ဟိုင်ဂင် ဆွေးနွေးပွဲ နှင့် နောက်ဆက်တွဲများ

by Hla Soewai - Mar 05 2024

ယူနန် ပြည်နယ် ကူမင်း မြို့တွင် တရုတ်၏ ကမကထ ပြုမှု ဖြင့် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ သည် နယ်ခြား ကုန်သွယ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ရေး၊ ဆိုက်ဘာ လိမ်လည်မှု များ မည်သို့ တိုက်ဖျက် ကြမည် ဆိုသည် နှင့် ယခင်က ရရှိထားသော ဟိုင်ဂင်း သဘောတူညီချက် အပစ်အခတ် ရပ်စဲရေး ကို ဆက်လက်၍ အခိုင်အမာ ထိန်းသိမ်းထားနိုင်ရေး များ ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲအား ကြာသပတေး နှင့် သောကြာနေ့များက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

 

စစ်တပ်မှ MNDAA အား ကိုးကန့် ကို ဆက်လက် ထိန်းချုပ်ခွင့် ပေးသွားမည် ဖြစ်ပြီး တရုတ် အကျိုးစီးပွား မထိခိုက်အောင် နယ်ခြား ဂိတ်များ ဖွင့်လှစ်သွားရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ရှမ်းပြည် မြောက်ပိုင်းရှိ မြို့ပေါင်း ၁၆ မြို့ ကို သိမ်းယူထားပြီး ဖြစ်သည်။ သို့သော် ပြန်ဖွင့်ရမည့် နယ်ခြားဂိတ်အား စစ်ကောင်စီမှ စီမံ ခန့်ခွဲသွားမည် ဖြစ်သည့်အပြင် အခြား ဒေသများမှလည်း ညီနောင်သုံးဖေါ်တပ်များ ရုပ်သိမ်းပေးရမည်ဟု ပြောလာသည်။

 

လက်ရှိ ဆွေးနွေးပွဲသည် သဘောတူညီချက် မည်မည်ရရ မရှိပဲ ပြီးဆုံးသွားကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဆိုသည်။

 

သို့သော် ဂျပန် အခြေစိုက် The Diplomat စာစောင်ကမူ ချင်းရွှေဟော် ဂိတ်မှ ရရှိသော အခွန်ငွေများကို ၇၀-၃၀ ရာနှုန်း ခွဲယူကြရန် နှင့် စစ်ကောင်စီ ဖက်မှလည်း MNDAA အား ကိုးကန့်ဒေသ ၏ တရားဝင် အုပ်ချုပ်ရေး အဖွဲ့ အဖြစ် အသိအမှတ်ပြုမည် အစရှိသဖြင့် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။ သို့သော် မူဆယ်-ရွှေလီ ဂိတ်မှ ရသော အခွန်ငွေများကို မည်သို့ ခွဲဝေယူမည် နှင့် ပတ်သက်၍ ညှိနှိုင်း၍ မရသေးဟု သိရသည်။ မူဆယ်သည် စစ်ကောင်စီ လက်ထဲတွင် ရှိနေသော်လည်း TNLA တပ်များက မြို့ကို ဝိုင်းရံထားဆဲ ဖြစ်သည်။ သို့သော် ရက္ခိုင်တပ်တော်မှ ပြောခွင့်ရ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ကမူ ထိုသို့ အခွန်ကို ရာနှုန်း အရ ခွဲဝေယူသွားမည် ဆိုသည်ကို ငြင်းဆိုထားသည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းကမူ နယ်စပ်ဂိတ် အားလုံးသည် နှစ်နိုင်ငံ အစိုးရ များ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိရမည်ဟု အခိုင်အမာ ပြောဆိုသွားခဲ့သည်။

 

အသေးစိတ် ဆွေးနွေးစရာ ရှိသည်များကို ဧပြီလ တွင် ဆက်၍ ဆွေးနွေးသွားကြမည်ဟု ဆိုသည်။

 

MNDAA သည် ဧပြီ ၁ ရက် နေ့မှစ၍ ကိုးကန့် ဒေသ တွင်း စီးပွားရေး လုပ်ငန်းများကို အခွန် စတင် ကောက်ခံ တော့မည် ဖြစ်သည်ဟု သိရသည်။

 

ဒေါက်တာ ညိုထွန်းအောင် မှ လက်ရှိ ဆွေးနွေးပွဲသည် ၎င်းတို့ ရခိုင် ပြည်နယ် အတွင်း တိုက်ပွဲများ နှင့် သက်ဆိုင်ခြင်း မရှိပဲ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်ဟု အတည်ပြု ပြောကြားသွားခဲ့သည်။

 

ရခိုင်ပြည်နယ် အတွင်း စစ်ရေးအရ အပြင်းအထန် ဖိအားပေးခံနေရ၍ တဖက်တွင် MNDAA အား အထူးဒေသ အဖြစ် သတ်မှတ်ကာ ၎င်းတို့၏ တရားဝင် အဖွဲ့အစည်း အဖြစ် လူကြားကောင်းအောင် သိမ်းသွင်းလိုဟန် ရှိသည်ဟု ဆိုသည်။

 

လက်ရှိတွင် အကြမ်းဖက် ဖိနှိပ် အုပ်ချုပ်နေသော စစ်အာဏာရှင် စနစ်ကို ဖယ်ရှားရှင်းလင်းသွားမည်ဟု ထုတ်ပြန်ခဲ့သော ကြေငြာချက်ကြောင့် လက်ရှိ ၎င်းတို့၏ အရင်းခံ အကြောင်းနှင့် တော်လှန်ရေး နှင့် ဆက်စပ်လာမည့် သဘောသဘာဝ များ အပေါ် စိတ်ဝင်စား ဖွယ်ရာ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်ဟု စာစောင်တွင် ရေးသားထားသည်။

 

MNDAA သည် ၂၀၀၉ ခုနှစ်မှစပြီး ကိုးကန့်ဒေသ ကို ပြန်လည် ရရှိရန် နှင့် စစ်တပ်ဖက်ပြောင်းပြီး သစ္စာဖေါက်သွားသူများကို လက်စားချေနိုင်ရန် ရည်မှန်းချက် ရှိနေသည်၊ ယခု ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မြောက်သွားပြီ ဖြစ်၍ စစ်အာဏာရှင်များကို ဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရေး အပေါ် ကတိပေးထားမှု အပေါ် မည်သို့ မည်ပုံ သဘောထားသည်ကို မကြာမီ အတွင်း ရှင်းလင်းစွာ သိလာနိုင်တော့မည် ဟု ဆောင်းပါးတွင် နိဂုံးချုပ် ရေးသားထားသည်။

 

သို့သော် စစ်တပ်သည် TNLA က သိမ်းပိုက်ထားသော မန့်တုံ၊ နမ့်ဆန် နှင့် နမ္မတူ မြို့များကို စစ်ကောင်စီက ယမန်နေ့ည က စစ်အုပ်ချုပ်ရေး ကြေညာပြီး အရှေ့မြောက်တိုင်း စစ်တိုင်းမှုး အား အာဏာကုန် လွှဲအပ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်၊ ဤသည်ကို ကြည့်က စစ်တပ်သည် ထိုမြို့များကို လက်လွှတ်ခံမည် မဟုတ် ဆိုသည်က ထင်ရှားလာနေပြီး လက်ရှိတွင် တိုက်ရန် စစ်အင်အား များ စုရုံးခွင့် ရနေပြီ ဖြစ်သည်။

 

အစည်းအဝေး တွင် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်များ အရ အားလုံးသည် တရုတ် အကျိုးစီးပွားကို မည်သို့ မည်ပုံ ကာကွယ်ပေးကြရမည် ဆိုသည်များ နှင့်သာ ဆက်စပ်နေသည်ဟု ယူဆမိသည်။

 

ဤသည်ကို ကြည့်မည် ဆိုက ကိုးကန့် နှင့် တအောင်း တိုင်းရင်းသား များသည် တနယ်တမင်း ထူထောင်ကာ ပြည်သူ့တော်လှန်ရေး အား လက်တွဲ ဖြုတ်ရန် ဆုံးဖြတ်မည် ဆိုက တရုတ်၏ ဩဇာခံ ဘဝ လုံးလုံး လျားလျား ကျရောက်သွားပြီး ၎င်းတို့ ဒေသရှိ တိုင်းရင်းသား များ တရုတ် နွံထဲ သက်ဆင်းသွားရတော့မည် ဆိုသည်ကို သဘောပေါက် သင့်ပြီ ဖြစ်သည်။ 

 

မိမိတို့ နှစ်ပေါင်းများစွာ ဝမ်းနှင့် လွယ်ထားခဲ့ရသော မကျေလည်မှု၊ ပဋိပက္ခများကို တိုင်းရင်းသား အချင်းချင်း နားလည်မှု ယူပြီး အကြိတ်အနယ် ဆွေးနွေးခြင်း ဖြင့်သာ စစ်မှန်သောာဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ပြီး ကျောခြင်းကပ် ရင်ခြင်းကပ်ကာ မိမိတို့ ကြမ္မာ ကို မိမိတို့ စိတ်ကြိုက်ဖန်တီး တည်ဆောက်သွားခွင့် ရမည်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ ကျဉ်းမြောင်းသော လူမျိုးရေး အမြင် ကို လက်ကိုင်ထားပြီး တိုင်းရင်းသား အချင်းချင်း အမျိုးသား ညီညွတ်ရေး သွေးစည်းမှု ကို မတည်ဆောက်နိုင်သမျှ မိမိတို့ ရည်မှန်းချက်များ မည်သည့်အခါမျှ ပြည့်မြောက်လိမ့်မည် မဟုတ်ဆိုသည်ကို သမိုင်း က ကောင်းစွာ ထုတ်နှုပ်ပြသထားပြီး လည်း ဖြစ်သည်။

 

မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရက္ခိုင်တပ်တော် အနေဖြင့် PDF များ အပါအဝင် စစ်အာဏာရှင်များကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းမှန်သမျှ ကို မိတ်ဆွေ အဖြစ် သတ်မှတ်ပြီး အကူအညီ ပေးသွားမည် ဖြစ်ပြီး ရက္ခိုင်ပြည်နယ်အား ကွန်ဖက်ဒရိတ် အဆင့် ရရှိရေး အား နိုင်ငံရေး ရည်မှန်းချက် အဖြစ် ထားရှိပြီး မည်သူထံမှ တောင်းဆိုနေမည် မဟုတ်ပဲ ကိုယ့်လက်နှင့် ကိုယ် ဖန်တီး ဆောင်ရွက်သွားမည်ဟု ပြောခွင့်ရ ခိုင်သုခ က ပြောဆိုလိုက်သည်။

 

လက်ရှိတွင် ကလေး၊ ကနီ၊ ကသာ၊ ဝက်လက် ဒေသများ တွင် တော်လှန်ရေး တပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်တပ်များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိပြီး စစ်ကောင်စီ တပ်များ အကျအဆုံး များစွာ နှင့် မနိုင်ရင်ကာ ထိန်းထားနေရပြီ ဖြစ်သည်။ ထိုတိုက်ပွဲများ အတွင်း ကလေး တက္ကသိုလ်ရှိ ဆရာဆရာမ နှင့် ကျောင်းသား စုစုပေါင်း ၁၄၄ ဦး အား တော်လှန်ရေး တပ်များက ကယ်ထုတ်နိုင်ခဲ့သည်။

 

ကချင် လွတ်လပ်ရေး တပ်မတော် နှင့် မဟာမိတ်များက ဗန်းမော် ခရိုင် မံစီ မြို့နယ် အတွင်း ရှိ စစ်ကောင်စီ စခန်းကုန်း သုံးခု ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!