စစ်ကောင်စီ အတွက် ကြမ္မာငင်စရာ ဖြစ်လာရသည့် စစ်မှုထမ်း ဥပဒေ

by Hla Soewai - Feb 29 2024

ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်

ဂွမ်မော်မှ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်သည် စစ်တပ်၏ နိဂုံး အစ ဖြစ်ပြီး ၂၀၂၄ ဖေဖေါ်ဝါရီ ၁၀ ရက် နေ့သည် နိဂုံး၏ အဆုံးသတ် ဖြစ်သည်ဟု ၎င်းတို့ ကြေငြာခဲ့သော စစ်မှု ထမ်း ဥပဒေ အပေါ် ဝမ်းကပမ်းတသာ ဖြင့် ကြိုဆိုခဲ့မှုသည် တဖြေးဖြေး နှင့် ကြိုတင် အတပ်ဟော လိုက်သည့် အလား ဖြစ်လာ‌နေ သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု တွင် ကိုရဲမျိုးသိမ်းက အစချီ ရေးသားထားသည်။

 

သုံးနှစ်ကြာ အာဏာသိမ်းပြီးနောက် တော်လှန်ရေး အဖွဲ့များ၏ ဆက်တိုက်ဆိုသလို အနားမပေးပဲ တိုက်ခိုက်လာမှု ကြောင့် စစ်အင်အား ပြုန်းတီးလာသည့် အတွက် ကြံရာမရ ဖြစ်ကာ "ကိုယ့်ဂိုး ကိုယ် ပြန်သွင်း" လိုက်ခြင်းပင် ဖြစ်သည်၊ ကိုရဲမျိုးသိမ်း၏ အပြောသည် မှားတော့မမှားပေ၊ အဘယ်ကြောင့်ဆိုသော မင်းအောင်လှိုင်သည် တော်လှန်ရေး၏ ရှေ့တန်း တိုက်စစ်မှုး တဦး ပမာ ရပ်တည်ပေးခဲ့ရှာသူ ဖြစ်နေသော ကြောင့်ပင်။

 

ယခုလို အနေအထားတွင် ၎င်းတို့ တပ်ထဲဝင်ရမည့်အရေး သည် သေဒဏ်ကျခံ လိုက်ရသလို ဖြစ်နေ၍ လူအများအပြားသည် လွတ်မြောက်နယ်မြေများ ရှိရာသို့ တိမ်းရှောင်ရန် ကြံရွယ်နေကြပြီ ဖြစ်သည်ဟု ဆက်လက် ရေးသားထားသည်။ ယင်းနှင့် အတူ ဒေသတွင်း တည်ငြိမ်ရေးကို ထပ်မံ အန္တရာယ် ဖြစ်လာစေသည်သာ မက အိမ်နီးချင်း နိုင်ငံများအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။

 

စစ်မှုထမ်း ဥပဒေအား အိမ်စောင့် အစိုးရ လက်ထက်တွင် တရုတ် နှင့် အိန္ဒိယ တို့ ကျုးကျော်လာနိုင်သည်ဟု အကြောင်းပြကာ ဒေါက်တာ မောင်မောင်က ရေးဆွဲပေးခဲ့ပြီး စစ်တပ် အတွင်း အုပ်စု ပုံစံမျိုးဖြင့် လက်နက်ကိုင် စစ်ဦးစီးချုပ်မှ သစ္စာမဲ့စွာ အာဏာသိမ်းမည့် အရေးကို ကာကွယ်ရန် ဖြစ်သည်။

 

၁၉၈၈ လူထု အုံကြွမှု ကြီး ပေါ်ပေါက်လာပြီး စစ်တပ်ကို မုန်းတီးရွံရှာလာချိန်တွင် စစ်တပ်သည် အတင်းအကျပ် စစ်သားစုဆောင်းခြင်း၊ အသက်မပြည့်သေးသော ကလေးသူငယ်များကို လိမ်လည် လှည့်ဖျားခြင်း နည်းလမ်းများသာ သုံးခဲ့ကြသည်၊ တပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး များ ဖေါင်းပွလာပြီး ၎င်းတို့၏ စစ်ဆင်ရေးများ ထိခိုက်လာနိုင်သည့် အပြင်၊ ထုတ်ပေးထားသော လက်နက်များ ဖြင့် ပြန် ဆန့်ကျင်လာမည့် အရေးများကို တွက်ဆခဲ့ကြသောကြောင့် ဖြစ်သည်။

 

ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ကျမှသာ အာဏာလွှဲပြောင်း ပေးရတော့မည့် စစ်အစိုးရက ဥပဒေ အဖြစ် အသက်သွင်း ပေးခဲ့သော်လည်း အရပ်သား တပိုင်း အစိုးရ က ချောင်ထိုးထားခဲ့သည်။

 

စစ်အင်အားသည် ယခင်က အများ ခန့်မှန်းခဲ့ကြသလို ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ မရှိပဲ မိမိ၏ သုတေသန ပြုချက်အရ ၂၀၂၁ အစောပိုင်းတွင် ၁၅၀,၀၀၀ သာ ရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ၁၃၀,၀၀၀ ခန့်သာ ကျန်‌တော့သည်။

 

ယခင်က စစ်တပ် အတွင်း လူအင်အား ကို လိမ်ညာ စာရင်း ပြ အလွဲသုံးစား လုပ်ခဲ့ကြခြင်းကြောင့် စစ် ခေါင်းဆောင်ပိုင်းသည် အဟုတ်ထင်ကာ အားရ နေခဲ့ကြသည်။ လေကြောင်းပစ်ကူ နှင့် လက်နက်ကြီးများ သုံးပါက မြေပြင်တပ်များ အင်အား လျော့နည်းနေသည်ကို ထေမိစေသည်ဟု ယူဆခဲ့ကြသည်။

 

သို့သော် တကယ်တမ်း တွင် အင်အား မလုံလောက်ခဲ့ခြင်းကြောင့် စခန်းများ နှင့် နယ်မြေ အမြောက်အမြားကို လက်လွှတ်ပေးခဲ့ကြရသည်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြေပြင် တပ်များ အရေးပါမှု ကို စစ်ခေါင်းဆောင်များ ကောင်းစွာ သဘောပေါက် သွားကြသည်။ ပထမ ပိုင်းတွင် စစ်ပြန်များ၊ တပ်တွင်း မိသားစုများ၊ အကျဉ်းသားများ ဖြင့် ဖြည့်တင်းခဲ့သော်လည်း လိုအပ်သည့် အတိုင်းအတာ အထိ ရမလာခဲ့။

 

ထို့အတွက် တလ ၅,၀၀၀ နှုန်းဖြင့် တနှစ် ၆၀,၀၀၀ ဖြည့်တင်းနိုင်ရန် စီမံလာခြင်း ဖြစ်သည်။ တပ်များသည်လည်း မနားတမ်း တိုက်နေကြရပြီး ရှိသင့်သည့် အင်အား လည်း မရှိ ဖြစ်နေ၍ တပ်မှုးများပင် စိတ်ဓါတ်များ ကျဆင်းလာနေပြီး စခန်းထဲ နေရသည်ကိုပင် လုံခြုံမှု မရှိတော့ဟု ယူဆလာကြသည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ပြုစုထားသော စာရင်းဇယားများအရ ဗိုလ်မှုးချုပ် အဆင့်ရှိသူ ၁၂ ဦး သေဆုံး သို့ မဟုတ် ဖမ်းဆီး ခံခဲ့ရသည်။ စစ်ခေါင်းဆောင်များက ထိုသို့ လူအင်အား အလုံးအရင်း စုဆောင်းပေးလိုက်က ကျဆင်းလာနေသော စိတ်ဓါတ် ခွန်အားကို မြှင့်တင်ပေးလိုက်ရာ ရောက်သည့်အပြင် စစ်တပ်ပြိုကွဲ လာနိုင်သည့် အရေးကိုပါ လောလောဆယ် ဟန့်တား ထား နိုင် လိမ့်မည်ဟု ယုံကြည်နေကြသည်။

 

၎င်းတို့အား လွန်စွာ မုန်းတီးရွံရှာနေကြသည့် လူငယ်များအား မည်သို့ မည်ပုံ စစ်မှု ထမ်းခိုင်းမည်နည်းဟူသော အမေး အတွက် အဖြေရှိပုံ မရသေးပေ။ တိုက်ပွဲများသည် မတ် လ နှင့် ဧပြီလ များတွင် ပြင်းထန်လာဖို့ ရှိနေ၍ ၎င်းတို့ အတွက် လူအင်အား လိုလာသည်။ ထို့ အတွက်ကြောင့်လည်း လုပ်ထုံးလုပ်နည်းများကို ဘေးချိတ်ပြီး တွေ့ရာမြင်ရာ အတင်းအကျပ် စုဆောင်းခြင်း၊ လမ်းပေါ်က လူများအား အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်းများ လုပ်လာကြခြင်းပင် ဖြစ်သည်။

 

စု‌ဆောင်း၍ရလာသော လူသစ်များကိုလည်း သင်တန်းပေးရန် အချိန်မရတော့၍ ရှေ့တန်းသို့ အတင်းအကျပ် ပို့ပေတော့မည်။ ၎င်းတို့အဖို့က လူအင်အား မည်‌ ရွေ့မည်မျှ ရှိသည် ဆိုသည့် အရည်အတွက်သာ အဓိက ဖြစ်သည်။ 

 

စုဆောင်းခံရသူများ အဖို့က ရှေ့တန်းတွင် ပေါ်တာများ၊ လူသားဒိုင်းများ အဖြစ်သာ အသုံးချ ခံရဖို့ ရှိနေ၍ စစ်တပ်မိသားစု ဝင်များ နှင့် ထောက်ခံသူများပင် မဝင်လိုကြပေ။

 

စစ်တပ်သည် ဗိုလ်နေဝင်း ခေတ်မှစပြီး တဖက်စွန်းရောက် ဗမာ အမျိုးသားရေး အင်အားစုကြီး အဖြစ် တင်းတင်းကျပ်ကျပ် စုစည်းခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီ ကို မြည်းစမ်းခွင့် ရလာသော လူငယ်များ က ထိုအယူအဆကို ငြင်းပယ်လာမှု နှင့် အတူ မျိုးဆက် တခု ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ထိုလူငယ်များကို အတင်းအကျပ် စုဆောင်းလာပါကလည်း တော်လှန်ရေးကိုသာ ထောက်ခံကြမည် ဖြစ်သည်။ 

 

၎င်းတို့အတွက် မယုံကြည်ရသူများ၊ အတွင်းမှ ဖျက်လို ဖျက်ဆီး လုပ်မည့်လူများ၊ ဘက်ပြောင်းသွားသူများ သာ ဖြစ်လာပေလိမ့်မည်။ ဤသို့ဖြင့် စစ်ခေါင်းဆောင်များ ၏ ကျဆုံးခန်းသို့ အလျင်အမြန် ပို့ဆောင် ကြ ပေတော့မည်။ ပြည်သူများ အတွက်လည်း နူရာဝဲစွဲ ဆိုသကဲ့သို့ တပူပေါ် နှစ်ပူဆင့် ဖြစ်လာကြမည့် အပြင် ဒေသတွင်း တွင်အကျပ်အတည်း ပို၍ ကြုံလာရအောင် ထပ်ဆောင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ယခုအခါ ပြည်တွင်းရှိ နိုင်ငံခြား သံရုံးများ၊ ပတ်စ်ပို့ ရုံးများ၊ နယ်ခြား ဂိတ်များ တွင် ထောင်ပေါင်းများစွာသော လူများ စုဝေးနေကြပြီ ဖြစ်သည်။ လူကုန်ကူး ဂိုဏ်းများ၊ နိုင်ငံ ဖြတ်ကျော် လှုပ်ရှားနေကြသည့် ရာဇဝတ်ဂိုဏ်းများ သည် ကြံရာမရ ဖြစ်လာသော မိသားစုများ အား သားကောင်များအဖြစ် ပစ်မှတ်ထားလာကြတော့မည် ဖြစ်သည်။ ဒေသတွင်းရှိ နိုင်ငံများသို့လည်း ဒုက္ခသည်များ ဝင်ရောက်လာကြဦးမည် ဖြစ်သည်။

 

ထိုသို့ ဒေသအတွင်း မတည်မငြိမ် ဖြစ်အောင် တမျိုးပြီး တမျိုး ဖန်တီးနေသူသည် မြန်မာ စစ်တပ်သာ ဖြစ်ကြောင်း ထင်ရှားသည့် သက်သေသက္ကာရ တခုလည်း ဖြစ်သည်။

 

စစ်မှုထမ်း ဥပဒေအား ထုတ်သုံးလာရခြင်းကို ကြည့်က စစ်တပ်သည် ၎င်းတို့ ဒီအတိုင်း ဆက်သွား၍ မည်သို့မျှ မဖြစ်နိုင်တော့ ဆိုသည်ကို လက်ခံလာကြခြင်းလည်း ဖြစ်သည်။ လတ်တလော ရှင်သန် နိုင်ရေး အတွက်သာ ကြံရာမရ လုပ်လာကြခြင်းပင် ဖြစ်သည်။

 

တဖက်တွင် လူထု အား ကမူးရှုးထိုး ဖိနှိပ်မှုများ လုပ်လာပြီး ၎င်းတို့အား ကျားကန် ပေးနေသည့် နိုင်ငံများကို ကြိမ်းသေပေါက် အန်ိုင်ရမည့် နည်းလမ်း ဆိုကာ လော်ဘီ လုပ်နေခြင်းလည်း ဖြစ်သည်။

 

ထိုအကြောင်းများကပင် စစ်ရေး အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သည့် ဗိုလ်ချုပ် ဂွမ်မော် တွက်ဆခဲ့သလို နိဂုံး၏ အဆုံးသတ် ဖြစ်လာနိုင်ခြေ ရှိလာနေပြီ ဖြစ်သည် ဟု ရေးသားထားသည်ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!