပ်ချုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။ အီရတ်တွင် ဆက်ဒမ် ဟူစိန် မတိုင်မီက ပင် အစိုးရ အဆက်ဆက်သည်တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေခဲ့ပြီး ၎င်းတို့ အချင်းချင်း အကြားလည်း ဂိုဏ်းဂဏ အမျိုး မျိုး ကွဲပြားနေကာ ပဋိပက္ခများ မကြာခဏ ဆိုသလို ဖြစ်ပွားနေခဲ့သည်။

 

အီရန် နှင့် အီရတ် နှစ်နိုင်ငံ စလုံးသည် သမိုင်းကြောင်းအရ ခွဲခြား၍ မရအောင် ဆက်စပ်လျက် ရှိနေယုံမျှမက စစ်အေး တိုက်ပွဲကြီး အတွင်း ပဋိပက္ခ များနှင့်လည်း ပတ်သက်နေကြသည်။ သို့သော် အနည်းအကျဉ်း မျှသာ ဖြစ်သည်။

 

အီရန်-အီရတ် စစ်ပွဲ သည် ၁၉၈၀ တွင် အီရတ်မှ အီရန် ကို စတင် ကျုးကျော် တိုက်ခိုက်ခဲ့ရာမှ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ တိုက်ခိုက်ခဲ့ရသည့် အီရတ်၏ ရည်ရွယ်ချက်ကို ယခု အခါ ပြန်ပြောင်း သုံးသပ်ကြည့်မိသည့် အခါတွင်လည်း အဖြေ ဟူ၍ တိတိကျကျ ထွက်မလာခဲ့ပေ။

 

စစ်ပွဲကြီး မတိုင်မီ လအနည်းငယ် အလို အီရန် တွင် အာဏာရလာသည့် အစ္စလမ် အစိုးရ မှ ဒေသ အတွင်း နိုင်ငံများရှိ လူထုအား ၎င်းတို့ကဲ့သို့ တော်လှန် ပုန်ကန်ကြရန် တိုက်တွန်းလာမှု နှင့် အားကျစိတ်များ ဖြစ်ပေါ်မလာအောင် လက်ဦးမှု ယူ၍ ဟန့်တားလိုခြင်း ဖြစ်မည်ဟု သာ တွက်ဆ၍ ရပေသည်။

 

ဆက်ဒမ် စိတ်ထဲတွင်လည်း နိုင်ငံတွင်း ၎င်းကဲ့သို့ ဆွန်နီများသည် လူနည်းစု ဖြစ်နေသဖြင့် လူများစု ဖြစ်သော ရှီးယိုက်တို့ ပုန်ကန် အုံကြွ လာနိုင်သည်ဟု တွက်ဆကာ စိုးရိမ်လာပုံ ရသည်။

 

အီရတ်၏ ရည်ရွယ်ချက် မည်သို့ပင် ရှိခဲ့စေကာမူ စစ်ပွဲကြီးက ရှစ်နှစ်ခန့် ရှည်ကြာသွားခဲ့သည်။ လူ့အသက်ပေါင်း တသန်း နီးပါး ဆုံးရှုံးခဲ့ရပြီး နှစ်နိုင်ငံ စလုံး အထိနာ ခဲ့ရသည်၊ အီရတ် မှ ဓါတု လက်နက်များ သုံး၍ တိုက်ခိုက်ခဲ့ခြင်းသည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။

 

နောက်ဆုံး တွင် စစ်ပွဲ သည် အနိုင်အရှုံး မပေါ်ပဲ ရပ်ဆိုင်းသွားခဲ့သော်လည်း ဆက်ဒမ် ၏ စိတ်တွင်မူ ကူဝိတ်အား ကျုးကျော် တိုက်ခိုက် လို စိတ်များ တဖွားဖွား ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဆက်ဒမ်သည် အာရပ်နိုင်ငံ အားလုံး အတွက် အီရန်အား သူတနိုင်ငံ တည်း က တိုက်ခိုက် ပေး ခဲ့သော်လည်း စီးပွားရေး အရ ထိခိုက်ခဲ့မှု များကိုမူ မည်သူကမျှ လုံ လောက်အောင် အကူအညီ ပြန်၍ ပေးမလာခဲ့ဟု ယူဆကာ စိတ်နာလာခဲ့၍လည်း ဖြစ်သည်။

 

အီရန် တို့ကလည်း ၎င်းတို့ ကျုးကျော် တိုက်ခိုက်ခံခဲ့ ရသည့် အပေါ် နိုင်ငံတကာ မှ ဆူဆူညံညံ ကန့်ကွက် ပြောဆိုမှု များ မရှိခဲ့သည့် အတွက် နာကြည်း စိတ်များ နှင့် အတူ နိုင်ငံ ကို ကာကွယ် ပေးခဲ့ကြသည့် ၎င်းတို့၏ ခေါင်းဆောင်များ အပေါ် ပို၍ ထောက်ခံလာခဲ့ကြသည်။