မြန်မာပြည် အရေး နိုင်ငံတကာ မှ အာရုံစိုက်ရန် အချိန်ကျပြီ

by Hla Soewai - Feb 27 2024

TONY BLAIR INSTITUTE FOR GLOBAL CHANGE မှ ထုတ်ပြန်လိုက်သော “Myanmar Conflict: Spiralling Crisis Requires Renewal Global Focus” အစီရင်ခံစာပါ အချက်အလက်များ ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်နေသည်များ နှင့် နှစ် နှစ်ပြည့်လာခဲ့သော ယူကရိန်း စစ်ပွဲ သတင်း များသည် မီဒီယာများ တွင် ထိပ်ဆုံးမှ နေရာယူလာချိန်တွင် မြန်မာပြည်တွင် ပိုမိုကောင်းမွန်သော အနာဂတ် အား ပျိုးထောင်ပေး နိုင်ရန် အချိန်မီ ဝင်ရောက် ပတ်သက်နိုင်မည့် အခွင့်အလန်းကိုမူ ကမ္ဘာကြီးက လျစ်လျု ရှုထားကြသည်။ မြန်မာ အပေါ် ဂရုထားမှု လျော့နည်းနေသည်။

 

သုံးနှစ် ကျော်လာသော်လည်း အာဏာသိမ်း အဖွဲ့ နှင့် ခုခံတွန်းလှန်နေသည့် တော်လှန်ရေး အဖွဲ့များ အကြား ပဋိပက္ခသည် မည်သို့မျှ အဖြေရှာနိုင်မည့် လက္ခဏ တစုံတရာ မတွေ့ရသဖြင့် တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပိုင်းတွင် ရှေ့လျောက်တိုးတက်လာရန် မရှိပဲ ချောင်ပိတ်မိနေပြီ ဖြစ်သည်။

 

၂၀၂၃ အောက်တိုဘာလ မှ စ၍ တိုက်ပွဲများသည် အရှိန်မြင့်လာခဲ့မှု နှင့်အတူ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့် အမျိုးသား ညီညွတ်‌ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်များ အကြား ယခင်ကထက် ပို၍ နီးစပ်မှု ရှိလာခဲ့သည်။

 

စစ်တပ်သည် အကြီးအကျယ် အရေးနိမ့်လာမှု နှင့် အတူ လက်နက်ကြီးများ၊ လေကြောင်း ပစ်ကူများ နှင့် တုန့်ပြန်လာခဲ့ပြီး ဇန်နဝါရီလ ကုန်တွင် စစ်ကောင်စီသည် ၎င်းတို့၏ သက်တမ်းကို ထပ်မံ တိုးချဲ့လာခဲ့ပြန်သည်။ ထို့အတွက် ၎င်းတို့ ပေးထားသော ရွေးကောက်ပွဲဆိုသည်က ဝေးသည်ထက် ဝေးလာခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံတွင်း အိုးအိမ် စွန့်ခွာ၍ စစ်ဘေး ရှောင်သူ များသည် ၂.၆ သန်း အထိ စံချိန်တင် မြင့်တက်လာခဲ့သည်။ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် အကူအညီ ပေးရမည့် အရည်အတွက်သည် ၁၈.၆ သန်း ရှိနေသည်။ ထိုသို့ အကူအညီ ပေးမည့် သူများ အားလည်း စစ်တပ်မှ ဗျူရိုကရေစီ ကြိုးနီ စနစ်များ ဖြင့် ကန့်သတ် ဟန့်တား နေပြန်သည်။

 

အိမ်နီးချင်း နိုင်ငံများလည်း ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်မကင်းစရာ ဖြစ်လာနေသည်။ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်သည် တပ်များကို အမြင့်ဆုံး အဆင့် တပ်လှန့်ထားပြီး ဖြစ်သည်။ အိန္ဒိယမှလည်း မြန်မာဖက်ရှိ တောင်တန်းဒေသနေ တိုင်းရင်းသားများ ၎င်းတို့ နိုင်ငံတွင်း လွတ်လပ်စွာ လာရောက်ခွင့်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ နယ်နမိတ်ခြင်း ကီလိုမီတာ ၂,၄၀၀ ခန့် ထိစပ်နေသော ထိုင်း နိုင်ငံသည် အကူအညီ ပေးရေး အတွက် ရှေ့တန်းစခန်း အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ဗြိတိန်၊ အမေရိကန် နှင့် အီးယူ နိုင်ငံများသည် စစ်တပ် အပြင် ၎င်းတို့နှင့် ဆက်စပ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ်လာခဲ့သည်။

 

သို့သော် နိုင်ငံတကာ အနေဖြင့် ထိုသို့ ပိတ်ဆိုမှုများကို တညီတညွတ်တည်း လုပ်ဖို့ လိုအပ်နေသည်။ တဆက်တည်းတွင် အာဆီယံ၊ ကုလ နှင့် အခြား ဒေသတွင်း နိုင်ငံကြီးများ အနေဖြင့် ပဋိပက္ခ အဆုံးသတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ကြိုးပမ်းသင့်သည်။ အမြန်ဆုံး လုပ်နိုင်သည့် အရာက ၂၀၂၃ ဇွန်လ တွင် ကုလ အတွင်းရေးမှုးချုပ်၏ အထူးသံတမန် ရာထူးမှ နှုတ်ထွက်သွားသော နိုလင်း ဟေဇာ နေရာတွင် အစားထိုး ခန့်အပ်ရေးပင် ဖြစ်သည်။ သို့မှသာ နိုင်ငံတွင်း ရှိ အဓိက ပါဝင် ပတ်သက်နေသူများ နှင့် ကုလ သည် ထိတွေ့ ဆက်ဆံနိုင်မည် ဖြစ်ပြီး အာဆီယံ အထူးသံတမန်၏ လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

 

အနောက်နိုင်ငံများ အနေဖြင့် နိုင်ငံများ အား သင်လျော်သလို ရွေးချယ် စုစည်းကာ အထူး အဖွဲ့ တဖွဲ့ ဖွဲ့စည်းထားပြီး အခွင့်ရသည်နှင့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူများ အားလုံး ကို ဆွေးနွေးပွဲ စားပွဲ ဝိုင်းဆီသို့ တွန်းပို့ ပေးနိုင်ရမည် ဖြစ်သည်။ ထိုဆွေးနွေးပွဲများသည်လည်း လက်ရှိ အကြမ်းဖက်မှု အတိုင်းအတာ ကို လျော့ချပြီး အရပ်သား အစိုးရ ဖွဲ့စည်းရေးကို ဦးတည်မည့် ပုံစံမျိုး သာ ဖြစ်သင့်သည်။

 

ပဋိပက္ခအား အမြန်ဆုံး အဆုံးမသတ်နိုင်ပါက အရပ်သားများ ထိခိုက်သေဆုံး မှုများသည် ဆက်၍ မြင့်တက် နေဦးမည်သာ ဖြစ်သည်။ မြန်မာ ပြည်သူများ လက်ရှိ ကြုံတွေ့နေရသော ဒုက္ခများသည် ပို၍ ဆိုးလာဖွယ် ရှိနေပြီး ၎င်းတို့၏ မျှော်လင့်ချက် ဖြစ်သည့် ငြိမ်းချမ်းသာယာ သော ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် ပေါ်ထွန်းလာမည့် အခွင့်အရေးသည် ဝေးသည်ထက် ဝေးလာမည်သာ ဖြစ်သည်။ ပဋိပက္ခ ရေရှည်လာသည်နှင့် အခြေအနေများ ထိန်းမရ ဖြစ်လာကာ ဒေသတွင်း နိုင်ငံများ တည်ငြိမ်ရေး ကို ခြိမ်းခြောက်လာမည်လည်း ဖြစ်သည်။

 

လက်ရှိ အနေအထားသည် တဖက်ဖက်မှ ပြတ်ပြတ်သားသား အောင်ပွဲခံဖို့ ကို ခန့်မှန်းရ ခက်နေသည်၊ တော်လှန်ရေး တပ်ဖွဲ့များ အား အညံ့ခံ အရှုံးပေးသည်ထက် မင်းအောင်လှိုင် နှင့် ၎င်းဦးဆောင်နေသော စစ်ကောင်စီ အား ဖယ်ရှားပြီး နောက်ထပ် စစ်အုပ်စု တစုက နေရာယူလာမည်က ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်။

 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း ၎င်းတို့နယ်မြေများကို နိုင်ငံ‌ရေး နှင့် စီးပွားရေးအရ မဟာဗျူဟာ ကျကျ ထိန်းချုပ်သွားနိုင်ဖို့သာ စိတ်ဝင်စားနေကြပြီး စစ်တပ်ဖြစ်စေ၊ အတိုက်အခံ ဖက်က ဖြစ်စေ ဖွဲ့စည်းလာမည့် ဗဟိုအစိုးရ အား ၎င်းတို့ လက်ရှိ ထိန်းချုပ်ထားနိုင်မှု ကို အလျော့ပေး သွားဖို့လည်း မရှိပေ။ ထို့အပြင် ၎င်းတို့ အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ အကြံဉာဏ် ပေးခြင်းမှ လွတ်ကင်းပြီး ၎င်းတို့ဖာသာ ထိထိရောက်ရောက် အုပ်ချုပ်သွားနိုင်မှု မျိုးကိုသာ လိုလားနေကြသည်ဟု လေ့လာသူ အချို့၏ ပြောဆိုမှုများ ရှိနေသည်။

 

ဘီဂျင်းသည်လည်း ရခိုင်ပြည်နယ် တွင် ရေနက် ဆိပ်ကမ်း နှင့် အတူ ဘင်္ဂလား ပင်လယ်အော် ဖက်တွင် ၎င်းတို့ ၏ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အတွက် စစ်စခန်းတခု ထားရှိနိုင်ရေး ကို မျှော်မှန်းလျက် ရှိနေပြီး ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းများ အား ကာကွယ်သွား နိုင်ရေး အတွက် မြန်မာ စစ်တပ်အပေါ် အားပြုနေရသည့် အတွက် ယခုလိုပင် လွန်းပျံ သံတမန်ရေး ဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် ဆက်လက် ဩဇာ လွှမ်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး မြန်မာ စစ်ကောင်စီ အားလည်း လက်တကမ်း အကွာအဝေး ထား၍ ဆက်ဆံသွားမည်သာ ဖြစ်သည်။

 

ဒေသတွင်း ကျွမ်းကျင်သူများ က မင်းအောင်လှိုင် နှင့် အဖွဲ့သည် အာဆီယံ ၏ အချက် ငါးချက် ကို လှည့်ပတ် ကစားသွားမည်သာ ဖြစ်ပြီး တကယ်တမ်း တခုတလေမျှ အကောင်အထည် ဖေါ်လိမ့်မည် မဟုတ်ဟု သုံးသပ်နေကြသည်။

 

ဖြစ်ပေါ်လာနိုင်သည့် အနေအထား သုံးရပ်

 

(၁) လက်ရှိ စစ်ကောင်စီ သည် နယ်မြေ များ ဆုံးရှုံးလိုက်လာနေမှု နှင့် တပ်ဖွဲ့ဝင်များ အကြား စိတ်ဓါတ်များ ပျက်ပြားလာမှု၊ လက်နက်ချလာမှု အတိုင်း အတာ ကို ကြည့်မည် ဆိုက စစ်ကောင်စီ ကျဆုံးခန်း ဆိုက်ရောက်လာဖို့က ဖြစ်နိုင်ချေ ရှိနေသည်။ နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ၎င်းတို့၏ တပ်များကို စုစည်းဖို့ မဖြစ်နိုင်တော့ပေ။ ထိုအနေအထား အတိုင်း ဆက်သွားမည်ဆိုက စစ်တပ် ကျဆုံးသွားနိုင်သည့် အလားအလာများ တနေ့တခြား တိုးပွားလာနေသည်။ စစ်တပ်အတွင်း တန်ပြန် အာဏာသိမ်းမှု ဖြစ်ပွားလာနိုင်သည့် အရေး ကိုလည်း ဖယ်ထုတ်ထား၍ မဖြစ်ပြန်ပေ။

 

(၂) စစ်တပ်သည် နယ်မြေများ ဆုံးရှုံးလာနေသော်လည်း လက်ရှိ အနေအထား အတိုင်း ဆက်၍ ရှိနေနိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင်များ နှင့်လည်း ယခုလိုပင် သံသရာ လည်နေမည် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် များ နေရာအနှံ့ တိုက်ခိုက်လာသည့် မဟာဗျုဟာသည် အောင်မြင်နေသော်လည်း ပြတ်ပြတ်သားသား တိုးတက်မှုများ ရလိုပါက ယခုထက် ပိုမို စုစည်းပြီး နယ်မြေ အများအပြားကို ထိန်းချုပ်အုပ်ချုပ်သွားနိုင်ဖို့ လိုအပ်နေသည်။

 

(၃) စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင်များ ၏ တောင်းဆိုချက်များကို လိုက်လျောလာပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရအောင် ကြိုးစားလာနိုင်သည်။ သို့သော်လည်း စစ်ကောင်စီ နှင့် တိုင်းရင်းသား များ အကြား ရှိနေသော ပဋိပက္ခသည် ပြီးဆုံးသွားဖို့ မရှိ၊ စစ်ကောင်စီတွင်လည်း ထိုသို့ အပေးအယူ လုပ်ရန် အကန့်အသတ်နှင့်သာ ရှိနေသည်။

 

မည်သို့ပင် ဖြစ်စေ နိုင်ငံတကာသည် နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို ပိုမိုကောင်းမွန်လာမည့် အနေအထား ရောက်အောင် ပုံဖေါ်နိုင်မည့် အခွင့်အရေး များ ရရှိနေပြီ ဖြစ်၍ မလွတ်တမ်း ဆုတ်ကိုင်သွားသင့်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!