နယူးယောက်တိုင်း သတင်းစာတွင် တိုင်းရင်းသား အဖွဲ့များ လေယာဉ်ပစ် ဒုံးကျည် ဝယ်ယူရန် ကြိုးပမ်းဟု ပါရှိ

by Hla Soewai - Feb 27 2024

ယနေ့ထုတ် နယူးယောက်တိုင်း သတင်းစာတွင် ပါရှိလာသော သတင်း ဖြစ်သည်။

 

သတင်းခေါင်းစဉ် တွင် ဂျပန် ယာကူဇာ ဂိုဏ်းခေါင်ဆောင်မှ မြန်မာမှ နျူကလီယား သုံး ဓါတ်သတ္တုများ ခိုးထုတ်ရန် ကြံစည်ဟု အမေရိကန် ပြော ဟု ရေးသားထားသည်။

 

အမေရိကန် ဗဟို တရားရုံး ရှေ့နေ များက ဂျပန် ယာကူဇာ ဂိုဏ်း ခေါင်းဆောင် တာကီရှီ အီဘီဆာဝါအား မြန်မာ မှ ယူရေနီယံ နှင့် ပလူတိုနီယံ များအား အီရန်သို့ ရောင်းချရန် ကြိုးပမ်းခဲ့မှု ဖြင့် နယူးယောက်ရှိ မက်ဟက်တန် တရားရုံး တွင် တရားစွဲဆိုလိုက်ပြီ ဖြစ်သည် ဆိုသော သတင်းပင် ဖြစ်သည်။

 

(ပုံတွင် ၂၀၂၁ အတွင်း ဒိန်းမတ် နိုင်ငံ မြို့တော် ကိုပင်ဟေဂင် တွင် အသွင်ယူ ထားသော အမေရိကန်‌ ထောက်လှမ်းရေး အရာရှိများ နှင့် တွေ့ဆုံစဉ် တာကီရှီ အီဘီ ဆာဝါ မှ ရောကက် လောင်ချာ တခုကို ကိုင်ထားပုံ ဖြစ်သည်)

 

မည်သို့ မည်ပုံ ကြံစည်ခဲ့သည် ဆိုသည်အား သတင်းတွင် ဖေါ်ပြထားခြင်း မရှိသော်လည်း ၎င်း၏ လုပ်ရပ်သည် အမေရိကန် အတွက် မည်မျှအထိ အန္တရာယ် ကြီးသည် ဆိုသည်ကို အထူးတလည် ပြောနေစရာပင် မလိုဟု မက်ဟက်တန် ရှိ အစိုးရ ရှေ့နေ ဒေမီယန် ဝီလျံ က ပြောကြောင်း ပါရှိလာသည်။

 

တာကီရှီသည် နျူကလီယား ပစ္စည်းများ နှင့် မူးယစ်ဆေးဝါးများ ရောင်းချ‌ရန် ကွန်ယက် ရှိထားပြီး မြန်မာ ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ အတွက်လည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ဝယ်ယူပေးရန် ပူးပေါင်း ကြံစည်နေသူ ဖြစ်သည်ဟု ရေးသားထားခြင်းပင် ဖြစ်သည်။

 

သတင်းအသွားအလာ ကို ကြည့်မည် ဆိုက အီရန် နှင့် အပေးအယူ လုပ်ရန် ဖြစ်ပုံရသည်ဟု ယူဆ နိုင်စရာ ရှိနေသည်။

 

ထိုသတင်းကြောင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များသည် အဆိုပါ လက်နက်မျိုး ဝယ်ယူရန် လုံးပမ်းခဲ့သည်၊ လုံးပမ်း‌ နေဆဲဟု သိနိုင်ပြီး၊ နျူကလီယား လက်နက်များ နှင့် စပ်လျှင်း၍ ဆပ်ဆပ် ထိမခံသော အမေရိကန် အတွက် မြန်မာသည် လစ်လျုရှု၍ မရ ဟု ယူဆလာနိုင်ပြီး ၎င်းတို့၏ ရေဒါ မျက်နှာပြင် ပေါ် ပြန်ရောက်ရှိလာပေတော့မည်။

 

နောက်ထပ် သတင်းတခုတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် စစ်မှု မထမ်း မနေရ ဆိုကာ လူထု အပေါ် ယခင်ကထက်ပင် တိုး၍ အန္တရာယ် ပေးလာနေပြီဖြစ်၍ နိုင်ငံတကာ မှ မြန်မာ ပြည်သူများအား ကာကွယ်‌ ပေးနိုင်‌ ရေး အတွက် ပိုမိုပြတ်သွားစွာ အရေးယူရန် ဟု ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးမှ ကြေငြာချက် ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

 

ကုလ နှင့် နိုင်ငံတကာသည် မြန်မာပြည်တွင်း ဖြစ်ပျက်နေသော ပြဿနာကို ဖြေရှင်းရန် ကြိုးစားလိုပုံ မရပဲ ထိုပြဿနာမှ ထွက်ပေါ်လာသော ဆိုးကျိုးများကိုသာ အလွယ်နည်း ဖြင့် ပြေလည် အောင် လုပ်လာနေသည်။

 

ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ပြေးဝင်ခိုလှုံရန် နယ်စပ် တလျှောက် နေရာ ၁၉ နေရာတွင် စုရုံး ရောက်ရှိနေသော ရိုဟင်ဂျာ စစ်ဘေးရှောင် ၉၀၀ ခန့်အား ထပ်မံ လက်ခံပေးရန် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ ဘင်္ဂလားဒေ့ရှ်အစိုးရ အား ဖိအားပေးလျက် ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

သို့သော် ဘင်္ဂလား‌ဒေ့ရှ် မှ ယခု အချိန်အထိ တင်းခံနေဆဲ ဖြစ်သည်။

 

မြန်မာ နိုင်ငံ၏ သုံးပုံနှစ်ပုံ ခန့်တွင် ပြည်တွင်း စစ်မီးကြီး တဟုန်းဟုန်း တောက်လောင်နေပြီ ဖြစ်၍ ရှိပြီးသား လူများ ပြန်ပို့ရန် ကုလ သည် လက်လျော့လိုက်ပုံရသည်။

 

မြန်မာ နိုင်ငံအတွင်း အခြေအနေများသည် ပို၍ ကောင်းလာမည့် အလားအလာ မတွေ့ရပဲ တနေ့ထက် တနေ့ ပိုဆိုးလာနေ၍ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယ အတွက် အန္တရာယ်များ တိုး၍ ကျရောက်လာမည့် အရေး ကို စိုးရိမ်မကင်း ဖြစ်ရကြောင်း တောင် နှင့် အလယ် အာရှ ‌ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒေါနယ် လူ က ဝါရှင်တန်တွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

ယနေ့ လုံခြုံရေး ကောင်စီ တွင် ဂါဇာဒေသ တွင် ချက်ခြင်း လက်ငင်း အပစ်ရပ်စဲရန် အဆိုကို အမေရိကန် မှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့မှု ကို တရုတ်မှ ရှုတ်ချလိုက်ပြီး အမေရိကန်သည် အရပ်သားများအား ဆက်လက်သတ်ဖြတ်ရန် မီးစိမ်းပြလိုက်သည့် လုပ်ရပ်ဟု ဆိုသည်၊ ဤသည်ကို ကြည့်က မြန်မာ နှင့် ပတ်သက်ပြီး အ‌မေရိကန်၊ ဗြိတိန် တို့ တင်သွင်းသော အဆိုမှန်သမျ ကို တရုတ်မလည်း ဒိုင်ခံ ပယ်ချ မည်ကို သိနေ၍ မည်သူမျှလည်း အချိန်ကုန် မခံတော့။

 

ထို အနေအထားကို ကောင်းစွာ သိသော အာဏာသိမ်း အဖွဲ့သည် ထင်တိုင်းကြဲနေခြင်းလည်း ဖြစ်သည်။

 

ယခုအခါ အကြမ်းဖက် စစ်တပ်သည် စစ်သားစုဆောင်းရေး အတွက် အစိုးရ ဝန်ထမ်းများ ဖက် လှည့်လာနေပြီ ဖြစ်ပြီး ရန်ကုန် နှင့် နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများထဲမှ အသက် ၁၈-၃၅ ကြားရှိ အမျိုးသားများ၊ အသက် ၁၈-၂၇ ကြားရှိ အမျိုးသမီး များ စာရင်း ပြုစုပေးပို့ ရန် ညွှန်ကြားထားသည့် စာသည် ပေါက်ကြားလာသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။ 

 

ထို့ပြင် နောက်ထပ် ထွက်ပေါ်လာသော သတင်းအရ စစ်တပ်ပိုင် ချည်မြှင် နှင့် အထည် စက်ရုံများအား ဧပြီ လ အတွင်း စစ်ယူနီဖောင်း များအား အပြီးချုပ်ထားရန် ယူနီဖောင်း တသောင်း အတွက် လုံလောက်သော ပိတ်စလိပ်များအား စက်ရုံ တရုံစီ အတွက် ချပေးနေသည်ဟု သိရသည်။

 

စစ်ကောင်စီသည် စုဆောင်းရရှိလာသော တပ်သားသစ် များကို တပ်ရင်း တပ်မ အလိုက် ပြန်လည် ဖွဲ့စည်းရန် အချိန်လိုလာသည့် အတွက် တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို အာဆီယံ၏ တောင်းဆိုချက်အားလည်း လိုက်လျောသည် ဆိုကာ အမျိုးသား ညီညွတ်ရေး အစိုးရ အား ဆွေးနွေးရန် ကမ်းလှမ်း၍ အချိန်ဆွဲလာနိုင်သည်ဟု ဧရာဝတီ ၏ ဆောင်းပါးတပုဒ် တွင် သတိပေးလာသည်။

 

ဤသည်က ဖြစ်နိုင်ခြေ ရှိနေသည်၊ စစ်တပ်မှ ၎င်းတို့ တောင်းဆိုလာသည်များ မလိုက်‌လျောက ၎င်းတို့ လက်တွင် cannon-fodder ခေါ် အသေခံတိုက်ရန် စုထားသည့် လူငယ်များအား သေတွင်းသို့ ပို့ပစ်မည်ဟု NUG အား အထက်စီးမှ ခြိမ်းခြောက်လာမည် ဖြစ်သည်။ ထိုအခြေအနေအထိ မရောက်အောင် ငြိမ်းချမ်းရေးကမ်းလှမ်းလာမှု ကို ဖျက်ဆီးပစ်သည် ဆိုကာ လူထု နှင့် NUG အား ရန်တိုက်ပေးဦးမည် ဖြစ်သည်။

 

လူငယ် များသည် အခြား နိုင်ငံများ ရှိ ရွယ်တူ တန်းတူများလို ကိုယ့်တက်လမ်း ကိုယ် ရှာနိုင်ဖို့ ဝေးစွ ရှေ့လျောက် ၎င်းတို့၏ အသက်တချောင်းကို အဘယ်ပုံ အဘယ်နည်း ရှာကြံ မွေးရပါ့ ဆိုသည်ကိုသာ စဉ်းစားနေကြရ ပြီ ဖြစ်သည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ လောလောဆယ် အမျိုးသမီးများ မပါသေးပဲ အမျိုးသား ၆ သန်းအနက် ၁ ရာနှုန်း ၆၀,၀၀၀ သာ ခေါ်မည်ဟု ပြော လာပြန်သည်။

 

ရခိုင် ပြည်နယ် တွင်လည်း စစ်ရေး အခြေအနေ တင်းမာလာနေပြီး စစ်ကောင်စီသည် ခွာစစ် နှင့် ခံစစ်ကိုသာ သုံးနေရသဖြင့် စစ်တွေကို လက်လွှတ်ရတော့မည့် အခြေဆိုက်လာ‌၍ မြို့ ပြင် တံတားများကို ဖေါက်ခွဲ ဖျက်ဆီးနေပြီဟု သတင်းများ တွင် ဖေါ်ပြထားသည်။ ပြည်နယ်အတွင်း ဝင်ထွက် နိုင်သော ကားလမ်း များအားလည်း သုံးမရအောင် ဖျက်ဆီးထားပြီး ဖြစ်၍ လေကြောင်း လိုင်းနှင့် ပင်လယ် ထွက်ပေါက် ကိုသာ အသုံးပြုနိုင်တော့သည်ဟု လည်း သိရသည်။ ဒေသခံများသည်လည်း လမ်းပေါ် တိုက်ပွဲများ ဖြစ်လာပြီး မြို့အား စိစိညက်ညက် ကြေအောင် အကြမ်းဖက် စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်လိမ့်မည်ဟု တွက်ဆနေကြ၍ ရနိုင်သမျှ နည်းလမ်းဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းလျက် ရှိနေကြသည်။

 

ရက္ခိုင်တပ်တော်မှ ရခိုင်ပြည်နယ် အတွင်းရှိ စစ်ကောင်စီ တပ်များ လက်နက်ချရန် တိုက်တွန်းသည့် ကြေငြာချက် ထုတ်ပြန်လာသည်။

 

တည်ထောင်သည်မှာ ၁၅ နှစ်မျှသာ ရှိသေးသည့် ရက္ခိုင်တပ်တော်သည် ၇၉ နှစ် သက်တမ်း ရှိနေပြီ ဆိုသော မင်းအောင်လှိုင် တပ်များကို ဂျုန်းဂျုန်းကျ အောင် ခြေမှုန်း နိုင်ခဲ့သည်မှာ လွန်စွာ ဂုဏ်ယူဖို့ပင် ကောင်းလှသည်။

 

ရက္ခိုင်တပ်တော်မှ စစ်ကဲ စစ်မှုးများသည် ရုရှား တက္ကသိုလ် ကျောင်းတိုက်ကြီးများ တွင် ပညာသင်ဖူးခဲ့ကြသည် မဟုတ်သည့် အပြင် မေမြို စစ်တက္ကသိုလ် သို့ ‌အနားသို့ပင် ကပ်ခဲ့ဖူးကြသူများ မဟုတ်ပေ။

 

မင်းအောင်လှိုင်သည် ထိုအဖြစ်ကို နိုင်ငံတကာ စစ်သံမှုးများ ရှေ့တွင် ရှက်ရကောင်းမှန်း မသိသူ ပီပီ လာမည့် မတ်လ ၂၇ ရက်တွင် အမိုးဖွင့် ကားကြီးပေါ်တက်ပြီး စစ်ရေးပြကွင်းထဲ လှည့်လည် ဦးမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!