အကြမ်းဖက် စစ်တပ်၏ ဆီတင် သင်္ဘော ဖေါက်ခွဲခံရ အိန္ဒိယ ဖက်မှ ရက္ခိုင် တပ်တော်နှင့် ဆွေးနွေး

by Hla Soewai - Mar 05 2024

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ သတင်းဌာန တခု ဖြစ်သော Public Voice TV မှ ထီးတန်း ဆိပ်ကမ်း သို့ ဆိုက်ကပ်လာသော လေယာဉ်ဆီ တင် သင်္ဘောအား ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ရေငုပ်အထူး တပ်ဖွဲ့) မှ သတင်းအရ သင်္ဘောပေါ်အထိ တက်၍ ချိန်ကိုက်ဗုံး ဖြင့် ဖေါက်ခွဲ နှစ်မြုပ်နိုင်ခဲ့ပြီ ဖြစ်သည် ဟု ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။

 

လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ ၊ ရန်ကင်း နှင့် မြောက်ဒဂုံ မြို့နယ် များ တွင် ဗုံးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟုလည်း သတင်းများက ဆိုသည်။

 

စစ်ကောင်စီ အဖို့ နေရာတိုင်းတွင် လုံခြုံမှု မရှိတော့သည့် အနေအထားမျိုး ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

စစ်ကောင်စီက မူ စက်သုံးဆီ ဂါလံ ၂,၅၀၀ သယ်ဆောင်လာသော ဣနာ ၆ သင်္ဘော ပေါ်သို့ သင်္ဂဇာ ရေယာဉ်မှ လွှဲပြောင်းပေးစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်း ထုတ်ပြန်လာသည်။ ရန်ကုန်မြို့ခံ တဦးကမူ စက်သုံးဆီများ အား သီလဝါ ဆိပ်ကမ်းတွင်သာ ချ ပြီး ထိုမှတဆင့် ဆီတင် ဘောက်ဆာ ကားများ နှင့် သယ်ယူ သည် ဟု ဆိုသည်။ ၎င်းတို့ ပြောသည့် အတိုင်း စက်သုံးဆီ အမှန်ဟု ဆိုပါက ဦးပိုင် လုပ်ငန်းများ အတွက်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။

 

မည်သို့ပင် ဆိုစေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ၏ ရဲ့ဝန့်စွန်စားစွာ လုပ်ဆောင်ခဲ့မှု ကြောင့် ပြည်ပ မှ သင်္ဘောများ အဝင် အထွက် တန့်သွားတော့မည် ဖြစ်ပြီး မြန်မာပြည်အားလည်း War Zone အဖြစ် သတ်မှတ်ကာ အာမခံ ကြေးလည်း မြင့်တက်လာတော့မည် ဖြစ်၍ စစ်ကောင်စီ အား အထိနာ သွားစေသည့် လုပ်ရပ်လည်း ဖြစ်သည်။

 

လက်ရှိတွင် ဧရာဝတီ သတင်းအရ ပြည်ပ မှ စက်သုံးစီ တင်သွင်းသော ကုမ္ပဏီ များအား ဒေါ်လာ ရောင်းချ ပေးနေခြင်း ရပ်ဆိုင်းသွားပြန်၍ ဆိုက်ကပ်ထားသော ဆီတင်သင်္ဘော များ အား ငွေပေးချေ နိုင်ခြင်း မရှိတော့သဖြင့် ဓါတ်ဆီ ပြတ်လပ်မှုုများ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများ တွင် တွေ့လာရသည်ဟု သိရသည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အတွက် အော်စတင် ရှိ တက္ကဆပ် တက္ကသိုလ် မှ ပါမောက္ခ နှစ်ဦး မှ မြန်မာ ပြည်ရှိ တိုင်းရင်းသား လူမျိုး များ ထံမှ စစ်တမ်း ကောက်ယူခဲ့ရာ အမျိုးသား ညီညွတ်ရေး အစိုးရ အား လူထု၏ ထောက်ခံမှု သည် လူမျိုး ပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်း ဖွံ့ဖြိုးသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး အတွက် အသင့်တော်ဆုံး ဖြစ်သည်ဟု ထောက်ခံခဲ့ကြကြောင်း တွေ့ရှိရသည်ဟု ပုံစံပြ ဇယားကွက်များ နှင့် အတူ ထုတ်ပြန်လာခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် များ အဖွဲ့များ နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ရှိနေသော်လည်း နိုင်ငံရေး အရမူ မဆိုသလောက် သာ ရှိသေး၍ အလေးအနက်ထား ၍ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန် လိုသည်ဟု လည်း ထောက်ပြသွားသည်။ တိုင်းရင်းသား အများစုက ၎င်းတို့ နယ်မြေများ အတွင်း ယခင်ကလို ဗမာများ ကြီးစိုးလာမည့် အရေးကို စိုးရိမ်နေကြဆဲ ဖြစ်၍ အင်းမလှုပ် အဲမလှုပ် ဖြစ်နေသည့် အရေးအား အမြန် ဖြေရှင်းရန် လိုသည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ စစ်တွေမြို့တွင်း ရှိ ကိုရီယားဈေးအား အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး များ နှင့် ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိသွားသည့် စစ်ရာဇဝတ်မှု အတွက် တရားမျှတမှု ပြန်လည် ရရှိရေး ရက္ခိုင် တပ်တော်နှင့် ပူးပေါင်းကာ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။

 

လက်ရှိတွင် အောင်ပွဲရ ရက္ခိုင် တပ်တော်သည် စစ်တွေ မြို့ မြောက်ဖက် ကီလိုမီတာ ၃၀ အကွာ ပုဏ္ဍား ကျွန်းရှိ ခမရ ၅၅၀ ဌာနချုပ် အား သိမ်းပိုက်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။ စစ်ကူလာမည့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပြီး စစ်တပ်၏ သံချပ်ကာ ယာဉ်နှစ်စီး အားလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော်မှ သတင်းထုတ်ပြန်ခဲ့သည်။

 

လက်ရှိတွင် စစ်တွေမြို့နေ လူထု တဝက်ခန့် နှင့် အုပ်ချုပ်ရေး ဖက်မှ ပုဂ္ဂိုလ်များ မြို့ကို စွန့်ခွာ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။ စစ်တပ်သည် နေအိမ်များ နှင့် အစိုးရရုံးများ ထဲတွင် ဝင်ရောက် တပ်စွဲကာ ခုခံနိုင်ရန် အဆင်သင့် ပြင်ထားကြသည်ဟု သိရသည်။ စစ်တပ်သည် ရက္ခိုင်တပ်တော် ထိုးစစ်ဆင်လာမည့် အရေးကို ဟန့်တား နိုင်ရန် မြို့အဝင် တံတားများ ဖျက်ဆီးပြီး အရပ်ဖက် ပစ်မှတ်များကို စတင်တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။ အကြမ်းဖက် စစ်တပ်၏ ရေတပ် သင်္ဘော များသည်လည်း ထိုသို့သာ လုပ်နိုင်စွမ်း ရှိပြီး အခြား တိုက်ခိုက်ရေး ဖက်တွင် သုံးစားမရသည့် အဖြစ်ကလည်း ကုလားတန် ဖြစ်အတွင်း စစ်သင်္ဘော သုံးစီး နစ်မြုပ်ခံခဲ့ရသည်က သက်သေခံနေပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းမှ စစ်ရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ထားသည်။

 

ယခုအခါ အိန္ဒိယ ဖက်ခြမ်း မီဇိုရမ် ပြည်နယ်မှ လွှတ်တော် အမတ်များ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရက္ခိုင်တပ်တော် နှင့် လာရောက်တွေ့ဆုံပြီး လမ်းပန်းဆက်သွယ်ရေး နှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ကုလားတန် မြစ်စီမံကိန်းများ ကို ဆွေးနွေးခဲ့ကြသည်ဟု ဟိန္ဒူ သတင်းစာကြီးမှ ဓါတ်ပုံ နှင့် တကွ အကျယ်တဝင့် ရေးသား ဖေါ်ပြထားသည်။

 

၂၀၂၄ အတွက် အမေရိကန် အစိုးရမှ ချီးမြှင့်သော အမျိုးသမီး သတ္တိရှင်များ ဆုကို မြန်မာ အမျိုးသမီး ဒေါ်မြင့်ဇူဝင်း မှ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလာရုစ်၊ ဘော့စနီယား နှင့် ဟာဇီဂိုဗီနား၊ ကျုးဘား၊ အီကွေဒေါ၊ အီရန်၊ ဂျပန်၊ မော်ရိုကို နှင့် ယူဂန္ဓာ နိုင်ငံများ မှ အမျိုးသမီး များ နှင့် အတူ ရရှိသွားသည်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော စာရင်းတွင် ပါရှိလာခဲ့သည်။

 

ဆုရရှိသူများကို မတ်လ ၄ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့် သမ္မတ ကတော် ဂျေး ဘိုင်ဒင် တို့ မှ ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။

 

ဒေါ်မဥ္ဇူဝင်းသည် နိုင်ငံတွင်းရှိ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ မစွမ်းမသန်များ၊ LGBTQI များ အတွက် အခြေခံ အခွင့်အရေး များ နှင့် တရားမျှတမှု ရရှိရေး အတွက် အမှုပေါင်း ၅၀၀ ကျော်ခန့် ကို မနားမနေ အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတဦး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

ဂျနီဗာ တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် တွင် ဥက္ကဌ ဖြစ်သူ ‌ဗော်ကာ တပ်ခ်မှ မြန်မာပြည်သူများသည် ၎င်းတို့ အတွက် ပိုမို ကောင်းမွန် လုံခြုံမှု ရှိမည့် အနာဂတ် ပေါ်ထွက်လာရေး မျှော်လင့်ချက် အား အရာရာတိုင်းကို စွန့်လွှတ် အနစ်နာခံကာ ဆုပ်ကိုင်ထားဆဲ ဖြစ်၍ နိုင်ငံတကာမှ ထောက်ခံပံ့ပိုးမှု ပေးရန် လိုအပ်နေသည်ဟု မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

လူ့အခွင့်အရေး ကော်မရှင်မှ ရရှိနိုင်ခဲ့သော သက်သေ အထောက်အထားများအရ ပြည်သူ စုစုပေါင်း ၄,၆၀၃ ဦး သေဆုံးခဲ့ပြီး၊ ထိုအထဲတွင် အမျိုးသမီး ၆၅၉ ဦး၊ ကလေးသူငယ် ၄၉၀ ဦး ပါရှိသည်ဟု လည်း ကမ္ဘာကို အသိပေး လာခဲ့သည်။ ဇန်နဝါရီလ အတွင်း သေဆုံးခဲ့သူ ၂၃၂ ဦး တွင် ၁၄၅ ဦးသည် လေကြောင်းနှင့် လက်နက်ကြီးများ ဖြစ် ပစ်ခတ်ခံခဲ့ရ၍ ဖြစ်သည်ဟု ဆိုသည်။

 

၎င်းမှ နိုင်ငံတကာ အနေဖြင့် မြန်မာပြည် အပေါ် ပြန်၍ အာရုံစိုက်ပြီး အာဏာသိမ်း အဖွဲ့ လက်ဝယ်သို့ လက်နက်များ၊ လေယာဉ်ဆီများ နှင့် နိုင်ငံခြားငွေ များ မရောက်ရှိအောင် ဖြတ်တောက်ပစ်ရန်လည်း ထပ်မံ တောင်းဆိုကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!