ရက္ခိုင်တပ်တော်၏ အောင်မြင်မှု များ နှင့် အိန္ဒိယ၊ ထိုင်း တို့ လှုပ်နှိုးခံရပြီ

by Hla Soewai - Mar 05 2024

ရက္ခိုင်တပ်တော် AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ မှစ၍ အကြမ်းဖက် စစ်တပ် အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်စခန်းပေါင်း ၁၇၀ ကျော် နှင့် မြို့ ကိုး မြို့ကို သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

 

စစ်တပ် အတွက် တပ်များ ရွှေ့ပြောင်းရေး တွင် လွန်စွာ အသုံးတည့်လှသည့် ကမ်းတက်စစ်ရေယာဉ် လေးစီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။ (ပုံတွင်ရှု)

 

မြို့တော် စစ်တွေ တွင်လည်း အုပ်ချုပ်ရေး ပျက်ပြားသွားပြီ ဖြစ်၍ ပြည်နယ် အစိုးရသည် သံတွဲ တွင် စစ်ပြေး အစိုးရ အဖြစ် ရောက်ရှိ နေပြီဟု သတင်းများက ဆိုသည်။

 

ရက်ပေါင်း ၉၀ ကာလ အတွင်း စစ်ကောင်စီ သစ္စာခံ အကြမ်းဖက် တပ်များ အလဲလဲ အပြိုပြို နှင့် ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်မှာ နဲနဲ နောနော အောင်မြင်မှု မဟုတ်ဟု ဆိုရမည် ဖြစ်သည်။

 

မင်းပြား မြို့ရှိ စစ်ကောင်စီ ၏ နောက်ဆုံး ခံတပ်သဖွယ် ခုခံနေသော အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ဆယ်ရက်ကြာ ထိုးစစ် ဆင်ပြီး အပြီးအပိုင် သိမ်းပိုက်ကာ စစ်ကောင်စီ တပ်များကို မင်းပြား မှ မောင်းထုတ် ပစ်နိုင်ခဲ့သည်ဟု ဆိုသည်။

 

စစ်တပ်သည် ရှူံးမဲ မဲလာပြီ ဖြစ်၍ ရခိုင်ပြည်နယ် အတွင်း မြို့များ၊ ကျောင်းများ၊ နောက်ဆုံး ဆေးရုံပါ မကျန် ဗုံးကြဲ တိုက်ခိုက်လာပြီး စစ်ရာဇဝတ်ကောင်များ အဖြစ် ခံယူလာကြပြီ ဖြစ်သည်။

 

ရခိုင် ပြည်နယ် သည် တရုတ်၏ ရင်းနှီးမြုပ်နှံ မှု များ အပြင် ၎င်းတို့၏ ရေတပ် အတွက် ပင်လယ် ထွက်ပေါက် ရနိုင်သည့် လမ်းကြောင်းလည်း ရှိနေပြန်သည်၊ သို့သော် တရုတ်သည် ၎င်းတို့ နှင့် နယ်စပ်ချင်းလည်း ထိစပ်မနေ၍ အပစ်ရပ်ရေး ကို လုံးပမ်း မနေတော့၊ ရက္ခိုင် တပ်တော်မှလည်း လက်ခံမည် မဟုတ်မှန်း သိနေ၍လည်း ဖြစ်မည်၊ ယခုထိ ယင်းကိစ္စ နှင့် ပတ်သက်၍ သတင်း သိုးသိုးသန့်သန့် ထွက် ပေါ်ခြင်း မရှိသေးပေ။

 

ယခုအခါ မကြာသေးမီ က ထုတ်ပြန်လာသော စစ်ကောင်စီ၏ စစ်သားစုဆောင်းသည့် ဥပဒေ ကြောင့် အခြေအနေများ ပို၍ ဆိုးဝါးလာတော့မည် ကို ဘီဂျင်းက ရိပ်စားမိလာပြီ ဖြစ်သည်။

 

တရုတ်သည် မြန်မာ နွံအိုင်ကြီးထဲတွင် တဝဲဝဲ တလည်လည် ဖြစ်လာ‌ နေသည်ဟု ဩစတေးလျှ ရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter တွင် ခေါင်းစဉ် တပ် ရေးသားထားသည်။

 

‌တရုတ်သည် မြန်မာ စစ်တပ်အား ပြည်တွင်း တွင် ငြိမ်းအေးသွားအောင် နှိမ်နှင်းနိုင်သည် အထိသာ အင်အား တောင့်တင်းစေချင်နေပြီး တဖက်တွင်လည်း ၎င်းတို့ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ဆက်ဆံရေး ကို သည်းငြည်းခံနေရသည် အထိ အင်အား ချိနဲ့စေချင်နေသည် ဟု ထောက်ပြထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ဆုံးရှူံးသွားသော မြို့ပေါင်း သုံးဆယ်ကျော် အနက် စစ်တပ်သည် မြို့တမြို့ကိုသာ ပြန်၍ သိမ်းယူ နိုင်သေးသည်။

 

မင်းအောင်လှိုင် သည် ပြည်တွင်း တွင် သူ လုပ်ချင်ရာ လုပ်နေသော်လည်း သူ ပိုင်သည့် နေရာတွင် အနိုင်ရအောင် တိုက်နိုင်စွမ်း ရှိပါသည်ဟု ဘီဂျင်း၏ ထောက်ခံနေမှု ဆုံးရှုံး မသွားအောင် ပြဖို့ လိုလာနေ၍ ရှိသမျှ အင်အား ထုတ်နှုတ်ကာ မြန်မာပြည် အလယ်ပိုင်း တွင် ထိုးစစ်ဆင်လာခြင်းပင် ဖြစ်သည်ဟု မိမိ အနေဖြင့် ယူဆမိသည်။ စစ်မှုထမ်း ဥပဒေသည်လည်း အလားတူပင် အခြေအနေကို အဖတ်ဆယ်ရန် ကြိုးစားနေပါသည်ဟု ပြသလို၍ ဖြစ်သည်။ ထို့အတွက်လည်း ၎င်းတို့အား ပို၍ပင် ရွံရှာ မုန်းတီးလာနိုင်သည်ကို သိသိကြီးနှင့် မျက်စိမှိတ် လုပ်ချလိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက်လည်း တော်လှန်ရေး အား ဖာသိဖာသာ နေနိုင်ရန် ကြိုးစားနေသူများ နှင့် ပါ ထိတ်တိုက် တွေ့လာခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော အနေအထားမှ သက်သာလို သက်သာငြား စစ်ကောင်စီ လက်ပါးစေ အမှုထမ်းများ က မြိုနယ်ကျေးရွာ အလိုက် ကွင်းဆင်းပြီး ချော့တချီ ချောက်တလှည့် စည်းရုံးရေး ဆင်းနေကြရပြီ ဖြစ်သည်။ သို့သော် လူထုက ၎င်းတို့ သားသမီးများအား လူဆိုးဂိုဏ်း၊ ဓါးပြဂိုဏ်းထဲ ဝင်ရန် လာပြီး သွေးဆောင်နေသည်ဟုသာ စိတ်ထဲက မှတ်ယူနေကြပြီ ဖြစ်သည်။

 

အချို့ကလည်း စစ်ထဲ ပါသွားမည် ဆိုက ၎င်းတို့ဖက် သေနတ်ပြောင်း လှည့်မည်ဟု ပြောနေကြသည်၊ ဤသည်က ကြက်ကလေး၊ ငှက်ကလေးများလို လိုက်သွားရန် စိတ်လျော့လိုက်သူများ၏ ကြိမ်းဝါးမှု မျိုးသာ ဖြစ်သည်။ တကယ်တမ်းတွင် ထိုသို့ ဖြစ်လာဖို့ အခြေအနေ ပေးမည် မဟုတ်ပေ။

 

မင်းအောင်လှိုင် နှင့် စိုးဝင်း တို့ နှစ်ဦး အား ဖယ်ရှားရန် တရုတ်ဖက်က လည်း ဆန္ဒပြင်းပြနေမည်သာ ဖြစ်သည်၊ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ အဘူဇာဘီ ကမူ စိတ်မချရသူများကို လက်ဦးမှု ယူကာ ပ ထုတ် နိုင်ခြင်း၊ သို့တည်း မဟုတ် ၎င်းတို့ နေရာကို မည်သူမျှ ဆက်ခံလိုစိတ် မရှိကြ၍သာ ထိုပုဂ္ဂိုလ် နှစ်ဦး ရာထူးတွင် မြဲနေခြင်း ဖြစ်မည်ဟု သုံးသပ်ထားသည်၊ စစ်ကောင်စီ ပြုတ်ကျ သွားမည် ဆိုက မင်းအောင်လှိုင်အား ထိပ်ဆုံးမှ ပါသွားစေလိုကြသည်။ 

 

အာဆီယံသည် ဖြစ်ပေါ်လာနိုင်သည့် ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် စစ်တပ်ကို နေရာပေးလိုသည့် သဘောထားရှိသည်၊ စစ်တပ် မပါက မည်သို့မျှ တည်ငြိမ်အောင် ထိန်းနိုင်မည် မဟုတ်ဟု ယူဆနေ၍လည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့ဒဏ်ကို အနီးကပ်ဆုံး ခံလာနေရသည့် ထိုင်း သည် ထိုသို့ တိုက်ရိုက် ခြိမ်းခြောက်ခံလာရသည့် အိန္ဒိယ အား မြန်မာ အရေးကို မဖြစ်မနေ ဝင်ပါမှ ဖြစ်တော့မည် ဆိုကာ အတူ လက်တွဲဖို့ အိန္ဒိယ အား တရားဝင် အဆိုပြုလိုက်ပြီဟု သိရသည်။

 

နယူး‌ ဒေလီ တွင် ရောက်နေသော ထိုင်း ဒု နိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow မှ အာဆီယံ၏ ပြည်တွင်းရေး ဝင်မစွက် မူကို အလျော့အတင်း မရှိပဲ ဆုပ်ကိုင်ထားခြင်းကြောင့် ပြဿနာ အများ အပြား ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း၊ ဤနေရာတွင် မြန်မာ ပြဿနာ ကို ဝင်ရောက် ပြောဆိုခြင်းသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံအား ကျဉ်းထဲ ကျပ်ထဲမှ ကယ်တင်ရာ ရောက်ကြောင်း၊ ပြည်တွင်းရေး ဝင်မစွက် ဆိုသည်မှာ လိုချင်သည့် ပမာဏာ ကို စိတ်ကြိုက်ရေးနိုင်ရန် ချက်လက်မှတ် အလွတ် blank check ထုတ်ပေးထားသလို နိုင်ငံတွင်းရှိ လူထု ကို လုပ်ချင်သလို လုပ်၍ ရသည်ဟု ယူဆနေ၍ မဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုသွားသည်။

 

အချက်ငါးချက် ကို အကောင်အထည် ဖေါ်လာရန် အခြားနည်းလမ်းများ ရှာမှ ဖြစ်မည်ဟုလည်း ဆိုသည်။

 

ဥက္ကဌ သုံး‌ယောက် သာ ပြောင်းသွားသော်လည်း အချက် ငါးချက်သည် မည်သို့မျှ တိုးတက်မလာပဲ အိမ်ပုံစံ ဆွဲထားသည့် blueprint အဆင့်သာ ရှိသေးကြောင်း၊ ထိုင်းတွင် တစုံတရာ ဖြစ်လာလျှင် အိန္ဒိယအားလည်း ထိခိုက်လာနိုင်ကြောင်း၊ အလားတူ မြန်မာပြည်တွင် တခုခု ဖြစ်လာက ထိုင်းကို ချက်ခြင်း ထိခိုက်လာနိုင်ကြောင်း အစရှိသဖြင့် အိန္ဓိယ ကမ္ဘာရေးရာ ကောင်စီ မှ ပြုလုပ်သော ဟောပြောပွဲတွင် ပြောဆိုသွားခဲ့သည်။

 

၎င်းသည် ထိုင်း ဒုဝန်ကြီးချုပ် နှင့် အတူ အိန္ဒိယ သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!