အိုင်စီဂျေအမှု တွင် ဒေါ်အောင်ဆန်းစုကြည်သည်သာ အနိုင်ရသူ အဖြစ် ထွက်ပေါ်လာ

by Hla Soewai - Feb 08 2020

နိုင်ငံ တကာ တရားရုံးချုပ်၏ ပဏာမ စီရင်ချက်တွင် မည်သည့်ဖက်က အပေါ်စီး ရသွားခဲ့သည် ဆိုတာနဲ့ ပတ်သက်ပြီး အမြင်များ ကွဲပြားခဲ့ကြပါတယ်။ မည်သို့သော အမြင်များ ရှိနေပါစေ ဒေါ်အောင်ဆန်းစုကြည် သည် သာ အကြီးကျယ်ဆုံး အောင်ပွဲ ခံသွားခဲ့တယ်လို့ Nikkei Asia Review မှာ အခုလို သုံးသပ်ထားပါတယ်။

 

အိုင်စီဂျေ ၏ ချမှတ်ခဲ့သော ယာယီ အစီအမံ များ တွင် မည်သို့ပင် ပြဠာန်းချက်များ ပါရှိခဲ့စေကာမူ တကယ်တမ်း တွင် လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ဟူသော တွေ့ရှိချက် ပါရှိလာခဲ့ပါတယ်။ သို့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက်ကို နှစ်ဖက် က တင်ပြလာတဲ့ လျှောက်လှဲချက်တွေ၊ သက်သေအထောက်အထား တွေ၊ ပေါ် မူတည်ပြီး နောက်ပိုင်းမှာ ဆုံးဖြတ်မှာဘဲ ဖြစ်ပါတယ်။

 

ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်ခဲ့တဲ့ ပဏာမ စီရင်ချက်တွင် “ရိုဟင်ဂျာ” ဆိုသူများသည် လွန်စွာမှ အန္တရာယ် မလုံခြုံတဲ့ အနေအထားမှာ ရှိနေပြီး ပြန်လည် အစားထိုးမရသော ထိခိုက်နစ်နာမှု များ ကြုံတွေ့ခဲ့ရသည့် အတွက် မြန်မာ အနေဖြင့် (၁) အဆိုပါ အုပ်စုဝင်များအား သတ်ဖြတ်ခြင်း (၂) ရုပ်ပိုင်း စိတ်ပိုင်း ဆိုင်ရာ ထိခိုက် အနာတရ ဖြစ်အောင် ပြုလုပ်ခြင်း (၃) တမင်တကာ ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ လူနေမှုဘဝများအား တစိတ်တပိုင်း သို့မဟုတ် အားလုံးကို ဖျက်ဆီးခြင်း  (၄) အဆိုပါ အုပ်စုဝင်များအတွင်း ကလေးမွေးဖွားမှုများ တားမြစ်သည့် အစီအစဉ်များ မချမှတ်နိုင်ရန် အစရှိသည်တို့ အား မိမိတို့ ၏ လုပ်ပိုင်ခွင့် အာဏာ များ ကို အသုံးပြု တားမြစ်ပေးခြင်း တို့ ပါရှိလာခဲ့ပါတယ်။

 

နိုင်ငံတကာ ရှိ မျက်စိကြီး နားကြီး ဥပဒေ ပညာရှင်များ နဲ့ လေ့လာသုံးသပ်သူများကတော့ ဂမ်ဘီယာ ကနေ လူမျိုးတုံး သတ်ဖြတ်မှုကို စီရင်ချက်ထဲ ပါအောင် ကြိုးပမ်းလာတာကိုက အားနည်းချက် ဖြစ်သွားတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီနေရာမှ ဂမ်ဘီယာ အနေနဲ့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ က ဒီအုပ်စုဝင်တွေကို လူမျိုးတုံးစေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တယ် ဆိုတာကို သက်သေပြဖို့ လိုအပ်လာပါလိမ့်မယ်။ ယခင် အလားတူ အမှုများကို သုံးသပ်ရင် ဂမ်ဘီယာ ဖက် ကို အလေးသာနိုင်မှု မရှိနိုင်ဘူး ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဆာဘီယား အား လူမျိုးတုံး သတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရာမှာ အိုင်စီဂျေက ထိုသို့ ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်မှု မတွေ့ရဟု ဆိုကာ အမှုကို ပယ်ချခဲ့ပါတယ်။ ဂမ်ဘီယာ သည် စစ်ရာဇဝတ်မှုများ၊ လူမျိုးရေး သန့်စင်မှုများနဲ့ သာ စွဲချက်တင်မယ်ဆိုတဲ့ မဟာဗျူဟာ ကို ကျင့်သုံးခဲ့မယ် ဆိုရင် အမှုနိုင်ဖို့ အခြေအနေ ကောင်းနိုင်ပါတယ်။

 

အိုင်စီဂျေ ဆုံးဖြတ်ချက် ချမယ့်နေ့မှာဘဲ ဒေါ်အောင်ဆန်းစုကြည်မှ Financial Times သတင်းစာ ကနေ ဆောင်းပါးနဲ့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ထိုဆောင်းပါးထဲမှာ သူမရဲ့ ပြန်လည် ချေပချက် နဲ့ မကြာမီက ဆောင်ရွက်ချက်တွေကို ကြည့်မယ် ဆိုရင် ဂမ်ဘီယာက တင်ပြလာတဲ့ သက်သေ အထောက်အထားများနဲ့ “အထောက်အထား မခိုင်လုံသော ဇတ်လမ်းများ” အပေါ် ကုလ နဲ့ အင်ဂျီအို များ မှ အားပြုကာ ကောက်ချက်ချနေတယ်ဆိုပြီး စောဒက တက်လာခဲ့တာကို ကြည့်ရင် မြန်မာဖက်က မဟာဗျူဟာ အသစ် ချမှတ်လာတယ် ဆိုတာ တွေ့နိုင်ပါတယ်။

 

လူများကို စနစ်တကျ သတ်ဖြတ်ခြင်း နဲ့ မုဒိမ်းမှု ကျူးလွန်ခြင်း ဟု ပြောဆိုနေမှုတွေကို စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရရဲ့ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်ကလည်း အချို့သော ဒုက္ခသည်များရဲ့ မတိကျ မရေရာပဲ ချဲ့ကားပြောဆိုမှု တွေ့ရတဲ့အပြင် လူမျိုးတုံး သတ်ဖြတ်မှု သက်သေ အထောက်အထားများ လုံလောက်စွာ မတွေ့ခဲ့ရဘူးလို့ အပြီးသတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာကို ဝေဖန်နေသူတွေရဲ့ စိမ်ခေါ်မှုတွေကို တုန့်ပြန်လာနိုင်မယ့် သတင်း အချက်အလက်တွေကို မကြာမီ လများ အတွင်းမှာ ထပ်မံ ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

 

အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်ထဲမှာ လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိတယ်လို့ သွယ်ဝိုက် ပါရှိနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး အပြင်းအထန် ငြင်းခုံ ဆွေးနွေးမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဂမ်ဘီယာ ကို ထောက်ခံတဲ့ လူတွေက လူမျိုးတုံး သတ်ဖြတ်မှု မဖြစ်အောင် ကာကွယ်ရမယ် ဆိုတာ ပါရှိလို့ ဖြစ်ခဲ့တယ်လို့ ဆိုလိုကြောင်း ပြောဆိုနေခဲ့ကြပါတယ်။ မြန်မာဖက်က ထောက်ခံသူတွေကတော့ ဒီ ဆုံးဖြတ်ချက်သည် ဂျီနိုဆိုက် ကွန်ဗင်းရှင်း ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ အနေနဲ့ စာချုပ်ပါ လိုက်နာရမယ့် တာဝန်တွေကို သာ ထောက်ပြသွားခြင်း ဖြစ်တယ်လို့ ဆိုနေပါတယ်။ သို့သော်လည်း နောက်လေးလ အတွင်း မြန်မာက ဒါနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတာတွေ တင်ပြရမယ်ဆိုတာ ကတော့ အတော်လေး ပြင်းထန်ပြီး အရေးပါ နေတာ တွေ့ရပါတယ်။ မြန်မာအနေနဲ့ အသုံးဝင်သည် မဝင်သည် ဖြစ်စေ လုပ်ခဲ့တာတွေကို စာရင်းရှည်ကြီး ပြုစုတင်ပြလာမှာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။

 

နိုင်ငံတကာ စည်းဝိုင်းအပြင်ဖက် အမှုနဲ့ ပတ်သက်တဲ့ တကယ့် တိုက်ပွဲကြီးကတော့ နိုင်ငံတွင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အိုင်စီဂျေ အမှုမှာ စွပ်စွဲချက်တွေကို အာခံပြီး ထိပ်တိုက်ဖြေရှင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သည်သာ တိုင်းပြည်၊ လူမျိုး နဲ့ စစ်တပ်ကို ကာကွယ်ပေးခဲ့သူ အဖြစ် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအတွက်လည်း သူမအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ စစ်တပ်ကို အရပ်ဖက် အုပ်ချုပ်မှု အောက် ပြန်လည် ထားရှိရေး တိုက်ပွဲတွေ အတွက် အင်အားတွေ ဖြစ်လာခဲ့ပါတယ်။

 

အမှုနဲ့ ပတ်သက်တဲ့ ဥပဒေ ရှုဒေါင့်က ကျော်လွန်ပြီး နိုင်ငံရေး ဖက်မှာ ရိုက်ခတ်လာနိုင်မှုတွေကို ကြည့်ခဲ့တဲ့ လူတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်ထဲမှာ ရှိတဲ့ တရားစီရင်ရေး စနစ်နဲ့ ၎င်းတို့ ကျူးလွန်ခဲ့မှုတွေကို တာဝန်ခံစေခြင်းဖြင့် စစ်တပ်ကို လိမ္မာယဉ်ပါးလာအောင် လုပ်မယ်လို့ သံဓိဠာန် ချထားတာ ထင်ရှားတယ် လို့ ဆိုပါတယ်။ အိုင်စီဂျေ ကို ထိပ်တိုက် ရင်ဆိုင်ခဲ့ခြင်းကြောင့် လူထုထောက်ခံမှုတွေ လှိုက်လှိုက်လှဲလှဲ ရလာခဲ့ခြင်း၊ စစ်တပ်အပေါ် နိုင်ငံတကာ က ဝိုင်းဝန်း ရှုတ်ချပြီး ဝိုင်းပယ် ခံနေရခြင်း ဆိုတဲ့ အနေအထားတွေ ပေါင်းစပ်လိုက်ရင် အိုင်စီဂျေ အမှု ကြောင့် စစ်ဖက် နဲ့ အရပ်ဖက်အကြား အာဏာချိန်ခွင်လျှာ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်စရာ ရှိနေပါတယ်။

 

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ ရှုဒေါင့်က ချည်းကပ်မယ့် မဟာဗျူဟာကို စစ်တပ်အနေနဲ့ လက်ခံ မလား ဆိုတာ တော့ မသဲကွဲ လှပါဘူး။ ဗိုလ်ချုပ်ကြီးတွေက သူတို့ အဖို့ လှုပ်လေမြုပ်လေ ဖြစ်နေတဲ့ နွံအိုင်ကြီးထဲက ရုန်းထွက်နိုင်ဖို့  အလယ်အလတ် အဆင့် အရာရှိအချို့ကို စတေးလိုက်ဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်လာနိုင်ပါတယ်။ ဒီလိုမှ မလုပ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က သူတို့ အပေါ် အပြစ်ပုံချလာတော့မှာကို စိုးရိမ်နေလို့ပဲ ဖြစ်ပါတယ်။

 

အိုင်စီဂျေ အမှုသည် လာမည့် ရွေးကောက်ပွဲအတွက် သိသိသာသာ အရေးပါလှတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။ အရှက်တကွဲ နဲ့ ဘေးရောက်နေပြီ ဖြစ်တဲ့ စစ်တပ်အနေနဲ့ မဲဆန္ဒရှင်တွေကို သူတို့ဖက် ပါလာအောင် ဆွဲဆောင်နိုင်မယ့် အစွမ်းအစ တွေ ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ ထောက်ခံမှုတွေ ပေးထားတဲ့ ၊ လောလောဆယ် ယဲ့ယဲ့ ဘဲ  ရှိတော့တဲ့၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရဲ့ အခြေအနေက လည်း ပိုပြီး အားပျော့လာနေပြီ ဖြစ်ပါတယ်။ လူများ အဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ပွတ်ကာသီကာ နဲ့ နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။  သို့သော်လည်း အိုင်စီဂျေ အမှုကြောင့် အသစ်အသစ်သော ရွေ့အားတွေ ဖြစ်ပေါ်လာပြီး သူမအတွက် အားအင်အသစ်တွေ ပြည်လည် ပြည့်ဖြိုးလာကာ ယခင်ကထက် ပိုပြီး မြင့်မားတဲ့ အဆင့်ရောက်အောင် တွန်းပို့တော့မှာလည်း ဖြစ်ပါတယ်။

 

(ဝါရှင်တန် ရှိ Stimson Center ၏ တရုတ် နှင့် အရှေ့အာရှ ပရိုဂရမ် ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သော ယွန် ဆန်း ရဲ့ ဆောင်းပါးကို Nikkei Asia Review မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်)