စစ်တွေအား အကြမ်းဖက် စစ်တပ် လက်နက်ကြီး ဖြင့် ပစ်ခတ်မှု တရုတ် သတင်းဌာန အတည်ပြု

by Hla Soewai - Mar 05 2024

ကြာသပတေးနေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့ လေဟာပြင် ဈေး ပေါ်သို့ အမြှောက်ကျည် ကျရောက် ပေါက်ကွဲမှု ကြောင့် အရပ်သား ဆယ်ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိသွားသည်ဟု တရုတ် အစိုးရ သတင်းဌာန များက အတည်ပြု ဖေါ်ပြခဲ့ကြသည်။ သို့သော် မြန်မာ စစ်တပ်ဖက်မှ ပစ်ခတ်သည် ဟူ၍ တော့ ရေးသားထားခြင်း မရှိ ထိန်ချန်ထားသည်ကို တွေ့ရသည်။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ ယနေ့နံနက် အစောပိုင်းတွင် စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် ၁ လုံးသည် ဈေးရောင်းဈေးဝယ် များနှင့် စည်ကားနေသည့် ကိုရီယား ဈေး အတွင်း ကျရောက် ပေါက်ကွဲပြီး အရပ်သား ၁၂ ဦး သေဆုံးကာ၊ ၃၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြော ခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။

 

စစ်ကောင်စီသည် စစ်တွေမြို့အနီးတဝိုက်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဈေးရောင်းဈေးဝယ် လူစည်ကား ချိန်တွင် လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုအား ပြောင်ပြောင် တင်းတင်း ကျူးလွန် ချိုးဖောက်လိုက်ခြင်းပင် ဖြစ်ကြောင်းလည်း AA က ပြောထားသည်။

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက် လေယာဉ်တစ်စီး လေ့ကျင့်နေစဉ် အတွင်း စက်ချို့ယွင်းမှု ကြောင့် ပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းခဲ့သည့် ဓါတ်ပုံ နှင့် ထိုလေယာဉ်သည် ရုရှားလုပ် MIG-29 ဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာတွင် ပါရှိလာခဲ့သည်။ (ပုံတွင်ရှူ)

 

တရက်တည်း မှာပင် နောက်ထပ် ရဟတ်ယာဉ် တစီး ရက္ခိုင် တပ် တော် မှ ပစ်ချ လိုက်သည် ဆို‌‌ သော သတင်းများလည်း ဆိုရှယ် မီဒီယာ များ ပေါ်တွင် ဝမ်းပမ်းတသာ ကောင်းချီးပေး ပြောဆို‌ နေကြသည်။

 

ယခုအခါ လွတ်လပ်ရေး ရချိန်ကစ၍ ပေါ်ပေါက်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား သက်ဆိုင်ရာ လူနည်းစု တိုင်းရင်းသားများက သာ ထောက်ခံခဲ့ကြသော်လည်း ယခုအခါ တနိုင်ငံလုံး၏ အားပေး ကောင်းချီး ပေးခြင်းကို ရရှိလာကြပြီ ဖြစ်သည်။ 

 

ထိုသို့ ဖြစ်လာအောင်လည်း ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး ဖြင့် စိတ်ဓါတ် မြှင့် တင်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။ သို့သော် MNDAA နှင့် TNLA တို့သည် ပြည်သူများ နှင့် ဆက်လက် ပူးပေါင်း တိုက်ပွဲဝင်ရမည့်အစား တရုတ်ဩဇာ မလွန်ဆန် နိုင်ရှာ၍ လက်တွဲ ဖြုတ်သွားခဲ့ကြရပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်၏ လူမဆန်မှု များ များသထက် များလာသည် နှင့် အမျှ နိုင်ငံ တကာ မျက်နှာစာ တွင် တရုတ်၏ အနေအထားသည် ကျဉ်းထဲ ကျပ်ထဲ ရောက်လာနေပြီ ဖြစ်သည်။ 

 

ယခု အရေးသည် ရေတိုမဟုတ်၊ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ‌ဒုသမ္မတ မြင့်‌ ‌ဆွေ မှ အရေးပေါ် အခြေအနေ ကို ရှေ့လျောက် လိုအပ်သလို သက်တမ်း တိုးသွားမည်ဟု ပြတ်ပြတ်သားသား ပြောပြီး ဝန်ခံ အသိပေး သွားခဲ့ပြီး ဖြစ်သည်။ ဤသည်ကပင် တရုတ်မှ အာဏာသိမ်းမှု ကိုပင် ဖွဲ့စည်းပုံ နှင့် အညီ အစိုးရ အဖွဲ့ အပြောင်းအလဲ သာ ဖြစ်သည်ဟု လိမ်ညာ ဖုံးကွယ်ပေးခဲ့သော်ငြားလည်း ယခုအခါ အရေးပေါ် အခြေအနေကို အကြိမ်ကြိမ် သက်တမ်း တိုးနေရခြင်းကပင် ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်နေပြီ ဆိုသည်က လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပြီ ဖြစ်သည်။

 

၎င်းတို့ အဖို့က မြန်မာပြည်တွင် ဘယ်အစိုးရ တက်တက် ကိုယ်နှင့် အဆင်ပြေ မှ ကိုယ်စားရမည် ဟု ယူဆထားသည်၊ တဖက်တွင်လည်း အမေရိကန် နှင့် အိန္ဒိယ တို့ ဝင်ရောက် စွက်ဖက်မလာ‌နိုင်အောင် မျက်ခြေမပြတ်‌ စောင့်ကြည့်နေရသည်။

 

သို့သော် ကမ္ဘာပေါ်တွင် အိန္ဓိယ နှင့် အမေရိကန် နှစ်နိုင်ငံ ထဲ ရှိသည် မဟုတ်၊ မြန်မာ ပြည်ရှိ ရက်စက် ကြမ်းကြုတ်လှသော အာဏာသိမ်း အဖွဲ့၏ လူထု ကို ဖိနှိပ်နေမှု ကို ထောက်ခံနေခြင်းအာဖြင့် တရုတ်သည် ရီယိုဒီ ဂျနီယိုး မှ သည် ဂျိုဟန်နက်စဘတ် အထိ နိုင်ငံများ အကြားတွင် ဂုဏ်သိက္ခာ နှင့် ကိုယ်ကျင့်တရား ပိုင်း အဖတ်ဆယ်မရတော့သည့် အနေအထားမျိုး ရောက်လာနေပြီ ဖြစ်သည်။

 

၎င်းတို့အဖို့က နိုင်ငံ အများ အပြားတွင်လည်း လုပ်စားကိုင်စား စရာ များ ရှိနေပြန်၍ မြန်မာ စစ်ကောင်စီ ကို မျက်စိမှိတ် ထောက်ခံနေ၍ မရ၊ ထို့အတွက်ကြောင့်လည်း မင်းအောင်လှိုင်လို လူမျိုးကို အခွင့် အရေး ရသည့် တိုင် ဘီဂျင်း သို့ မဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်၊ ကိုယ်တိုင် အိုင်စီစီ၏ ဖမ်းဝရမ်း ထုတ်ခံထားရ‌ သော ရုရှား သမ္မတ ပူတင်သည်ပင် မင်းအောင်လှိုင် အား ခရီးသွား ဟန်လွှဲမှ အပ တရားဝင် လက်ခံ တွေ့ဆုံခဲ့ဖုးခြင်း မရှိသေးပေ။

 

ယခုအခါ ရက္ခိုင်တပ်တော်မှ လက်ရ ဖမ်းဆီးမိသည့် ခမရ ၃၇၈ မှ ဗိုလ်မှုး သိန်းထိုက်စိုး၊ ဗိုလ်ကြီး အာကာမြင့်၊ ဒု ရဲမှုးကြီး ခင်မောင်စိုး ဒု တပ်ကြပ် သန်းအောင် တို့မှ လူမှု ကွန်ယက်ပေါ်တွင် ထင်ရှားသူ ရက်ပ် အဆိုတော် ဖိုးလပြည့်၊ သတင်း‌ ဂျာနယ်လစ် ဖိုးသီဟ အပါအဝင် အရပ်သား ခုနှစ်ဦး အား သတ်ဖြတ်ခဲ့မှု အား ၎င်းတို့ကိုယ်တိုင် ထွက်ဆိုဝန်ခံခဲ့သည့် ဗီဒီယို ဖိုင် ပေါ်ထွက်လာခဲ့သည်။

 

ထိုသို့ ကျုးလွန်သည်များကိုယ်တိုင် ဝန်ခဲထားပြီး ဖြစ်၍ ရက္ခိုင်တပ်တော် အနေဖြင့် မိမိတို့ဖာ သာ ရုံးတင် စစ်ဆေးမည့်အစား ၎င်းတို့အား နိုင်ငံတကာ တရားရုံး အိုင်စီစီသို့ လွှဲပြောင်းပေးနိုင်ရန် စီမံ ဆောင်ရွက်သင့်လှပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!