လွတ်မြောက်နယ်မြေ များ ရှိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

by Hla Soewai - Mar 05 2024

အဆိုပါ ခေါင်းစဉ် ဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) မှ မိုက်ကယ် မာတင်မှ သူ၏ အမြင်ကို ယခုလို ရေးသားလာခဲ့သည်။

 

မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရွာတရွာ၊ မြို့တမြို့ အား “လွတ်မြောက်” စေခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်မလာသည့် နေ့ဟူ၍ ရှိခဲလှသည်။ ထိုသတင်းများသည် အားတက်ရွှင်လန်းစရာ သတင်းများ ဖြစ်လာသော်လည်း ယင်းနှင့် အလားတူ လွန်စွာ စိုးရိမ်ဖွယ် ကောင်းလှသည့် စိန်ခေါ်မှု များ လည်း ထွက်ပေါ်လာခဲ့သည်။

 

ဤနေရာတွင် မိမိ ဝင်ပြောလိုသည်မှာ ကောလင်းအား အမျိုးသား ညီညွတ်ရေး အစိုးရမှ အုပ်ချုပ်ရေး အတွက် စီမံ ခန့်ခွဲ ခဲ့မှု အား ပန်းတိုင် မရောက်ပဲ တက်ထောင်ခြင်း ဟု ဝေဖန်မှု များ ရှိခဲ့သော်လည်း လွတ်မြောက်နယ်မြေ များအား အမျိုးသား ညီညွတ်ရေး အစိုးရ မှ မည်သို့ စနစ်တကျ စီမံခန့်ခွဲ နိုင်သည်ကို နိုင်ငံတကာ က စောင့်ကြည့်နေသူများ ကို ပြသဖို့ လိုအပ်နေ၍ ပြုလုပ်ရခြင်းလည်း ဖြစ်သည်ကို သတိချပ်သင့်ပေသည်။

 

ဆောင်းပါးရှင်က ဆက်လက် ရေးသားရာတွင် လွတ်မြောက်လာသော နယ်မြေသစ်များကို မည်သို့ စီမံခန့်ခွဲ အုပ်ချုပ်သွား မည်နည်း။ ထိုသို့ ဒေသ နှင့် ပြည်နယ် အဆင့် အစိုးရများ ထွက်ပေါ်လာနိုင်မှသာ အမေရိကန် အနေဖြင့် မြန်မာ တော်လှန်ရေး အင်အားစုများ အကြား ကျဆင်းလာနေသော ဂုဏ်သိက္ခာ ကို ပြန်၍ အဖတ်ဆယ် နိုင်မည့် အခွင့် အလန်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

၂၀၂၂ နိုဝင်ဘာလ အတွင်း မိမိသည် ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ချင်းမြေ ကာကွယ်ရေး တပ်ဖွဲ့ (CDF) မှ အဖွဲ့ဝင် ၅၀ ခန့် နှင့် တွေ့ဆုံ ဖြစ်ခဲ့ရာ ၎င်းတို့ဒေသရှိ မြို့များ၊ ရွာများ တွင် ဒေသအုပ်ချုပ်ရေး ထူထောင်ရန် အခက်အခဲများ ရှိနေသည်များကို ဆွေးနွေးသွားခဲ့ကြသည်။ ထိုအဖွဲ့ဝင် အများစုသည် တော်လှန်ရေးကြီး ဖြစ်ပွား မလာမီက လယ်ယာလုပ်ငန်း လုပ်ကိုင်သူများ၊ ကျောင်းဆရာများ သာ ဖြစ်ကြ၍ ထိုအရေး နှင့် ပတ်သက်၍ အတွေ့အကြုံဟူ၍ မရှိကြပေ။ သို့သော် ၎င်းတို့ အားလုံးတွင် ဒေသခံပြည်သူများ၏ မျှော်လင့်ချက် နှင့် ဆန္ဒများကို ထင်ဟပ်စေသည့် ဒီမိုကရေစီ နည်းလမ်းကျကျ ဖြင့် အားလုံး ပါဝင်နိုင်မည့် အစိုးရ တရပ် ထူထောင်ပေးရန် ဟူသော တူညီသော ဆန္ဒများက ကိန်းအောင်းနေကြသည်။

 

အသစ်ဖွဲ့စည်းလာသည့် သုတေသန အဖွဲ့တခု ဖြစ်သော Chin Agency သည် CNF/CDF လက်အောက်ရှိ နယ်မြေများ တွင် ဒေသအုပ်ချုပ်ရေး အဖွဲ့များ ထူထောင်နိုင်ရေး အတွက် ၎င်းတို့ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်လာခဲ့သည်။ ထိုလေ့လာ ချက် စာတမ်း တွင် အုပ်ချုပ်ရေး အဖွဲ့ အများစုသည် မြို့ရွာ ‌ခေါင်းဆောင်များ၊ CNF/CDF ကိုယ်စားလှယ်များအား အောက်ခြေမှ အထက် သို့ သွားသော ချည်းကပ်မှု မျိုး နှင့် ဖွဲ့စည်းခဲ့ကြသည်။ အတော်များများ တွင် ဒေသ လူမျိုးစု များ၏ ရိုးရာ အစဉ်အလာ များကို ထင်ဟပ်စေသည့် အုပ်ချုပ်ရေး ပုံစံမျိုး ထွက်ပေါ်လာခဲ့သည်။ အချို့ အဖွဲ့များသည် မြန်မာ စစ်တပ် မှ ရေးဆွဲ ပေးထားသော နယ်မြေ အပိုင်းအခြား ကို လက်ခံခဲ့ကြပြီး အချို့က လူမျိုးစု များ အား တစုတစည်း ထဲ ထားရှိ အုပ်ချုပ်နိုင်မည့် နယ်နမိတ် အသစ်များကို သတ်မှတ် အုပ်ချုပ်ခဲ့ကြသည်။

 

ဒေသ အုပ်ချုပ်‌ရေး အဖွဲ့များ တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ကာကွယ်ရေး ဟူ၍ အဖွဲ့ သုံးဖွဲ့ ကို ဖွဲ့စည်းလာကြသည်။ အများအားဖြင့် တရားစီရင်ရေး အဖွဲ့သည် အုပ်ချုပ်ရေး နှင့် ကာကွယ်ရေး အဖွဲ့များကို အစီရင်ခံကြရသည်။

 

နိုင်ငံရှိ အခြားဒေသများ တွင်လည်း ERO/PDF များက စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှုး များကို မောင်းထုတ်ခဲ့ကြပြီး နောက် အလားတူ ပုံစံ အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။

 

ရက္ခိုင်တပ်တော် နှင့် ကရင်နီ တပ်တော်တို့သည် နယ်မြေများ တိုးချဲ့ သိမ်းပိုက်လာနိုင်သည်နှင့် အမျှ အုပ်ချုပ်ရေး ပိုင်းကိုလည်း တိုးချဲ့ ဖွဲ့စည်းလာကြသည်။ ကချင် လွတ်လပ်ရေး တပ်တော် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော်များသည်လည်း ၎င်းတို့တွင် ကာလကြာမြင့်စွာ ရှိနေပြီးသား အုပ်ချုပ်ရေး အား အသစ် တဖန် လွတ်မြောက်လာသော ပဲခူး နှင့် စစ်ကိုင်း ဒေသကြီးများ အထိ တိုးချဲ့လာခဲ့ကြသည်။ ရှမ်းပြည်နယ် တွင် လည်း MNDAA နှင့် TNLA အဖွဲ့များသည်လည်း ၎င်းတို့ အမိမြေ ဟု ယူဆထားသော ဒေသများ ရရှိသွားကြပြီ ဖြစ်၍ ဒေသ အုပ်ချုပ်ရေး အဖွဲ့များ ကို တည် ထောင်လာကြသည်။

 

အုပ်ချုပ်ရေး အဖွဲ့ များ ဖွဲ့စည်းခြင်းသည် ဒေသအဆင့်တွင်သာ ရပ်တန့်သွားမည် မဟုတ်၊ ရက္ခိုင် တပ်တော်မှ ရခိုင် ပြည်နယ် အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ထူထောင်သွားရေး ကို ထုတ်ဖေါ်ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ ကရင်နီ တပ်တော် နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့ ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည်လည်း ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ကို ဖွဲ့စည်းလာခဲ့သည်။ ချင်းပြည်နယ်တွင်လည်း အဖွဲ့ နှစ်ဖွဲ့ က ၎င်းတို့ အခေါ် “ချင်းမြေ” အတွက် ကြားကာလ အစိုးရ အဖွဲ့ ကို တည်ထောင်ခဲ့ကြသည်။

 

၂၀၂၃ ဒီဇင်ဘာ ၆ ရက်တွင် CDF, CNF နှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ များက အသွင်ကူးပြောင်းရေး ကာလ ချင်း ဖွဲ့စည်းပုံ ကို ထုတ်ပြန်ကြေငြာပြီး ချင်းမြေ ကောင်စီ ကို ဖွဲ့စည်းခဲ့ကြသည်။ နောက်ထပ် တဖွဲ့ ဖြစ်သော ချင်းညီနောင်များ မဟာမိတ် အဖွဲ့ ကလည်း ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ချင်းပြည်သူ့ အုပ်ချုပ်ရေး ကော်မတီ ကို ဖွဲ့စည်းလာသည်။ ထိုအုပ်ချုပ်ရေး နှစ်ဖွဲ့စလုံးသည် ချင်းမြေ ပြည်နယ် အစိုးရ ဖွဲ့စည်း ဖြစ်ပေါ်ရေး အတွက် သဘောထား ကွဲလွဲမှု များအား ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။

 

ထိုကဲ့သို့ ကြားကာလ ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ်အစိုးရများ ထွက်ပေါ်လာခြင်းသည် အနာဂတ်တွင် ဖက်ဒရယ် သမ္မတ နိုင်ငံ ဖွဲ့စည်းရေး အတွက် သက်ရောက်မှုများ ရှိလာနိုင်သည်။ လက်ရှိတွင် ERO နှင့် PDF အများစုသည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း ၏ ဥပဒေကြောင်းအရ တရားဝင်မှု နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကို လက်မခံကြပဲ ရှိနေဆဲပင် ဖြစ်သည်။

 

အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေး ကြားကာလ အစိုးရ များအား ၎င်းတို့ နယ်မြေ အသီးသီး တွင် တည်ထောင်ဖွဲ့စည်းလာမည် ဆိုက အနာဂတ် ဖက်ဒရယ် သမ္မတ နိုင်ငံ ဖွဲ့စည်းရန် ဆွေးနွေးပွဲများ တွင် ထည့်သွင်းရတော့မည် သာ ဖြစ်သည်။

 

ထိုသို့ အသစ်ပေါ်ထွန်းလာသော ပကတိ အနေအထားကို ၂၀၂၄ ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သော CNF, KNPP, KNU နှင့် NUG တို့မှ ထုတ်ပြန်သော ပူးတွဲ ကြေငြာချက်တွင် အသိအမှတ် ပြုလာခဲ့သည်။ ထိုကြေငြာချက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အား မသိမသာ ဘေးဖယ်ထုတ်ထားခဲ့ပြီး “သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး” သည် “ဖက်ဒရယ် စနစ် နှင့် ဒီမိုကရေစီ တန်ဘိုးများ” ထည့်သွင်းထားမည့် ဖွဲ့စည်းပုံ အသစ်ကို ညှိနှိုင်း ရေးဆွဲ ထုတ်ပြန်သွားမည်ဟု ပါရှိသည်။ ထို့အပြင် ဆောင်ရွက်စရာ ရှိသည့် အစီအစဉ် များထဲတွင်လည်း လက်ရှိ NUG နှင့် မတူ ကွဲပြားမည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ ထူထောင်ရေး လည်း ပါဝင်နေသည်။

 

သို့သော်လည်း ယင်း ကြေငြာချက်အား အဓိက ကျသည့် ERO နှင့် PDF များက ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အဓိကအားဖြင့် AA, KIA, MNDAA, TNLA တို့ ပါမလာသည်ကို တွေ့ရသည်။ ထို့အပြင် ရှမ်းပြည် အစိတ် အပိုင်း အတော်များများကို ထိန်းချုပ်ထားသည့် ရှမ်း ပြည်တပ်တော် တောင်/မြောက် အဖွဲ့များ နှင့် ဝပြည်နယ် တပ်တော်တို့ကိုလည်း မတွေ့ရပေ၊ အသစ် ဖွဲ့စည်းမည့် ဖက်ဒရယ် သမ္မတ နိုင်ငံသစ် အတွင် မွန် အမျိုးသား လွတ်မြောက်ရေး တပ်တော် နှင့် ၎င်း၏ နိုင်ငံရေး အဖွဲ့ မွန်ပြည်သစ် ပါတီ တို့ ၏ အနေအထားကိုလည်း သဲသဲကွဲကွဲ မသိနိုင်ပဲ ဖြစ်နေပြန်သည်။

 

ဘိုင်ဒင် အစိုးရ မှ စစ်ကောင်စီ ၏ ကန့်သတ်ထားချက် များ အတိုင်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးရန် သဘောတူလိုက်ခြင်းကပင် မြန်မာ တော်လှန်ရေး အဖွဲ့ များ အကြားတွင် အမေရိကန်၏ ပုံရိပ်သည် ကျဆင်းသွားခဲ့ရသည်။ အကယ်၍ ဘိုင်ဒင်အစိုးရ နှင့် ကွန်ဂရက်သည်သာ နည်းပညာ ပိုင်းဆိုင်ရာ အကူအညီများ နှင့် ပြည်နယ် နှင့် နိုင်ငံ အဆင့် အစိုးရ များ ဖွဲ့စည်းနိုင်ရေး အတွက် အကြံဉာဏ် များကို ပွင့်ပွင့်လင်းလင်း ပံ့ပိုးပေးလာမည် ဆိုလျှင် အမေရိကန် အစိုးရ၏ ဂုဏ်သိက္ခာလည်း တက်လာနိုင်ပြီး အနာဂတ် ဒီမိုကရေစီ နိုင်ငံ တော် သစ်အတွက် အခြေခံ အုတ်မြစ်များ ခိုင်မာလာအောင် ဖန်တီးပေးရာလည်း ရောက်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!