ဒေါနတောင်တန်း မှ သွေးချင်းတို့၏ အောင်ပွဲများ

by Hla Soewai - Mar 12 2024

ကရင် အမျိုးသား လွတ်မြောက်ရေး တပ် တော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေး တပ်များ၏ ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မြဝတီ မြို့ရှိ ခမရ ၃၅၅ ဌာနချုပ် နှင့် ရဲစခန်း ကို စနေနေ့ကသိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။

 

ကြာသပတေးနေ့တွင်လည်း သင်္ကန်းညီနောင်ရှိ စစ်စခန်း နှင့် ရဲစခန်းကို စတင် တိုက်ခိုက်ခဲ့ရာ စနေနေ့တွင်ပင် သိမ်းယူနိုင်ခဲ့ပြန်သည်။

 

သင်္ကန်းညီနောင်သည် မြဝတီ နှင့် ကော့ကရိတ် ကြာ အာရှ အဝေးပြေး လမ်းမကြီး ပေါ်တွင် ရှိသည်။

 

ယခုအခါ တော်လှန်ရေး တပ်ပေါင်းစုသည် အနီးအနားရှိ ခမရ ၃၅၆ နှင့် ခမရ ၃၅၇ တို့အား ဆက်လက် တိုက်ခိုက်လျှက် ရှိသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

အကြမ်းဖက် စစ်တပ်မှ ထုံးစံ အတိုင်း လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ ဖြင့် ခုခံလျက် ရှိသည်ဟု သိရသည်။

 

တိုက်ခိုက်ခံနေရသော စခန်းများမှ စစ်သားများ ထွက်ပြေးကုန်ပြီး အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။ ခမရ ၃၅၅ နှင့် ၃၅၆ မှ တပ်သားများသည် ခမရ ၃၅၇ သို့ သွား‌ ရောက် ပူး‌ ပေါင်းပြီး ပြန်လည် ခုခံနေသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တဦးက ပြောပြခဲ့သည်။

 

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် သုံးရက်အတွင်း အကြမ်းဖက် စစ်တပ်မှ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချခဲ့ရာ အိမ်ခြေ ၆၀ နီးပါး မီးလောင်ပျက်ဆီးသွားသည်။ 

 

သင်္ကန်းညီနောင် ရွာကြီးတွင် အိမ်ထောင်စုပေါင်း ၃,၀၀၀ ခန့် ရှိပြီး လူဦးရေ ၇,၀၀၀ ခန့် ရှိရာ အားလုံး နီးပါးသည် ပိုင်ဆိုင်သမျှ ထုတ်ပိုးကာ တိမ်းရှောင်သွားကြသည်ဟုလည်း သိရသည်။

 

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ ဗျုဟာကုန်းအားလည်း ကေအင်ယူ နှင့် တပ်ပေါင်းစု က ပိတ်ဆို့ တိုက်ခိုက်နေ၍ စစ်တပ်မှ ရိက္ခာကို လေကြောင်းမှ ချပေးနေရသည်ဟု သိရသည်။

 

ကေအင်ယူ သည် ယခုအခါ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် အထိ နယ်မြေ စိုးမိုးမှု ရရှိထားပြီး ဖြစ်သည်။

 

စစ်ကောင်စီသည် ၎င်းတို့၏ ဒေါက်တိုင် BGF များလည်း ခွဲထွက်သွားပြီ ဖြစ်၍ တွယ်ရာမဲ့လာကာ နိုင်ငံ အရှေ့တောင်ပိုင်းအား လက်လွှတ်ရတော့မည့် အရေး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယခုအခါ တိုက်ပွဲများသည် စစ်တောင်းမြစ် အနောက်ဖက် ခြမ်း ရှိ ကျောက်တံခါး၊ ညောင်‌ လေးပင် ဒေသများသို့ပါ ပျံ့နှံ့လာနေပြီ ဖြစ်၍ ပဲခူးတိုင်းကိုပါ အခိုင်အမာ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

 

ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မဲဆောက် အပါအဝင် နယ်စပ် ၅ မြို့၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားကာ ဒေသတွင်း ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

 

တော်လှန်ရေး တပ်ပေါင်းစုသည် ယခုအခါ စစ်တောင်း မြစ်ဝှမ်း ဒေသကို ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

 

ကရင်ပြည်နယ် သည် နှစ်ပေါင်း ၇၀ ကျော် စစ်ဒဏ်ကို ခံစားခဲ့ရသော ဒေသ ဖြစ်ပြီး ကရင်အမျိုးသား သမဂ္ဂ မှ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန် နိုင်မှသာ ငြိမ်းချမ်းသာယာ ဝပြောမည့် ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်သွားနိင်မည်ဟု ဥက္ကဌ ဖြစ်သူ ဖဒို စောကွယ် ထူးဝင်းမှ ဇန်နဝါရီ ၃၁ တွင် ကျင်းပသော ၇၅ ကြိမ်မြောက် ကရင်တော်လှန်ရေး နေ့ အခမ်းအနား တွင် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ယခု အခါ နိုင်ငံ တဝှမ်း ဗမာ၊ ချင်း၊ ရက္ခိုင်၊ ကယား၊ ကချင်၊ ကရင်၊ ပအို့၊ ပလောင် တို့ မှ စစ်မျက်နှာ အသီးသီး ဖွင့်ကာ မရှုနိုင် မကယ်နိုင် ဖြစ်လာနေသော စစ်တပ် ကို နိုင်ငံ အနှံ့ တွန်းလှန်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!