ထိုင်း ပါလီမန် တွင် မြန်မာ အရေး ညှိနှိုင်းဆွေးနွေးပွဲ စတင်

by Hla Soewai - Mar 05 2024

စစ်မြေပြင် တွင် ၎င်း ၏ တပ်များ နေ့စဉ်လို အလဲလဲ အပြိုပြို ဖြစ်လာနေကာ ၁၉၅၀ ကျော် နှစ်များ နောက်ပိုင်းကစ၍ စစ်တပ် သမိုင်းတွင် အဆိုးဝါးဆုံး ရှုံးနိမ့်မှု များ ရင်ဆိုင်နေရသော မင်းအောင်လှိုင်၏ ကာကွယ်ရေး ဦးစီးချုပ် ဘဝ သည် ဂုဏ်သိက္ခာ ကျဆင်း လာနေပြီ ဆိုသည့် အဖြစ်က မည်သို့မျှ လျှောက်လဲချက် ပေး၍ မရသော သမိုင်းတွင် ကျန်ရစ်တော့မည် ဖြစ်စဉ်ကြီးလည်း ဖြစ်နေပေပြီ။

 

ယင်းကို ပို၍ ထင်ရှားသွားစေခဲ့သည်က ဇန်နဝါရီ ၁၆ ရက်နေ့က ပြင်ဦးလွင်တွင် ပြုလုပ်သော စစ်တပ် ထောက်ခံပွဲတွင် တက်ရောက်လာသူများက ၎င်းအား နှုတ်ထွက်ပေးရန် ဝိုင်းဝန်း တောင်းဆိုလာကြခြင်း ပင် ဖြစ်သည်။

 

တပ်ထဲတွင်လည်း စစ်ဖက်အရာရှိကြီးများကပင် နောက်ကွယ်တွင် ဆဲဆို ရေရွတ် ခံနေရသူလည်း ဖြစ်ပြီး ရန်သူများက နေ့စဉ်လို တိုး၍ လာနေပြီး အာဏာသိမ်း အဖွဲ့ အတွက် အောက်ဆုံး အဆင့် ရောက်နေသော အခြေအနေဟု ဂျပန် အခြေစိုက် The Diplomat မဂ္ဂဇင်းတွင် မျက်နှာဖုံး ဆောင်းပါး အဖြစ် ဖွဲ့နွဲ့ ရေးသားထားသည်။

 

နောက်ထပ် ရန်သူ အဖြစ် ထပ်တိုးသွားစေသည်က ထိုင်း ပါလီမန် အမတ်များ ဦးဆောင်၍ “အာဏာသိမ်း ပြီး သုံးနှစ်အကြာ” ခေါင်းစဉ် ဖြင့် စနေနေ့ တွင် ဆွေးနွေးပွဲ ပြုလုပ်လာခဲ့ခြင်းပင် ဖြစ်သည်၊ ထိုဆွေးနွေးပွဲ သို့ အမျိုးသား ညီညွတ်ရေး အစိုးရ မှ အဆင့်မြင့် ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ အာဏာသိမ်း အဖွဲ့ကို ပါ ဖိတ်ကြားခဲ့သည်။

 

ထိုဆွေးနွေးပွဲအား နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်သူများ မျက်နှာခြင်းဆိုင် တွေ့ဆုံ ဖြစ်ရန် ပထမ ခြေလှမ်း ဖြစ်ပြီး ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး ဆီသို့ ဦးတည် စေရန် ရည်ရွယ်သည်ဟု ဆွေးနွေးပွဲ အား ကမကထ လုပ်သူ ထိုင်း အောက်လွှတ်တော် အမတ် နှင့် ရှေ့သို့ချီ ပါတီ၏ လက်ထောက် အထွေထွေ အတွင်း ရေးမှုး ချုပ်လည်း ဖြစ်သည့် Rangsiman Rome က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

သို့ဖြစ်၍လည်း အာဏာသိမ်း အဖွဲ့သည် ပါဝင်ဖို့ နေနေသာသာ ထိုလုပ်ရပ်သည် ထိုင်း-မြန်မာ ဆက်ဆံရေး ကို အပျက်သဘော သို့ သက်ရောက်စေနိုင်၍ ဖျက်သိမ်းပေးရန်နှင့် အပြင်းအထန် ကန့်ကွက်ကြောင်း စာရေးသား ပေးပို့ လာခဲ့သည် အထိ မိုက်မဲလာခဲ့သည်၊ 

 

မင်းအောင်လှိုင်သည် မည်သို့သော နိုင်ငံရေး ဖြေရှင်းချက်မှ ထွက်ပေါ်လာမည် ရလဒ်မှန်သမျှသည် ၎င်းအတွက် နေရာမရှိတော့ဆိုသည်ကိုလည်း ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။

 

ဤသည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် လက်ရှိ ပဋိပက္ခကြီး အား နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် မကြိုးစားပဲ စစ်ရေး ဖြင့် အနိုင်ယူသွားရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည် ဆိုသည်က နိုင်ငံတကာကလည်း ကောင်းစွာ သဘောပေါက်သွားအောင် ထိုင်း ပါလီမန်တွင်း ဆွေးနွေးပွဲက သက်သေပြလိုက်ပြီ ဖြစ်သည်၊ ထိုသို့ ပဏာမ သဘော ဆောင်သည့် ဆွေးနွေးပွဲ အဆင့်ကိုပင် ကန့်ကွက်နေကြ ပြီ ဖြစ်သည်၊ မြန်မာ နိုင်ငံ တွင်း ပဋိပက္ခသည် မည်သို့မျှ အဆုံးသတ်ရန် အလားအလာ မရှိ ဟု နိုင်ငံတကာက ယူဆထားကြ၍ ပြီးပြီးရော ပြေလည် ရာ ပြေလည် ကြောင်း ဖက်သို့သာ တွန်းအား ပေးနေ၍ ပြည်သူများ အနေဖြင့် မိမိတို့ အရေးကိုသာ မိမိ တို့ ရုန်းကန် တွန်းလှန် ဖြေရှင်းကြရတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် မိသားစုက တော့ ၎င်းတို့ အတွက် မှုစရာ မဟုတ် ဟု ယူဆကာ တိုင်းပြည်စီးပွားရေး ကို လက်ဝါးကြီး အုပ်သည်ထက် အုပ်လာနေပြီ ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီးများကလည်း မင်းအောင်လှိုင်အား ကွယ်ရာတွင် “ကန်ထရိုက်တာ” ဟု ပင် အမည်ပေး ခေါ်ဆိုလာကြပြီး မတရား လောဘ ကြီးလွန်လှသည့် အာဏာရှင် ဟု ယူဆထားကြပြီး ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

သားဖြစ်သူကလည်း စစ်မြေပြင် တွင် ၎င်းတို့ အတွက် အသက်စွန့် တိုက်ခိုက်ပေးနေရသည့် စစ်သည်များ၏ အသက်အပေါ်တွင် ပင် အာမခံထား အမြတ်ထုတ်ခြင်း၊ စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းမှန်သမျှ ဆောက်လုပ်ရေး၊ ကုန်ကြမ်း သွင်း၊ ဆေးရုံ ကုတင်များ သွင်းခြင်း အစရှိသည့် လုပ်ငန်းမှန်သမျှ သား ဖြစ်သူ ၏ Authentic Group of Companies အမည် ပေး ဖွဲ့စည်းထားသည့် ကုမ္ပဏီခွဲများက တာဝန်ယူထားပြီး ဖြစ်သည်။

 

ဤသည်ကလည်း ၂၀၁၄ တွင် ၎င်း၏ လူယုံ ဖြစ်သူ ညိုစော အား စစ်ထောက်ချုပ် အဖြစ် ခန့်အပ်လာပြီးနောက်တွင် ၎င်း၏ ပံ့ပိုးပေးမှုဖြင့် တဟုန်ထိုး ကြီးပွားလာခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တပ်ရင်း တပ်ဖွဲ့များ၊ စက်ရုံ အလုပ်ရုံများသို့ လှည့်လည် စစ်ဆေးရန် ရောက်လာသည့် အခါတိုင်း ဒီအဆောက်အအုံ မကောင်းတော့၊ အသစ် ဆောက်ရမည်၊ ဒီဟာ ပြင်ရမည်၊ ဒီပစ္စည်း လိုသည် ဟု ပြောလေ့ရှိပြီး လိုက်လံမှတ်သားကြသူများကလည်း တာဝန်သိစွာ ဖြင့် ၎င်း၏ သားဖြစ်သူ ပိုင်သော ကုမ္ပဏီ များ အား ကန်ထရိုက် ချပေးကြရသည်ဟု စီဒီအမ် စစ်ဖက်အရာရှိတဦးက ပြောပြခဲ့သည်။

 

ရန်ကုန် မင်္ဂလာဒုံ ရှိ ကုတင် ၁,၀၀၀ ဆန့် စစ်ဆေးရုံ၏ အမျိုးသမီး လေးထပ် ဆောင်အား Authentic မှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော်လည်း တနှစ်မပြည့်ခင်မှာပင် ယို့ယွင်းပျက်ဆီးလာသော်လည်း မည်သူမျှ မပြောရဲ မဆိုရဲ ဖြစ်နေကြသည်ဟု အဆိုပါ အရာရှိက ဆိုသည်။

 

မြန်မာ နိုင်ငံ တွင်း လူငယ်များအား မဖြစ်မနေ စစ်မှု ထမ်းရမည် ဆိုကာ ဥပဒေ ဖြင့် အတင်းအကျပ် လုပ်လာသည်ကို အရေးယူပေးရန် အရပ်ဖက် အဖွဲ့အစည်း ပေါင်း ၃၉၇ ဖွဲ့ မှ လက်မှတ်ထိုးကာ ကုလ လုံခြုံရေး ကောင်စီ သို့ တင်ပြခဲ့သည်။ မြန်မာ စစ်ခေါင်းဆောင်များသည် ၎င်းတို့ ကျုးလွန်နေသော စစ်ရာဇဝတ်မှုများ အတွက် တာဝန်ခံနိုင်အောင် မလုပ်နိုင်သရွေ့ ဒေသတွင်း ငြိမ်းချမ်းရေးသည် အလှမ်းကွာနေဦးမည် သာ ဖြစ်သည်ဟုလည်း ထောက်ပြထားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!