နိုင်ငံတော် အတိုင်ပင်ခံ၏ ဟိဂ် ခရီးစဉ်

by Hla Soewai - Feb 27 2024

ယင်း နှင့် ပတ်သက်၍ မြန်မာ ပြည်သူ အများစု မှ ၎င်းတို့၏ ခေါင်းဆောင် အပေါ် အနောက်တိုင်း၏ ဝေဖန် ပြစ်တင်ခဲ့မှုများသည် မှားယွင်းစွာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြပြီး ဖြစ်သည်ဟု Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ဒဲရက် တွန်ကင် မှ မည်မျှအထိ မှားယွင်းခဲ့သည်ကို ယခုလို ထောက်ပြ ရေးသားသွားခဲ့သည်။

 

၂၀၂၃ အောက်တိုဘာ ၁၈ တွင် ဗြိတိန်ရှိ ဘရိုက်တန် နှင့် ဟိုဖ် မြို့တော် ကောင်စီ မှ ၂၀၁၁ တွင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သော Freedom of the City ဆု ကို ပြန် ရုတ်သိမ်းသွားခဲ့သည်။ ထိုသို့ ရုပ်သိမ်းရန် ‌ခေါ်ယူခဲ့သည့် အထူး အစည်းအဝေးသည် ၁၈ မိနစ်သာ ကြာခဲ့သည်။ ကောင်စီ၏ လေဘာပါတီ ခေါင်းဆောင်မှ ဘဲလာ ဆင်ကီး မှ “ရိုဟင်ဂျာ မူဆလင် အသိုက်အဝန်းအား လူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ကြီး နှင့် လူမျိုးရေး အရ သန့်စင်ခဲ့မှု တွင် အကြီးအကဲ အဖြစ် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်အား မိမိတို့ မှ ဂုဏ်ပြု ပေးခွင့် မရှိတော့” ဟု ပြောလာပြီး ကောင်စီ အဖွဲ့ဝင် ၅၀ ကျော်က ထောက်ခံခဲ့ကြသည်။

 

ယင်းသည် လက်ရှိ တွင် အနောက်နိုင်ငံရှိ အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး အုပ်စုများ မှ ဆု ကို ရုတ်သိမ်းလာခဲ့မှု များ တွင် နောက်ဆုံး အဖြစ် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အားလုံးမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ တွင်းရှိ ရိုဟင်ဂျာ မူဆလင်များ ဖက်မှ ရပ်တည် ပြီး ထုတ်ဖေါ် ပြောဆိုခြင်း မရှိခဲ့မှု အတွက် အရှက်တကွဲ ဖြစ်အောင် အပြစ်ဒဏ်ခတ်လာကြခြင်း ဖြစ်သည်။

 

သို့သော် ထိုသို့ ဝေဖန် ရှုတ်ချခဲ့သူ တဦးတလေကမျှ အဘယ်ကြောင့် ထိုသို့ ရပ်တည် မပြောခဲ့ရသနည်းဟု ၎င်းတို့ ထင်မြင်ချက်ကို ထုတ်ဖေါ် ပြောဆိုခဲ့သူ တဦးတလေမျှပင် ထွက်ပေါ်မလာခဲ့ပေ။ ဘော့ ဂဲလ်‌ဒေါ့ဖ် ကပင် “ဂျီနိုဆိုက် အတွက် ကိုယ်တိုင်ကိုယ်ကျ အသုံးတော်ခံခဲ့သူ” ဟု အပုတ်ချ ပြောဆိုခဲ့သည်။

 

သူမ သည် စစ်တပ် နှင့် ဆက်ဆံရေးသည် မည်မျှအထိ အထိခိုက် မခံ ဖြစ်နေပြီး စိုးရိမ်ပူပန်စရာ များ နှင့် ပြည့်နှက်နေအောင် ဖြစ်နေသည်ကို နားလည်ရန် မကြိုးစားကြပဲ ၎င်းတို့ တင်မြှောက်ပေးခဲ့သည့် စင်ပေါ်မှ ဆွဲချ နိုင်ရေးကိုသာ အဓိက ထားလာခဲ့ကြခြင်း ဖြစ်သည်။

 

ယခုနှစ် တွင် အမေရိကန် ဗုဒ္ဓဓမ္မ ကျမ်းပြု ပညာရှင် အလန် ကလီးမင့် နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဖါးဂပ်စ် ဟာလိုး မှ “Burma’s Voice of Freedom” ဟု အမည်ပေးထားသည့် စာအုပ် လေးအုပ်တွဲကြီး ကို ပြုစု ထုတ်ဝေလာခဲ့သည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ လုပ်ဖေါ်ကိုင်ဖက်များ ပြောခဲ့သည့် မိန့်ခွန်းများ၊ အင်တာဗျုး များ၊ ဆောင်းပါးများ အစုံအလင် ပါရှိလာခဲ့သည်။ ထိုစာအုပ်တွဲကြီးသည် သူမ၏ မူဝါဒများ သည် မြန်မာပြည်သူများ အတွက် မည်မျှထိ ရှင်းလင်းပြတ်သားပြီး လိုက်နာခြင်လာအောင် ဆွဲဆောင် နိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်၊ ယင်းသည် သူမအား ဝေဖန်နေသည့် အနောက်တိုင်းသားများ အတွက် လုံးဝ အံ့အားသင့်စရာ ဖြစ်လာပေလိမ့်မည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် အခြား ပြဿနာ များကဲ့သို့ပင် ရိုဟင်ဂျာ အရေးအားလည်း အပြောင်းအလဲ မရှိ တသမတ်တည်း ချည်းကပ်ကိုင်တွယ်ခဲ့သည်၊ ဤသည်ကလည်း ဗုဒ္ဓတရား၏ အဆုံးအမများ ဖြစ်သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာ နှင့် ဥပက္ခာ တရားများကို လိုက်နာ ကျင့်ကြံခဲ့၍ ဖြစ်သည်။

 

ယင်းကို အခြေခံ ၍ (၁) ရှုတ်ချ ပြစ်တင်ခြင်း မပြုပဲ၊ ရင်ကြားစေ့နိုင်‌ရေး၊ (ရခိုင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာဝင်များ နှင့် မူဆလင် များ အကြား ပဋိပက္ခတွင် ဘက်လိုက်မှု မရှိရေး)

(၂) မည်သို့ပင် ဖြစ်စေ စစ်တပ် နှင့် ပူးပေါင်း ဆောင်ရွက်သွားရေး (၎င်းတို့အား လူသိရှင်ကြား ရှုတ်ချခြင်း မလုပ်ပဲ၊ လက်ရှိ အနေအထား အတိုင်း နိုင်ငံ‌ရေး အသွင်ကူးပြောင်း နိုင်ရေး အတွက် နားလည်မှု နှင့် ထောက်ခံမှု ရရှိရေး)

(၃) နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး တွင် နေခဲ့ရပြီး ရလာသော ဒီမိုကရေစီ အပြောင်းအလဲ ကို အန္တရာယ် မကျရောက်အောင် ကာကွယ်ရေး၊ ထိုသို့ လုပ်သည့် အတွက် အနောက် နိုင်ငံများမှ နားလည်မှု လွဲမှားမည် အရေးကို သိသိချည်း နှင့် ဆောင်ရွက်ခဲ့ခြင်း။ 

 

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ပြည်ပ ခရီးစဉ် များ စတင် ထွက်ခဲ့စဉ် အတွင်း အနောက်နိုင်ငံ ရှိ နိုင်ငံရေး သမားများ၊ ထင်ရှားသော ပုဂ္ဂိုလ်များ နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး လည်း ဖြစ်သည်။ ထိုအထဲတွင် သူမ၏ အနေအထားသည် မည်မျှအထိ အထိအခိုက် မခံ ဖြစ်နေသည်ကို ရှင်းပြကောင်း ရှင်းပြခဲ့မည်သာ ဖြစ်သော်လည်း လူသိရှင်ကြားတော့ ထိုအကြောင်းကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိပေ။

 

သူမ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်မှ ကလီမင့် အား ၂၀၁၅ ဧပြီ ၁၀ ရက်နေ့တွင် ယခုလို ဝန်ခံ ပြောဆိုခဲ့သည်။ “ဒေါ်စုက ရိုဟင်ဂျာ ပြဿနာ အပေါ် သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ အဲ့တာက ဘာလဲဆိုတော့ ရိုဟင်ဂျာ ဖက်က လိုက်ပြောမယ်၊ သူတို့ဖက်ကနေ ထောက်ခံ အရေးဆို ပေးမယ် ဆိုရင် မြန်မာတွေ ကြားထဲမှ မလိုလားအပ်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ် ဆိုတာပဲ၊ အဲ့လို ပြောရင် နိုင်ငံတကာ က သူမအပေါ် ပိုပြီး နားလည်လာနိုင်ဖို့ ရှိပေမယ့် ပြည်တွင်း အတွက်တော့ အထောက်အကူ ဖြစ်လာမှာ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ရိုဟင်ဂျာ ဖက် က “ရပ်တည် ပြောခဲ့ခြင်း” မရှိသည်ကို ဝန်ခံခဲ့ပြီး၊ ထိုသို့ ပြောမည်ဆိုက အခြေအနေများ ပို၍ ဆိုးလာမည်သာ ဖြစ်သည်ဟု ဆိုသည်။ သူမနှင့် စစ်တပ်ဆက်ဆံရေးလည်း ဆိုးဝါးသွားနိုင်ပြီး နိုင်ငံရေး အရ ရပ်တည်သွားဖို့ပင် အန္တရာယ်ကျရောက်သွားနိုင်သည်ဟု ဆိုသည်။ သို့သော် လူ့အခွင့်အရေး အဖွဲ့များက သူမအား ထိုသို့ ပြောရန် အတင်းအကျပ် ဖိအားပေးလာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမ ဂုဏ်သိက္ခာ ထက် နိုင်ငံ၏ အကျိုးကို ရှေ့တန်း တင်ခဲ့ခြင်းသာ ဖြစ်သည်။

 

၂၀၁၈ အောက်တိုဘာ ၆ ရက်နေ့တွင် ဂျပန်သတင်းဌာန NHK နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး တွင် “ကျမ အနေနဲ့တော့ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေကို ဂရုစိုက်လှတယ် မဟုတ်ဘူး၊ ဒါပေမယ့် ကျမ မိတ်ဆွေတွေက မဆုပ်မနစ် ရပ်တည် ပေးကောင်း ပေးလာလိမ့်မယ် လို့ ထင်ထားတာ ဖြစ်မလာတဲ့ အတွက် တော့ စိတ်မကောင်းဘူး၊ မိတ်ဆွေ ဆိုတာ တဦးကို တဦး နားလည်မှု ရှိရမယ် လို ထင်တယ်၊ ဆိုလိုတာက သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်၊ ထင်မြင်ချက်တွေ ပေးလာမယ့်အစား ဘာဖြစ်လို့လဲ ဆိုတာ နားလည်အောင် ကြိုးစားသင့်တယ်။ ဆု တွေ ဆိုတာလည်း come and go ပါပဲလေ” ဟု ပြောခဲ့သည်။

 

၂၀၁၉ ဒီဇင်ဘာ ၁၁ ရက် ဟိဂ် တရားခွင် တွင် မြန်မာနိုင်ငံဖက်မှ ရပ်တည်ရန် သူမ ဆုံးဖြတ်ခဲ့မှုအား သူမ၏ လုပ်ဖေါ်ကိုင်ဖက် များအားလုံး က စစ်တပ်ဖက်က ကာကွယ်ပေးသည့် သဘောမျိုး မသက်ရောက်စေပဲ ဂမ်ဘီယာ မှ စွပ်စွဲလာမှု အတွက် နိုင်ငံ၏ ဂုဏ်သိက္ခာ အတွက် ကာကွယ်ပေးသည့် သဘောမျိုး ပေါ်လွင်စေသင့်သည်ဟု တညီတညွတ်တည်း ပြောဆိုလာခဲ့ကြသည်။

 

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဟားဗတ် တက္ကသိုလ် ကျောင်းဆင်း မသီတာ (စမ်းချောင်း) က “လူထု ရဲ့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ ပုံရိပ်ကို ကာကွယ်အောင် ဦးဆောင်ခဲ့တယ်၊ အိုင်စီဂျေ နဲ့ ပတ်သက်ပြီး လူထုက သူမဖက်က ရပ်တည်ခဲ့တာ ကြည့်ရင် စစ်တပ်နဲ့ သူတို့ ပါတီကို ဘယ်လောက်အထိ ဆန့်ကျင်နေကြလဲ ဆိုတာ အချက်ပြလိုက်တာပဲ” ဟု ဆိုသည်။

 

ထိုအချက်များ အားလုံးကပင် အနောက်တိုင်း၏ သဘောထား ထင်မြင်ချက်များ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ဆုံး လုပ်ဖေါ်ကိုင်ဖက်များကပင် ရိုဟင်ဂျာ နှင့် ပတ်သက်ပြီး သူမ၏ ပေါ်လစီ များ အပေါ် အနောက်တိုင်း၏ ဝေဖန် သုံးသပ်မှုများသည် အကြီးအကျယ် ချို့ယွင်းချက်များ ရှိနေသည်ဟု ပြောဆိုခဲ့ခြင်းသည် အံ့အားသင့်စရာ တော့ မဟုတ်ပေ။

 

ဦးဝင်းထိန်မှ “ဒါတွေ အားလုံး က အမှားတွေချည်းပဲ၊ ကြားဖူးနားဝ နဲ့ အလွဲလွဲ အချော်ချော် ပြောနေကြတာချည်းပဲ။ ဒေါ်စုဟာ ကျွန်တော် တွေ့ဖူးသမျှ ထဲမှာ မေတ္တာ ဂရုဏာ တရား နဲ့ အပြည့်ဝ ဆုံး ပုဂ္ဂိုလ်ပဲ” ဟု ထောက်ပြသွားခဲ့သည်။

 

ပျံလွန်တော် မူသွားသည့် မြဝတီ မင်းကြီး ဆရာတော်၏ ၂၀၁၇ တွင် ပြောကြားခဲ့သည်က ပို၍ ပင် ပြတ်သားနေသည်။ “စောင့်သာ ကြည့်၊ ဆုကို ရုပ်သိမ်းတဲ့ လူတွေအားလုံး နောက်ဆုံးကျရင် သူတို့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးရမယ့် အဖြစ်နဲ့ ကြုံကြရလိမ့်မယ်” ဟူ၍ ဖြစ်သည်။

 

မကြာမီ တရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်လာဦးမည် ဖြစ်ပြီး၊ ထိုအခါတွင် သူမ၏ မှတ်တမ်းကို ပြန်၍ တည့်မတ်ပေးနိုင်တော့မည် ဖြစ်သည်။ ထိုအခါကျလျှင်တော့ ထို ပုဂ္ဂိုလ်များသည် ကိုယ့်ကျင်တရား နှင့် ပတ်သက်၍ သတ္တိရှိကြမည် ဆိုလျှင် ၎င်းတို့ ပြောခဲ့သမျှ အတွက် မဖြစ်မနေ ရုပ်သိမ်း တောင်းပန်ရမည့် အဖြစ် ဆိုက်ရောက်သွားတော့မည် သာ ဖြစ်သည်ဟူ၍ သူ၏ “In Defence of Aung San Suu Kyi” ဆောင်းပါးတွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!