အာဖဂန် နစ္စတန်
အာဖဂန် နစ္စတန် တွင် ဘူမိနိုင်ငံရေး နှင့် ပတ်သက်ပြီး အလွှာ အထပ်ထပ် လွှမ်းခြုံခံထားရပြီး ဖြစ်သည်။ တချိန်က ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ယုံမက ဩဇာလွှမ်းခဲ့ရာ ဒေသ လည်း ဖြစ်သည်။ ဆယ့်ကိုးရာစု အတွင်း ဗြိတိန် နှင့် ရုရှား အကြား အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ ဒေသလည်း ဖြစ်သည်။
ဆယ့်ကိုး ရာစု အတွင်း ဗြိတိန်သည် ဒေသတွင်း နိုင်ငံရေး ကို ၎င်းတို့ အလိုကျ ပုံဖေါ်ရန် ကြိုးစားလာခဲ့ခြင်းကြောင့် အုပ်ချုပ်သူ စော်ဘွား အပေါ် သစ္စာရှိသော အာဖဂန် တပ်များ က တဖက်၊ ဗြိတိသျှ၊ အိန္ဒိယ ပူးတွဲ တပ်များက တဖက် စစ်ပွဲ ပေါင်း များစွာ တိုက်ခိုက်ခဲ့ကြသည်။ ဤသို့ဖြင့် အာဖဂန်နစ္စတန် သည် ၁၉၁၉ တွင် လွတ်လပ်ရေး ကြေငြာနိုင်ခဲ့သည်။
အာဖဂန် နစ္စတန် ၏ ခေတ်သစ် သမိုင်း အား ပုံသွင်းပေးလာသည့် အဓိက ဖြစ်စဉ် နှစ်ရပ် ရှိခဲ့သည်။ ပထမ ဖြစ်စဉ် သည် ၁၉၇၃ တွင် ထီးနန်းကို ဖြုတ်ချ အာဏာသိမ်းခဲ့မှု ဖြစ်ပြီး ဒုတိယ ဖြစ်စဉ်သည် ၁၉၇၉ တွင် ဆိုဗီယက်တို့ စစ်ရေးအရ ကျုးကျော် တိုက်ခိုက်ခဲ့ခြင်း တို့ ဖြစ်သည်။ ဆိုဗီယက်သည် ထို့မတိုင်မီ တနှစ်က အာဏာသိမ်း ပြီး တက်လာသည့် ဘာသာရေး အခြေမခံသည့် လက်ဝဲ အစိုးရ အတွက် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ဖြစ်သည်။
အယူအဆ ပြင်းထန်သည့် အစ္စလမ် ပျောက်ကျား လှုပ်ရှားမှု အား တန်ပြန်နိုင်ရန် ရုရှားသည် ၎င်းတို့ တပ်များ နိုင်ငံအတွင်း ဖြန့်ကျက်ချထားရန် ဆုံးဖြတ်ခဲ့မှုသည် လွန်စွာ တန်ဖိုးကြီးကြီး ပေးခဲ့ရသည်ကို နောက်ကျမှ သိလာခဲ့ရသည်။ စစ်ရေးတွင်သာမက ဘဏ္ဍာရေး အရလည်း အလွန်အမင်း ထိခိုက်လာမှု များကြောင့် ရုရှား ပြည်တွင်း တွင် လူထု ၏ မကျေနပ်ဖြစ်မှု များ နှင့် ရင်ဆိုင်လာရပြီး ကွန်မြူနစ် အစိုးရ ကျဆုံးခဲ့မှု နှင့် ၁၉၉၁ ဆိုဗီယက် ပြိုကွဲခဲ့ရမှု တွင် အကြောင်းရင်း တရပ် အဖြစ် ပါဝင်လာခဲ့သည်။
အမေရိကန် ပြည်ထောင်စု သည် ဆိုဗီယက်-အာဖဂန် စစ်ပွဲတွင်လည်း ပါဝင်ပတ်သက် လာခဲ့သည်။ ယင်းသည်လည်း ရေရှည် တွင် လွန်စွာ ထိခိုက်စရာ ဖြစ်လာခဲ့ရသည်။
အမေရိကန်သည် ပါကစ္စတန် နှင့် အတူ ဆိုဗီယက်တို့အား တွန်းလှန် တိုက်ခိုက် နေသည့် မူဂျာဟီဒင် ဟု ခေါ်သည့် အာဖဂန် တော်လှန်ရေး အဖွဲ့များထံ လက်နက် နှင့် ငွေများ ထောက်ပံ့ပေးလာခဲ့သည်။
သို့ရာတွင် ဗြောင်ကျကျ ထောက်ပံ့ခြင်း မဟုတ်ပဲ အမေရိကန် မှ တိုက်ရိုက် ပါဝင် ပတ်သက်ခြင်းမျိုးလည်း မဖြစ်စေရ ၎င်းတို့ ပါဝင်ပတ်သက်မှု ကိုလည်း လူသိမခံသည့် လုပ်နေကျ လျို့ဝှက် စစ်ဆင်ရေး အသွင်ဖြင့် လက်နက် နှင့် ထောက်လှမ်းရေး သတင်းများ ပံ့ပိုးပေး ခဲ့ခြင်းမျိုး ဖြစ်သည်။
အမေရိကန် မှ ထောက်ခံခဲ့သည့် "လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ" သည် လည်း နောက်ပိုင်းတွင် အစ္စလမ်၏ အစွန်းရောက် သဘောတရားကို ပွေ့ဖက်လာကြသည်။
ဆိုဗီယက်တို့ အရေးနိမ့်သွား သော်လည်း ထိုအဖွဲ့များသည် ဖျက်သိမ်းခြင်း မပြုခဲ့ကြပဲ၊ အာဖဂန်နစ္စတန် ကို သိမ်းယူပြီး ၎င်းတို့ ဖြစ်စေချင်သည့် အစွန်းရောက်ပုံစံ သွင်းယူရန် ကြိုးပမ်းလာခဲ့ကြသည်။
၁၉၈၉ ဖေဖေါ်ဝါရီ တွင် နောက်ဆုံးလက်ကျန် ဆိုဗီယက် တပ်များ ထွက်ခွာသွားပြီး နောက် နှစ်အနည်းငယ် ကြာသည်အထိ ၎င်းတို့ ကျောထောက်နောက်ခံ ပေးထားသည့် အစိုးရသည် အာဏာ ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ နောက်ဆုံးတွင် အမေရိကန် နှင့် ဆက်နွယ် ပတ်သက်နေသော လူမျိုးစုများ၏ ပေါင်းစပ်ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည်။
ထိုမဟာမိတ် အဖွဲ့သည်လည်း နောက်ပိုင်းတွင် အတူတကွ ပူးပေါင်းလုပ်၍ မရ ဖြစ်လာကြသဖြင့် လေးနှစ်ကြာ ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ပြီး နောက်ဆုံး တွင် တာလီဘန်တို့ အောင်ပွဲ ခံခဲ့သည်။
တာလီဘန် ဆိုသည်က အာဖဂန်နစ္စတန် တောင်ပိုင်းတွင် အသုံးများသော ပက်ရှ်တို ဘာသာ အရ "ကျောင်းသားများ" ဟု အဓိပ္ပါယ်ရသည်။ ၎င်းတို့သည် ဆွန်နီ အခြေခံ ဝါဒီများ ဖြစ်ကြပြီး အစ္စလမ်၏ လွန်စွာ ရှေးကျသော အယူဝါဒကို ကိုင်စွဲထားကြသူ များ ဖြစ်သည်။ အစ္စလမ်၏ တရားဥပဒေ ဖြစ်သော ရှာရီယာ ၏ ဖွင့်ဆိုချက်ကို မူ ရင်း အတိုင်း အနက် ကောက်ယူ ကျင့်သုံးကြသူများ ဖြစ်သည်။ ယင်းသည် လူ့အခွင့်အရေး၊ ကျားမ တန်းတူ ညီမျှမှု၊ ဒီမိုက ရေစီ ဆိုသည်တို့နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်လာခဲ့သည်။
ထို့အပြင် တာလီဘန် တို့သည် အကြမ်းဖက်သမား များ အား ခိုလှုံခွင့် ပေးထားသဖြင့် ကျန် ကမ္ဘာနိုင်ငံများ နှင့် ကန္တကောစ ဖြစ်လာခဲ့သည်။
၂၀၀၁ စက်တင်ဘာ ၁၁ တွင် အယ်ကိုင်ဒါ အဖွဲ့ နှင့် ပတ်သက်နေသော အကြမ်းဖက် သမားများသည် လေယာဉ် လေးစင်းကို ပြန်ပေးဆွဲပြီး၊ ထိုအထဲမှ နှစ်စင်းကို ကမ္ဘာကုန်သွယ်ရေး စင်တာ ရှိ မျှော်စင်လို မိုးထိ မြင့် အဆောက်အအုံ ကြီး နှစ်ခု ထံ လေယာဉ်ကို ထိုးစင်းကာ တိုက်ခိုက်ခဲ့ကြသည်။ တတိယမြောက် လေယာဉ် သည် ပင်တဂွန် အဆောက်အဦး ထံ ထိုးစင်းသွားခဲ့သည်။ စတုတ္ထမြောက် လေယာဉ်သည် အိမ်ဖြူတော် အား ဦးတည်လာသည်ဟု ယူဆရသည်၊ သို့သော် လေယာဉ် ပေါ် လိုက်ပါလာသော ခရီးသည်များ က ပြန်၍ တိုက်ခိုက်လာသဖြင့် ဦးတည်ရာ မရောက်တော့ပဲ ပင်ဆယ်ဗေးနီယားရှိ ကွင်းပြင်ကြီး တခုထဲသို့ ပျက်ကျသွားခဲ့သည်။
အယ်ကိုင်ဒါ ၏ အဓိပ္ပါယ်အား တိုက်ရိုက် ပြန်ဆိုမည် ဆိုက "the base" ဟူ၍ ပြောနိုင်သည်၊ ထိုအဖွဲ့၏ ကွန်ယက်အား ဆွန်နီ အခြေခံ ဝါဒီများဖြင့် ဖွဲ့စည်းထားပြီး အာဖဂန်နစ္စတန် တွင် ခိုလှုံခွင့် ရထားသည်။ ၎င်းတို့အားလုံးသည် လောကီရေးတွင် ခေတ်မီ ဆန်းသစ်မှု မှန်သမျှ ကို ဆန့်ကျင်သော ဝါဒ ကို ကိုင်စွဲထားသည် ၎င်းတို့ ဆန့်ကျင်သမျှ ၏ အခြေခံရာ အနောက်တိုင်းကိုလည်း ရန်သူ အဖြစ် ပစ်မှတ်ထားလာခဲ့သည်။
၎င်းတို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း သုံးထောင်ခန့် အသက်ဆုံးရှုံးသွားခဲ့ရသည်။
ကျွနုပ်သည် ထိုအချိန်က နိုင်ငံခြားရေး ဝန်ကြီး ကောလင်း ပါဝဲလ် လက်အောက်တွင် မူဝါဒ ရေးရာ စီမံချက် ရေးဆွဲရေး ဌာန အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေချိန် ဖြစ်သည်။ တချိန်တည်းမှာပင် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်း ဆိုင်ရာ အမေရိကန် သံတမန် အဖြစ် တာဝန်ယူထားချိန် ဖြစ်၍ ကျွနုပ်သည် ထိုစဉ်က ဒဗ္ဗလင် တွင် ရောက်ရှိ နေခိုက်လည်း ဖြစ်သည်။
အမေရိကန် သို့ ထွက်ခွာမည့် လေကြောင်းခရီးစဉ် အားလုံး ယာယီ ရပ်ဆိုင်းထားချိန်လည်း ဖြစ်၍ ကျွနုပ်၏ လက်ရှိ တာဝန်များကို ဆက်လက်ထမ်းဆောင်နေခဲ့ရသည်။ ယခုအရေးသည် အကြမ်းဖက် ဝါဒ နှင့် ဆက်စပ်နေ၍ ကျွနုပ်နှင့် တစိတ်တပိုင်း ပတ်သက်နေသည်ဟု ယူဆမိသဖြင့် နိုင်ငံခြားရေး ဝန်ကြီးထံ ကျွနုပ်၏ သဘောထားကို ဖေါ်ပြထားသော စာတမ်းရှည်ကြီး တစောင် ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင် ပါကစ္စတန်သည် တာလီဘန် များအား ခိုလှုံခွင့် ပေးထားသည်ကို အမေရိကန် အနေဖြင့် ဆက်၍ သည်းခံ တော့မည် မဟုတ်ဟု သတိပေးသင့်ပြီဟု အကျိုး အကြောင်း နှင့် တကွ တင်ပြထားခဲ့သည်။
ကျွနုပ် အကြံပြုသည့် အတိုင်းပင် ပါကစ္စတန် ကို သတိပေးခဲ့ပြီး၊ အချိန်ကြာလာသည့် အခါ အမေရိကန်၏ အာရုံစိုက်မှု လျော့ပါးလာသည်နှင့် အမျှ ပါကစ္စတန်သည်လည်း ယခင်ကအတိုင်း ပြန်ဖြစ်လာခဲ့သည်။
သို့သော် မပြောင်းမလဲပဲ ကျန်ခဲ့သည်က ခေတ်သစ် အကြမ်းဖက်သမားများ၏ စွမ်းဆောင်လာနိုင်သည့် အင်အား အောက်တွင် အမေရိကန်သည် လုံခြုံမှု မရှိ ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းနှင့် အတူ အာရပ် လူငယ် အတော်များများသည် အယ်ကိုင်ဒါ တို့ ခံယူထားသော အစ္စလမ် အယူကို ပွေ့ဖက်လာကြပြီး အနောက်တိုင်း နိုင်ငံများ နှင့် ခေတ်မီ ဆန်းသစ်မှု မှန်သမျှ ကို ရန်သူ အဖြစ် သဘောထားလာခဲ့ကြခြင်းပင် ဖြစ်သည်။