အရှေ့အလယ်ပိုင်း၏ ခေတ်သစ် သမိုင်းတလျောက် အဘယ် ကြောင့် ဒီမိုကရေစီ ပျောက်ဆုံးနေရသနည်း နှင့် နိုင်ငံများ၏ အတွင်း နှင့် အပြင်တွင် အကြမ်းဖက်မှု များ လွှမ်းမိုးနေရသနည်း ဆိုသည်က ထင်ကြေးပေး မှန်းဆယုံ၊ ငြင်းခုန် ပြောဆိုနေယုံမျှ နှင့် တော့ မလုံလောက်ပေ။
အချို့က ယခင် ကိုလိုနီ စနစ် ၏ အမွေအနှစ်များ ကြောင့်ဟု အပြစ်ဖို့ခဲ့ကြသည်။ ဆိုလိုသည်က ကိုလိုနီ အရှင်သခင်များသည် ဒေသတွင်း နယ်နမိတ် များကို ရေးဆွဲ ပိုင်းခြားခဲ့ကြရာတွင် လူမျိုးနွယ်စုများ၏ သွင်ပြင် လက္ခဏာများကို လျစ်လျု ရှုခဲ့ကြပြီး လိုအပ်သည့် ဒီမိုကရေစီ စနစ် နှင့် ဈေးကွက်များ ကောင်းမွန်စွာ လည်ပတ်နိုင်အောင် လုံလောက်စွာ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိခြင်းကြောင့်ပင် ဖြစ်သည်။
ဤသည်ကလည်း အမှန်ပင် ဖြစ်သည်။ သို့သော် ကိုလိုနီ အရှင်သခင်များ အသီးသီး ထွက်ခွာသွားကြသည်မှာ ရာစုနှစ်ဝက် ကျော်ပင် ရှိလာနေပြီ ဖြစ်၍ ဒေသတွင်းရှိ နာတာရှည် ရောဂါကြီး အတွက် အကြောင်းပြစရာက တဖြေးဖြေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့နှင့်အတူ တချိန်တည်း နီးပါး ကိုလိုနီ ဘဝ ရောက်ခဲ့သည့် အာရှ နိုင်ငံများသည် ကြီးပွား တိုးတက်နေကြပြီ ဖြစ်သည်။
အချို့ကလည်း အမေရိကန် သည် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် မတည်မငြိမ် ဖြစ်လာမည့် အရေး ကို စိုးရွံ့၍ ဒီမိုကရေစီ ထွန်းကားရေအား ၎င်းတို့ ၏ နိုင်ငံခြားရေး မူဝါဒ တွင် ဦးစားပေး အဖြစ် မထားရှိခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။
အချို့ကလည်း ဒေသတွင်း သွားရာလမ်းကြောင်းသည် လူ နှင့် ယဉ်ကျေးမှု ကို ဦးစားပေးနေပြီး အစ္စလမ် တွင်လည်း နိုင်ငံရေး နှင့် ဘာသာရေး ပိုင်းခြားထားခြင်း မရှိ၊ ခေတ်သစ် ကမ္ဘာကြီး၏ ခေတ်မီ ဆန်းသစ်လာမှု များ နှင့် ဂလိုဘယ်လိုက်ဇေး ရှင်း၏ စိန်ခေါ်လာမှု များ အပေါ် အာရပ်တို့နှင့် ဓါတ်မတည့် ဖြစ်လာသော ကြောင့်ဟု ထောက်ပြခဲ့ကြသည်။
မည်သို့သော အကြောင်းကြောင့် ဖြစ်စေ မည်သို့မျှ အငြင်းမပွားနိုင်သည်က အရှေ့အလယ်ပိုင်းတွင် လွတ်လပ်မှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးကြွယ်ဝမှု များ ဖြစ်ပေါ်လာစရာ အခြေအနေများ အကြီးအကျယ် ပျက်ယွင်းနေခဲ့သော ကြောင့် ဆိုသော အချက်ပင် ဖြစ်သည်။
ကမ္ဘာပေါ်တွင် လူဦးရေ အရသော်၎င်း၊ မြေ အကျယ်အဝန်းရသော်၎င်း၊ စီးပွားရေး အရသော်၎င်း ရာခိုင်နှုန်း အားဖြင့် အနည်းငယ်မျှသာ ရှိသော ဒေသ သည် အဘယ်ကြောင့် ကမ္ဘာသတင်းများ တွင် ပြူးကနဲ ပြဲကနဲ နေရာယူလာရပေသနည်း။ အဘယ်ကြောင့် အရှေ့အလယ်ပိုင်းသည် အရေးပါနေရသနည်း။
အကြောင်းရင်း တခုသည်က စွမ်းအင် ကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ အရှေ့အလယ်ပိုင်းမှ ထွက်ရှိသော ရေနံ နှင့် ဓါတ်ငွေ့သည် ကမ္ဘာစီးပွားရေး ၏ အစိတ်အပိုင်း အတော်များများကို မောင်းနှင် ပေးနေသောကြောင့်ပင် ဖြစ်သည်။ ကမ္ဘာတဝှမ်း ထွက်ရှိ နိုင်သည်ဟု တွက်ချက် ခန့်မှန်းထားပြီးသော ရေနံ ပမာဏ၏ ထက်ဝက် ကျော် သိုမှီးထားသည်။
ဆော်ဒီအာရေဗီယားသည် ရေနံ ထွက်ရှိနိုင်သည့် ပမာဏ တွင် ဗင်နီဇွဲလားပြီးလျှင် ဒုတိယ အများဆုံး ပိုင်ဆိုင်ထားပြီး၊ ထုတ်လုပ်မှုတွင် အမေရိကန် ပြီးလျှင် ဒုတိယ အများဆုံး ဖြစ်သည်။ ထို့ပြင် ရေနံကို ပြည်ပသို့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံလည်း ဖြစ်သည်။
အလားတူပင် သဘာဝ ဓါတ်ငွေ့တွင်လည်း တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသော ပမဏ ၏ တဝက် နီးပါးကို ပိုင်ဆိုင်ထားပြန်သည်။ ဆော်ဒီအာရေဗီယား၊ အီရန် နှင့် ကွာတာသည် ပိုင်ဆိုင်မှု စာရင်းတွင် ထိပ်ဆုံး လေးနိုင်ငံထဲ ပါဝင်နေသည်။
နှစ်ပေါင်း ခြောက်ဆယ် နီးပါး ကမ္ဘာ ရေနံထုတ်လုပ် ဖြန့်ချီမှု နှင့် ဈေးနှုန်း အား အဆုံးအဖြတ် ပေးနိုင်သည့် အိုပက်ဟု ခေါ်သောကမ္ဘာရေနံ ထုတ်လုပ်သော နိုင်ငံများ အဖွဲ့ ဝင် နိုင်ငံ အများစုသည် အရှေ့အလယ်ပိုင်းတွင် ရှိနေသည်။
အဆိုပါ ဒေသ ၏ အရေးပါမှု အတွက် နောက်ထပ် အကြောင်းရင်း တခုသည် ဘာသာရေး ပင် ဖြစ်သည်။ ဂျေရုဆလင်သည် ကမ္ဘာ၏ အဓိက ဘာသာကြီး သုံးခု ဖြစ်သော ခရစ်ယာန်၊ အစ္စလမ် နှင့် ဂျုးတို့ ကိုးကွယ်သော ဂျုဒီယစ်ဇင် တို့ အတွက် လွန်စွာ အရေးပါသော မြို့လည်း ဖြစ်သည်။ ထိုဘာသာကြီးများအား ကိုးကွယ် ယုံကြည်သည့် ဘီလီယံ ပေါင်းများစွာ ရှိ လူများသည် ကမ္ဘာတဝှမ်း တွင် ပြန့်ကျဲနေပြီး ဂျေရုဆလင် တွင် ဖြစ်ပျက်နေသည်များကို ၎င်းတို့ အရေးကဲ့သို့ စိတ်ဝင်တစား စောင့်ကြည်နေကြသည်။
နိုင်ငံတကာ ဆက်ဆံရေးသည် နိုင်ငံရေး ပရိယာယ် နှင့် မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက်သာ မဟုတ်တော့ပဲ လူများကို ဆွဲဆောင်စည်းရုံးနိုင်မည့် အတွေး အခေါ်များ နှင့် ယင်းအား အဓိက ပံ့ပိုးပေးနေသည့် ဘာသာရေးလည်း ပါဝင်နေသည်။
တတိယ အကြောင်းရင်းသည်ကာ သိသိသာသာပင် အပျက်သဘောကို ရှေးရှုနေသည်။ အရှေ့အလယ်ပိုင်းသည် အကြမ်းဖက်မှု များ နှင့် ပြည့်နှက်နေသော ဒေသ ဖြစ်သည်။ အကြမ်းဖက်သမား များလည်း လွန်စွာ ပေါများ နေသည်။ မကြာမီ နှစ်များ အတွင်း ကမ္ဘာတဝှမ်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု များ၏ တဝက် နီးပါးသည် ထိုဒေသရှိ အကြမ်းဖက် သမားများ၏ ခြေရာလက်ရာ မကင်းဟု ဆိုရမည် ဖြစ်သည်။ ၂၀၁၄ တနှစ်တည်းမှာပင် ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း နှစ်သောင်း ကျော် အသက် ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်သည်။
အကြမ်းဖက် သမားများ အပြင် အစိုးရများက ထိန်းချုပ် နိုင်ခြင်း မရှိသော လက်နက်ကိုင် စစ်တပ် တပိုင်း အဖွဲ့အစည်းများ နှင့် ပြည်သူ့စစ် ဆိုသူများလည်း ရှိနေသည်။
ထိုအထဲတွင် အီရန်သည် နျူကလီယား လက်နက် ပိုင်ဆိုင်လာနိုင်၍ အခြားနိုင်ငံများလည်း အလားတူ ပိုင်ဆိုင်ရန် ကြိုးပမ်းလာနိုင်၍ ပျံ့နှံ့လာမည့် အန္တရာယ် ရှိလာနေသည်။
နောက်ဆုံး တခုသည်ကား အစ္စရေးပင် ဖြစ်ပြီး ယင်းနှင့်အတူ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ပင် ဖြစ်သည်။ အစ္စရေးသည် ၁၉၄၈ တွင် နိုင်ငံ အဖြစ် မွေးဖွားလာခဲ့သည်။ ယင်းသည် နှစ်ဆယ်ရာစုနှစ် ပထမ ပိုင်းတွင် တဖြေးဖြေး အရှိန်ရလာခဲ့သော ဇီယွန်ဝါဒီ တို့၏ လှုပ်ရှားမှု မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နာဇီ ဂျာမဏီ လက်တွင် ဂျူး ခြောက်သန်း ခန့် သေဆုံးခဲ့ရသည့် မီးလောင်တိုက်သွင်းခံခဲ့ရပြီး နောက် နိုင်ငံ အဖြစ် ထွက်ပေါ်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂျူးများက ထိုသို့သော ကပ်ဘေးကြီး နောက်ထပ် မဖြစ်ပေါ်အောင် ရှောင်ရှားနိုင်မည့် တခုတည်းသော နည်းလမ်းအဖြစ် ကိုယ်ပိုင် နိုင်ငံတခု ရှိမှ ဖြစ်မည်ဟု ယုံကြည်လာကြသည်။
ယင်းအား ကမ္ဘာပေါ်ရှိ အစိုးရ အများအပြားကလည်း ယုံကြည်လာကြသည်။ ဤသို့ဖြင့် ကုလသမဂ္ဂ တွင် မဲခွဲ ဆုံးဖြတ်ပြီး နိုင်ငံ အဖြစ် ထူထောင်ပေးခဲ့သည်။
သို့သော် အာရပ် ကမ္ဘာရှိ နိုင်ငံ အများအပြားက ၎င်းတို့ အပေါ် အနောက်တိုင်းနိုင်ငံများ၏ ဖန်တီးပေးလာမှု ဟု ဆိုကာ ဒေါသ အမျက်ချောင်းချောင်း ထွက်ခဲ့ကြပြီး အစ္စရေး နိုင်ငံ တည်ရှိခွင့် ကို ပယ်ချခဲ့ကြသည်။ ထိုအချိန်အထိ နိုင်ငံတနိုင်ငံ အဖြစ် မရပ်တည် နိုင်သေးသော ပါလက်စတိုင်းများသည်လည်း အကျပ်အတည်း နှင့် ရင်ဆိုင်လာခဲ့ရသည်။
ထို့နောက်တွင်တော့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် နောက်ထပ် နှစ်ပေါင်း ခုနှစ်ဆယ် အကြာ ယခုထိ ဆက်လက် ဖြစ်ပွားလာခဲ့ရာမှ ကမ္ဘာ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ရသည်။