စစ်ကောင်စီ အား နိဂုံးချုပ် သွားနိုင်သည့် အနောက်ဖက် စစ်မျက်နှာ

by Hla Soewai - Mar 12 2024

နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ၁၀၂၇ ထိုးစစ်ကြီး နှင့် အတူ တဟုန်ထိုး အောင်မြင်မှု များ ရလာခဲ့သော တိုက်ပွဲ အရှိန်အဟုန်သည် ရုတ်ခြည်း ထိုးကျသွားသော်လည်း ပြည်တွင်းစစ်ကြီး၏ ဗဟိုဆွဲအား centre of gravity သည် နိုင်ငံ အနောက်ခြမ်းသို့ ဦးလှည့်လာခဲ့သည်။

 

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ဝင်လည်း ဖြစ်သည့် ရက္ခိုင် တပ်တော်သည် ရှမ်းမြောက်ဒေသကဲ့သို့ ၎င်းတို့ ပြည်နယ်တွင်လည်း အာဏာသိမ်း တပ်များကို မောင်းထုတ် နိုင်ရန် နိုဝင်ဘာလ လယ် မှစ၍ ထိုးစစ်ကြီးကို ရဲဝံ့ပြတ်သားစွာ မီးကုန် ယမ်းကုန် စတင်လာခဲ့သည်။

 

စစ်ကောင်စီ အတွက် လွန်စွာ အန္တရာယ် ကြီးလှသည့် ဘေးကျပ်နံကျပ် အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဘူမိပထဝီ အားဖြင့် ဘင်္ဂလား ပင်လယ်အော် နှင့် ပြည်မ အကြားရှိ လွန်စွာ အရေးပါလှသောရခိုင်ပြည်နယ် ကို လက်လွှတ်လိုက်ရပြီ ဆိုက လက်ရှိ ပြည်တွင်းစစ် တွင် စစ်ကောင်စီ အဖို့ မဟာဗျူဟာ မြောက် ရှုံးနိမ့်သွားပြီ ဆိုသည်က ထုတ်ဖေါ်ဝန်ခံစရာပင် မလိုတော့အောင် ပေါ်လွင် ထင်ရှားလာပေတော့မည်။

 

ပြည်မဖက်တွင် တိုက်ပွဲများက ဟိုနေရာ ဒီနေရာလို မျိုး ဆက်၍ ဖြစ်ပွားနေဦးမည် ဖြစ်သော်လည်း ရခိုင်ပြည်နယ်ကို လက်လွှတ်လိုက်ရခြင်းကြောင့် နေပြည်‌တော်ရှိ အာဏာသိမ်း အဖွဲ့ အလျင်အမြန် ပြိုလဲသွားနိုင်သည့် အရေး သို့မဟုတ် အတွင်းမှ ပေါက်ကွဲ ထွက်လာမည့် အရေးက မည်သို့မျှ ရှောင်လွှဲ၍ ရတော့မည် မဟုတ်ဟု ဘန်ကောက် အခြေစိုက် မြန်မာ အရေး ကျွမ်းကျင်သူ အန်‌တိုနီ ဒေးဗီစ် က အာရှ တိုင်း စာစောင်တွင် "Myanmar's Junta in a make-or-break Rakhine Fight" ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီ တပ်များသည် အကယ်၍ AA အား ပွင့်လင်းရာသီ ကုန်မည့် မေလ အထိ တောင့်ခံထားနိုင်မည် ဆိုလျှင် ၂၀၂၅ အထိ ဆက်၍ အသက်ဆက် နိုင်မည် ဖြစ်သည်။

 

ထိုသို့ ဖြစ်နိုင်ဖို့က အဓိက ကျသည့် မြို့များကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ များ နှင့် ထိန်းထားနိုင်မှ ဖြစ်မည်။

 

အသက် ၄၅ နှစ်သာ ရှိသေးသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သော ရက္ခိုင်တပ်တော်သည် မြောက်ပိုင်းရှိ စစ်ရေး လေ့ကျင်ရာ စခန်းများမှ ၂၀၁၄-၁၅ အတွင်း ရခိုင်ပြည်နယ် အတွင်း စတင် ဝင်ရောက်လာခဲ့ရာမှ ဒေသခံ လူထု ၏ ထောက်ခံမှု ကို ရရှိလာခဲ့သည်၊ ၂၀၂၀-၂၀၂၃ အပစ်ရပ်ရေး သဘောတူညီချက် ဖြင့် အကျိုးများစွာ ဖြစ်ထွန်းလာခဲ့ပြန်သည်။

 

ရက္ခိုင်တပ်တော်၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော အာရကန် အမျိုးသား အဖွဲ့ချုပ် (ULA) သည် ကျေးလက်ဒေသများအား အခိုင်အမာ စည်းရုံး ထိန်းချူပ် နိုင်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားကို ထူထောင်လာနိုင်ခဲ့သည်။ 

 

ရက္ခိုင်တပ်တော်သည်လည်း လူငယ်များကို စည်းရုံး နိုင်ခဲ့ပြီး တိုက်ပွဲဝင် အနေအထား ရောက်အောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။ ဝ ပြည်နယ် တပ်တော် နှင့် ၎င်းတို့အား လေ့ကျင့်ပေးခဲ့သည့် ကချင် လွတ်မြောက်ရေး တပ်တော်ပြီးလျှင် စနစ်အကျဆုံး နှင့် အထိရောက်ဆုံး လက်နက်ကိုင် တပ်ဖွဲ့ကြီး အဖြစ် ထွက်ပေါ်လာခဲ့သည်။ ရက္ခိုင်တပ် တော် တွင် အင်အား ၃၀,၀၀၀ အထိ ရှိလာခဲ့ပြီဟု ဆိုသည်။ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရခိုင် နှင့် ချင်းပြည်နယ်များ အတွင်း အနည်းဆုံး တပ်ဖွဲ့ဝင် အင်အား ၁၅,၀၀၀ အထိ ပါဝင် တိုက်ခိုက်နေပြီ ဖြစ်သည်။ ကချင် နှင့် ရှမ်းဒေသဖက်တွင် တပ်အင်အား ၁,၅၀၀ ခန့် ချန်လှပ်ထားခဲ့သည်။

 

ကချင်ပြည်နယ်မှ ကီလိုမီတာ ၆၀၀ ခန့် ဝေးသော ရခိုင်သို့ ထောက်ပို့ လမ်းကြောင်းအတွက် အခက်အခဲများ ရှိနေခဲ့သော်လည်း ကုလားတန် မြစ်ဝ ရှိ ပလက်ဝ မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ထောက်ပို့ လမ်းကြောင်း ပွင့်သွားပြီး လက်ရှိ ထိုးစစ်ကြီး အတွက် အထောက်အကူ များစွာ ရသွားခဲ့သည်။

 

အကယ်၍ ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ရှမ်းမြောက်‌ဒေသတွင် သိမ်းဆည်း ရမိခဲ့သော လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ၊ လေယာဉ်ပစ် စက်သေနတ်များကို စစ်ကိုင်း နှင့် မကွေးတိုင်း တောင်ပိုင်းကို ဖြတ်၍ အောင်မြင်စွာ ပေးပို့ နိုင်ရေး အတွက် ပလက်ဝ နှင့် ကုလားတန် မြစ်သည် လာမည့် လများ အတွင်း လွန်စွာ အရေးပါသည့် ထောက်ပို့လမ်းကြောင်းများ ဖြစ်လာပေလိမ့်မည်။

 

ယခုအခါ ရက္ခိုင် တပ်တော် သည် စိတ်ဓါတ်ရေးရာအရ အမြင့်မားဆုံး အနေအထား ရောက်လာနေသော်လည်း မသိနိုင်‌ သေး သည့် အကြောင်း နှစ်ရပ်က ရှိလာနေသည်။

 

ပထမ အကြောင်းက တပ် ဖွဲ့စည်းပုံ နှင့် သက်ဆိုင်နေသည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ရင်းတရင်းစာ အင်အားရှိ တပ်များကို လျှင်မြန်စွာ ရွေ့လျားနိုင်မည့် တပ်ဖွဲ့များ အဖြစ် ပြောင်းလဲနိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။ သို့မှသာ ပြည်နယ် အနှံ့ ဦးစားပေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက် နိုင်မည် ဖြစ်ပြီး မြို့နယ် အဆင့် နယ်မြေ လုံခြုံရေး ကို တာဝန်ယူရမည့် အဖွဲ့များ သီးခြားထားရှိ ဖွဲ့စည်း နိုင်ရမည် ဖြစ်သည်။ ထိုကဲ့သို့ အဖွဲ့များသည် အဓိက တိုက်ခိုက်ရေး တပ်များကဲ့သို့ အပြည့်အဝ လေ့ကျင့်ထားစရာ မလိုအပ်ပေ။

 

ဒုတိယ တကြောင်းက မဟာဗျူဟာ ပိုင်း ဖြစ်သည်။ စစ်ရေး လေ့လာသုံးသပ်သူများက ယုံကြည် နေကြသည်မှာ AA သည် စစ်တွေအား ဝိုင်းပတ် ပြီး သိမ်းယူကာ စစ်ကောင်စီအား တချီထဲဖြင့် အလဲထိုးလိမ့်မည်ဟု ယုံကြည်နေကြသည်။

 

အန္တရာယ်လည်း သိပ်မများလှဟု ပြော၍ ရမည့် နောက်ထပ် ဗျုဟာ တခုက စစ်တွေကို ချန်လှပ်ထားပြီး အင်အားချိနဲ့သည့် ပတ်ဝန်းကျင် မြိုများကို အရင် သိမ်းယူရေးပင် ဖြစ်သည်။

 

လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ဆက်လက်၍လည်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီ လက်ကျန် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုထားသည်။ 

 

ထိုကဲ့သို့ ဖြစ်လာရန် စစ်ကောင်စီ တပ်များ အား အရရင် ခွဲထုတ် နိုင်မှ ဖြစ်မည်၊ အထူးသဖြင့် လေကြောင်း ပစ်ကူ ကို အားနည်းသွား‌ စေရန် ဖြစ်သည်၊ ထို့အတွက် စနစ်တကျ ညှိနှိုင်းပြီး နေရာအနှံ့ တပြိုင်တည်းလိုလို တိုက်နိုင်မှ ဖြစ်ပေမည်။ AA အဖို့ကား ထိုသို့ တခါဖူးမျှ လုပ်ခဲ့ဖူးခြင်း မရှိ ဖြစ်နေသည်။

 

ရခိုင်ပြည်နယ်သည် ဆင်းရဲ သော ပြည်နယ် ဖြစ်၍ မြန်မာ စစ်တပ် အတွက် တပ်သားသစ် စုဆောင်းရန် နှင့် လိုအပ်လျှင် လိုအပ်သလို အကာအကွယ် မဲ့ ရိုဟင်ဂျာ မူဆလင်များကို မောင်းထုတ်ရန် လောက်သာ စိတ်ဝင်စားခြင်း ခံရသည့် ပြည်နယ်လည်း ဖြစ်သည်။

 

စစ်ကောင်စီ တွင် တပ်မ အဆင့် အင်အားရှိ စစ်ဆင်ရေး ဌာနချုပ်များ ဘူးသီးတောင်၊ ကျောက်တော် နှင့် တောင်ကုပ် မြို့များ တွင် အခြေစိုက်ထားသည်။ စစ်တွေ တွင် ဒေသ စစ်ဆင်ရေး ဦးစီးဌာနချူပ် (ဒကစ) နှင့် ပြည်နယ်၏ အလယ် ဗဟို ဖြစ်‌ သော အမ်း တွင် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် ဖွင့်လှစ်ထားသည်။ ထောက်ပို့တပ်များ အဖြစ် နယ်ခြားစောင့် ရဲအဖွဲ့ နှင့် ရေတပ်စခန်း ရှိနေသည်။

 

၂၀၂၀ အစောပိုင်း AA နှင့် တိုက်ပွဲများ ပြင်းထန်လာနေချိန် တွင် ပြည်နယ် ပြင်ပမှ ခြေမြန်တပ်ရင်း ဆယ်ရင်းခန့်မှ အင်အားများ ထုတ်နှုတ် အားဖြည့် လာခဲ့သည်။ ရေတပ် နှင့် လေတပ်ကိုလည်း ဖြန့်ချလာခဲ့သည်။ ၂၀၂၀ နိုဝင်ဘာ နှင့် ၂၀၂၃ နိုဝင်ဘာအကြား အပစ်ရပ် ကာလ အတွင်း တွင်လည်း တပ်အင်အားကို လျော့ချခဲ့ခြင်း မရှိပေ။

 

ယခုအခါ စစ်ကောင်စီသည် AA နှင့် တပ်အင်အားအရ အကြမ်းဖျဉ်း ညီမျှသည့် တိုက်ပွဲဝင် အသင့် အနေအထား တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် မစုစည်း နိုင်ခဲ့လျှင် အံ့အားသင့်ဖွယ် သာ ဖြစ်ပေလိမ့်မည်။

 

သီအိုရီအရ ထိုးစစ်ဖက်မှ ခံစစ်ထက် အင်အား သုံးချိုး တချိုး သာနေမှ ဖြစ်ပေမည်။ ယင်းသည် AA အတွက် မနိုင်ရင်ကာ ဖြစ်နေ၍ လျှင်မြန်စွာ ရွေ့လျားစစ်ဆင်နိုင်ဖို့ ပို၍ လိုအပ်လာ‌နေသည်။

 

ရခိုင်သည် ပထဝီ အနေအထားအရ ရန်ကုန် နှင့် ပုသိမ် တို့ နှင့် ကပ်နေ၍ ပင်လယ် ဖက် နှင့် လေကြောင်း မှ အင်အား ဖြည့်တင်းနိုင်နေသည်။

 

သို့သော် တိုက်ပွဲ များတွင် မကြာခဏ အရေးပါနေသည့် စိတ်ဓါတ် အင်အားကို မူ ခန့်မှန်း၍ မလွယ်ကူလှပေ။ သို့သော် ရှမ်းမြောက် စစ်ဆင်ရေး တွင် စစ်ကောင်စီတပ်များ အလဲထိုး ခံခဲ့ရသဖြင့် ရခိုင်တွင်လည်း ထိုသို့ ပြိုလဲသွားနိုင်သည့် အတိုင်းအတာ ကို ထည့်မတွက်၍ မဖြစ်ပြန်ပေ။

 

စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရ အားအင် ချိနဲ့လာနေပြီး တခါက ရှိခဲ့ဖူးသည့် ယုံကြည်မှု ဆိုသည့် စိတ်ဓါတ်အင်အားများ ကုန်ခမ်းလာနေပြီ ဖြစ်၍ ရခိုင်ကို ကြာရှည် ထိန်းထားနိုင်တော့မည် မဟုတ်ပေ။ ရခိုင် တိုက်ပွဲသည် မြန်မာ တို့ နောက်ထပ် မည်မျှ ကြာကြာ ဒုက္ခသုက္ခများ ခံရဦးမည် ကို အဆုံး အဖြတ် ပေးလာတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!