ကရင်နီ ပြည်သူတို့၏ တော်လှန်ရေး အမေရိကန် ချီးကြူး

by Hla Soewai - Feb 27 2024

ယခုအခါ နိုင်ငံတဝှမ်းတွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အကြား ပြင်းထန်သော တိုက်ပွဲကြီး များ ဆက်လက် ဖြစ်ပွားလာနေသည်နှင့် အမျှ သေချာသည် က ယခုလို အနေအထား တွင် မည်သို့မျှ နောက်ကြောင်း ပြန်လှည့်၍ မရတော့ ဆိုသည်ပင် ဖြစ်သည်။ လောလောဆယ်တွင် စစ်အာဏာသိမ်း အဖွဲ့၏ ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေမှု ကို ဖယ်ရှား ရန် နှင့် နောက်ပိုင်းတွင် ၎င်းတို့အား မြန်မာ့ နိုင်ငံရေး မျက်နှာစွာ တွင် ဩဇာလွှမ်းမိုးနေမှု အား ပယ်ဖျက် ပစ်ရေးပင် ဖြစ်သည်။ 

 

လက်ရှိ စစ်ကောင်စီ အနေအထားသည် ကြာကြာခံလိမ့်မည် မဟုတ်ဆိုသည်ကို ပြည်သူတရပ်လုံးက ယုံကြည်ထားပြီး ဖြစ်သည်။ ထို့အတွက် ယခင်ကလို အရပ်သား အစိုးရ လက်အောက်တွင် စစ်တပ်၏ အရေးပါသော နိုင်ငံရေး အာဏာကို ဆုပ်ကိုင်ထားနိုင်သည့် ဖါးတပိုင်း ငါးတပိုင်း hybrid ပုံစံမျိုးက တိုင်းပြည်၏ အနာဂတ် အတွက် မည်သို့မျှ လက်တွေ့ကျကျ ဖြေရှင်းပေး နိုင်မည် မဟုတ်တော့။

 

အောင်ပွဲသည် လက်တကမ်းမျှသာ လိုတော့သည်ဟု မြန်မာ ပြည်သူများက ယုံကြည်နေကြပြီး ထိုသို့ ဖြစ်ရန် တကယ်တမ်း အချိန်မည်မျှ ကြာနိုင်မည်လည်း ကို တွက်ဆနိုင်ပြီ ဖြစ်သည့် မျှော်လင့်ချက် မှန်ဘီလူး ဖြင့် လှမ်းကြည့် လာနိုင်ပြီ ဖြစ်သည်။

 

ထိုအထဲတွင် မျှော်လင့် မထားပဲ ထူးထူးခြားခြား အောင်မြင်လာရသည်က ကရင်နီ အမျိုးသား ကာကွယ်ရေး တပ် (KNDF) မှ နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေး ပင် ဖြစ်သည်ဟု အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ များ အပေါ် ဩဇာ သက်ရောက်မှု ရှိနေသည့် Foreign Policy မဂ္ဂဇင်းက ထုတ်ဖေါ် ချီးကြူးရေးသားထားသည်။

 

ထိုသို့ ထုတ်ဖေါ်ချီးကြူးခဲ့ခြင်းသည်လည်း ၎င်းတို့၏ တော်လှန်ရေးသည် ပြည်ပ ဩဇာ သက်ရောက်မှု လုံးဝ ကင်းစင်နေ၍လည်း ဖြစ်သည်။

 

ကရင်နီ ပြည်နယ် တွင် အာဏာသိမ်းပြီး မကြာမီမှာပင် ရရာ လက်နက်စွဲကိုင် ပြီး ခုခံ တွန်းလှန်ခဲ့သည့် တော်လှန်ရေး ကြီး ပေါ်ပေါက်လာရသည်။ ၁၁၁၁ စစ်ဆင်ရေးကြီး ဆင်နွှဲအပြီး တလ ကျော် အကြာမှာပင် ကရင်နီ ပြည်နယ် အတွင်း ရှိ မယ့်စယ်၊ ဒီမောဆိုး အပါအဝင် အပါအဝင် နယ်မြေ အမြောက်အမြားကို ထိန်းချုပ် နိုင်ခဲ့သည်။ ယင်းသည် နှစ်ပေါင်းများစွာ ဆင်နွှဲလာခဲ့သည့် တိုင်းရင်းသား တော်လှန်ရေး များ တွင် ဖြစ်တောင့် ဖြစ်ခဲ့ဟု မဂ္ဂဇင်း က ထောက်ပြခဲ့သည်။ 

 

KNDF တပ်ဖွဲ့ဝင်များ သည် ၁၉၅၀ ကျော် နှစ်များကတည်းက တော်လှန်လာသည့် ကရင်နီ တပ်တော် တွင် စစ်သင်တန်း များ တက်ရောက်ခဲ့ပြီး လမ်းညွှန်မှု ကို လည်း ခံယူခဲ့ကြသည်။ ၎င်းတို့နှင့်အတူ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များလည်း ပူးပေါင်းလာခဲ့ကြသည်။

 

သို့သော် ကရင်နီ တပ်တော်သည် အတွေ့အကြုံများ ရှိနေသော်လည်း အာဏာမသိမ်းမီကပင် အားပျော့နေပြီ ဖြစ်၍ KNDF နှင့် PDF များက ရည်မှန်းချက် မြင့်မားစွာ ဖြင့် အန္တရာယ်များလှသော ထိုးစစ်ကို ဦးဆောင်လာခဲ့သည်။

 

ယခုအခါ ကရင်နီ ပြည်နယ် မြို့တော် လွိုင်ကော်ကိုပင် ထိုးစစ်ဆင်လာနိုင်ပြီး သိမ်းပိုက်လုနီးနီး အခြေ ဆိုက်ခဲ့သည်။ ကရင်နီ တော်လှန်‌ရေး တပ်များသည် အဓိက ကျသည့် အဝေးပြေး လမ်းမကြီး များကို ရှောင်ရှားပြီး ဒီမောဆိုး၊ မိုးဗြဲ တို့ နှင့် ဆက်သွယ်ထားသည့် ဒုတိယ အရေးပါသည့် လမ်းများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုလမ်းများ အသုံးပြုနေသည့် စစ်တပ်၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို ကောင်းစွာ အနှောက်အယှက် ပေးနိုင်စွမ်း ရှိလာခဲ့သည်။

 

ယခုအခါ ဒီမောဆိုး သည် ပြန်လည် စည်းကား လာပြီ ဖြစ်သည်။ (ပုံတွင် ဒီမောဆိုး ဈေးတန်း တွင် ဈေးဝယ်နေကြသော တော်လှန်ရေး တပ်ဖွဲ့ဝင်များကို တွေ့နိုင်သည်။ - FP)

 

KNDF ၏ ဒုစစ်ဦးစီးချုပ် မော်ဝီ မှ စစ်တပ်သည် လွိုင်ကော်ကို ကာကွယ်ရန် တပ်များ ပြန်ရုပ်သွားပြီ ဖြစ်၍ နယ်မြေ အမြောက်အမြားသည် ၎င်းတို့ အုပ်ချုပ်မှု အောက်သို့ ရောက်ရှိလာသည်ဟု ပြောခဲ့သည်။ လူထုအားလည်း ထိုအရပ်ဒေသများသို့ ပြန်လာပြီး တောင်ယာလုပ်ငန်းများ လုပ်ကိုင်ကြရန်လည်း မော်ဝီက တိုက်တွန်းခဲ့သည်။ 

 

လူထု၏ ဒူပေနာပေ ခံနိုင်ရည် ရှိမှု ကပင် တော်လှန်‌ရေး အတွက် လောင်စာများ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

 

စစ်တပ်သည် နိုင်ငံတဝှမ်း ခုခံ တွန်းလှန်မှု များ နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်၍ တိုက်ပွဲများ ကို ရွေးတိုက်လာနေကြသည်။ လွိုင်ကော်သည် ပြည်နယ် မြို့တော် ဖြစ်နေယုံမျှမက ရေအားလျပ်စစ် စီမံကိန်း များ ရှိနေပြီး နေပြည်တော်နှင့်လည်း နီးကပ်နေသည် အတွက် ၎င်းတို့အဖို့ ဦးစားပေး ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားပုံ ရသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့၏ မြန်မာရေးရာ တာဝန်ခံ ရစ်ချတ် ဟိုဆေးက ထောက်ပြလာသည်။

 

မယ်စယ် ကဲ့သို့ မြို့သည် မြစ်များ တောင်များ အကြားတွင် ရှိနေပြီး၊ ဒီမောဆိုးသည် ထိုအနေအထား နှစ်ခု ကြားတွင် ရှိနေသည်။ ထို့အတွက် ဒီမောဆိုး သည် ၎င်းတို့အား အကြီးအကျယ် ခြိမ်းခြောက်လာနိုင်သည့် အနေအထား မရှိသေး၊ သို့သော် လွိုင်ကော်တွင် အခြေအနေ ကောင်းသွားက ထိုဒေသများသို့ ပြန်လာမည်လော ဟု မေးစရာ ဖြစ်လာရသည်။

 

အခြေအနေများသည် ပြန်ပြောင်း၍ မရ တော့ ဟု ပြော၍ မရ ဟု လည်း သတိပေးခဲ့သည် အစရှိသဖြင့် Foreign Policy မဂ္ဂဇင်း တွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

စစ်ကောင်စီ ဝါဒ ဖြန့် မီဒီယာများက တနိုင်ငံလုံး ပုံမှန် လည်ပတ်နေသယောင် မည်သို့ ပင် လိမ်ညာ ထုတ်လွှင့်နေစေကာ မူ ပြီးခဲ့သည့် လေးလ အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ချင်း နှင့် ကရင်နီ ဒေသများ တွင် နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံး လာနေပြီ ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်များသည် လည်း အဆိုပါ ဒေသများ အပြင် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်၊ ကရင် နှင့် မွန်ပြည်နယ် များ တွင် တိုက်ခိုက်လျက် ရှိနေကြသည်၊ သို့သော် အကြမ်းဖက် စစ်တပ်နှင့် ယှဉ်လျှင် လက်နက်အင်အား ပြည့်စုံမှု မရှိသေး၍ ၎င်းတို့ဖက်မှ အပြင်းအထန် ထိုးစစ် ကို တန်ပြန်နိုင်စွမ်း မရှိ ဖြစ်နေသည်ဟု ဧရာဝတီ က သုံးသပ်ထားသည်။

 

စစ်ကောင်စီ သည် အမျိုးသား ညီညွတ်‌ရေး အစိုးရ မှ နိုင်ငံတကာတွင် သံတမန်ရေး အရ အားသာနေမှု ကို ရိုက်ချိုး နိုင်ရန် ဦးစားပေး နေပြီး ရသမျှ ရံပုံငွေ ဖြင့် လက်နက် အင်အား မနိုင်ရင်ကာ ဖြည့်တင်းပေးနေရချိန်တွင် စစ်မှု မထမ်းမနေရ ဥပဒေ ကြောင့် နယ်စပ်ရှိ NUG ထံ လူငယ်များ အစုလိုက် အပြုံလိုက် ရောက်ရှိလာပါက စားဝတ်နေရေး နှင့် လုံခြုံရေး ပါ စီမံပေးရသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေရန်ဟူသော ရည်ရွယ်ချက်လည်း ပါဝင်နိုင်သည်ဟု Eurasia Review စာစောင်တွင် ဆောင်းပါးရှင် Nicholas Kong မှ ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော ဝင်ရောက်လာသူတိုင်းအား စစ်သင်တန်းပေး၊ လက်နက် တပ်ဆင်ပေးနိုင်ဖို့ မည်သို့မျှ မဖြစ်နိုင်‌သေးသည့် အနေအထား ရှိနေမှန်း သိထားသော ကြောင့်လည်း ဖြစ်ပေမည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် လည်း ထိုသို့သော ထောင်ချောက်ကို ကောင်းစွာ ရှောင်ရှားပြီး တတ်နိုင်သမျှ ကူညီ ပေးသွားမည်ဟု ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် ကျေညာချက် ထုတ်ပြန်လာခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့၏ စစ်မှုထမ်း ဥပဒေ conscription သည် ပြည်သူ တော်လှန်ရေး အတွက် constriction (လည်မြို ညှစ်သည်) မဖြစ်စေပဲ ၎င်းတို့သာ အခက်ကြုံရမည့် ဗိုလ်ပု အခက် ပြည်သူ့ အချက် ဖြစ်ရမည် ဟု ဆောင်းပါးရှင်မှ ၎င်း၏ အမြင်ကို တရုတ်စစ် သေနင်္ဂဗျူဟာ အကျော်အမော် ဆွန်ဇူး၏ အဆိုအမိန့် တခု ဖြင့် ယခုလို ကိုးကား ဖေါ်ပြထားသည်။

 

“Who wishes to fight must first count the cost. Don’t let sacrifices sneak up on you. Whatever path you take, know the consequences.” 

 

ဆိုလိုသည်က တိုက်ပွဲတခုကို မဆင်နွှဲမီ ဖြစ်ပေါ်လာနိုင်သည့် အကျိုး နှင့် အပြစ် ကို ကောင်းစွာ သုံးသပ်နိုင်ရမည်၊ တိုက်ပွဲ မဝင်မီ စိတ်ဓါတ်ရေးရာ အရရော ကိုယ်ကာယ ပိုင်းပါ အဆင်သင့် ဖြစ်နေရန် ပြင်ဆင်ထားရမည်၊ အမျှော် အမြင်ရှိရှိ မဟာဗျူဟာ ချမှတ် ထားနိုင်မှ ရန်သူ ၏ အလစ်အငိုက် တိုက်ခိုက်လာမှု ကို မခံရမည် ဖြစ်သည်၊ တိုက်ပွဲတိုင်းတွင် မိမိဖက်မှ စွန့်လွှတ်ရမည့် အရာများကို သေချကျနစွာ လေ့လာပြီး ဉာဏ်ကို လွှာသုံး၍ ဆုံးဖြတ်ဆောင်ရွက်သွားရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!