မြန်မာ နျူကလီယား ကတ်

by Hla Soewai - Feb 27 2024

ပြီးခဲ့သည့် အပတ်အတွင်း အမေရိကန် တရားရေးဌာန အစိုးရ ရှေ့နေများက ၂၀၂၂ အတွင်း ဖမ်းဆီးခဲ့သော ဂျပန် ယာကူဇာ ဂိုဏ်း ခေါင်းဆောင် တာကီရှီ အဘီဆာဝါ နှင့် ၎င်း၏ ပါတနာ ဖြစ်သူ ထိုင်း နိုင်ငံသား ဆွန်ပေါ့ ဆင်ဂါဆီရိ အား နျူကလီယား လက်နက် ထုတ်လုပ်နိုင်သည့် ဓါတ်သတ္တုများ အား တရားမဝင် သယ်ယူ ရောင်းချမှု နှင့် ထပ်တိုး စွဲချက် အပါအဝင် စုစုပေါင်း ခုနှစ်မှုဖြင့် ရုံးတင်တရားစွဲဆိုလာခဲ့ပြီ ဖြစ်သည်၊ ၎င်းတို့အဆိုအရ ရရှိသော ငွေများဖြင့် မြန်မာပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစု အတွက် လက်နက်များ ဝယ်ယူပေးရန် လည်း ပါဝင်သည် ဟု ဆိုသည်။

 

၎င်းတို့ နှစ်ဦးအား ၂၀၂၂ ဧပြီ ၄ ရက်နေ့တွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ မြန်မာ နှင့် သီရိလင်္ကာ ရှိ အုပ်စုများ အတွက် မြေပြင်မှ ဝေဟင်ပစ် လက်နက်များ ဝယ်ယူရန် ကြိုးပမ်းမှု များ ဖြင့် နယူးယောက် တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နျူကလီယား မှု ပါ စစ်ဆေး ဖေါ်ထုတ် တွေ့ရှိရသဖြင့် ထပ်မံ စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန် တရားရေး ဝန်ကြီးဌာန ဖက်မှ တရားလို ပြုလုပ် တရားစွဲဆိုခဲ့သော နယူးယောက် တောင်ပိုင်း ခရိုင် အစိုးရ ရှေ့နေ ဒမီယံ ဝီလျှံ မှ ၎င်းတို့ လုပ်ငန်း အောင်မြင်သွားမည် ဆိုက ထွက်ပေါ်လာမည့် အကျိုးဆက်များကို တွေးကြည့်က လွန်စွာ ကျောချမ်းဖွယ် ဖြစ်၍ ထိုအရေး တွင် ပါဝင် ပတ်သက်နေသူ အားလုံးကို အမေရိကန် နိုင်ငံ လုံခြုံရေး နှင့် နိုင်ငံတကာ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာသူ များ အဖြစ် တာဝန်ခံရလိမ့်မည်ဟု ၎င်းက ဆိုသည်။

 

အမေရိကန်၏ စွဲချက်တွင် ၂၀၂၀ စက်တင်ဘာ ၁၂ ရက်နေ့စွဲ ဖြင့် အမေရိကန် ဒီအီးအေ အေးဂျင့် များ အယောင်ပြ ဖွင့်လှစ်ထားသော သတ္တု တူးဖေါ်ရေး ကုမ္ပဏီသို့ အဘီဆာဝါမှ ယူရေနီယံ နှင့် သိုရီယံ မက်ထရစ် တန် ၅၀ အား ဒေါ်လာ ၆,၈၅၀,၀၀၀ ဖြင့် ရောင်းချရန် စာ‌ရေးသား အဆိုပြုခဲ့သည်ဟု သိရသည်။ ၂၀၂၁ မေလ ၁၂ တွင် အဘီဆာဝါ မှ ရောင်းချမည့် တိုင်းရင်းသား ခေါင်းဆောင်၏ ဓါတ်ပုံ နှင့် အမည်ကိုပါ အီရန် ဗိုလ်ချုပ်ကြီး အား ကိုယ်စားပြုသည် ဆို‌သော အမေရိကန် အေးဂျင့်ထံ ပေးပို့ခဲ့သည်။ အမေရိကန် တရားရေး ဝန်ကြီးဌာန၏ ယခု စွဲချက်တွင် တိုင်းရင်းသား ခေါင်းဆောင်၏ အမည်ကို တရားဝင် ဖေါ်ပြမထားသော်လည်း အဘီဆာဝါ အား ၂၀၂၂ ခုနှစ်အတွင်း တရားစွဲခဲ့သော အမှုတွင်တော့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ် SSA ရှမ်းပြည်တပ်မတော် ခေါင်းဆောင်ဟောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ဥက္ကဌ စပ် ယွက်ဆစ် ဖြစ်သည်ဟု ယုံကြည်ကြောင်း အသွင်ယူစုံစမ်းခဲ့တဲ့ ဒီအီးအေ အရာရှိက ပြောခဲ့ပြီး ဖြစ်သည်။

 

သို့သော် စပ်ယွက်ဆစ်က လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှမ်းပြည်နယ် အတွင်း ယူရေနီယံ ဓါတ်သတ္တုများ ထွက်ရှိသည်ဟု သတင်းရသော နိုင်ငံခြားသား တဦးက ပြောဆိုလာခဲ့ဖူးသော်လည်း မိမိအနေဖြင့် မည်သည့် နေရာတွင် ထွက်ရှိသည်နှင့် ထိုသတ္တု အကြောင်းကိုလည်း စိုးစဉ်းမျှ သိရှိနားလည်ခြင်း မရှိဟု ငြင်းဆိုကြောင်း ရှမ်း Tai Freedom သတင်းတွင် ဖေါ်ပြထားသည်ဟု ခေတ်သစ်က ဆိုသည်။

 

မြန်မာ စစ်ဗိုလ်ချုပ်များက ၎င်းတို့ ရှင်သန်နိုင်ရေး ကို အာမခံ နိုင်မည့် တခုတည်းသော ထွက်ပေါက် အဖြစ် နျူကလီယား ထုတ်လုပ်နိုင်ရန် စိတ်ဝင်တစား ရှိလာကြောင်း ၂၀၀၈ တွင် ဂျပန် ထောက်လှမ်းရေး သတင်းများက တဆင့် အနံ့ထွက်လာခဲ့သည်။ ဂျပန် ထောက်လှမ်းရေး အရာရှိများက မြောက်ကိုရီယား စီးပွားရေး သမား တဦး ဖြစ်သူ လီဂျုန်ဟို သည် ပြည်ပသို့ တင်ပို့ရန် ထိန်းချုပ်ထားမှု များ ကို ရှောင်ရှားပြီး မြန်မာ သို့ သံလိုက်အားတိုင်း ကိရိယာ နှင့် ကတော့ ပုံ အမှုန်ကြိတ်စက်များ မြန်မာသို့ ရောင်းချခဲ့ကြောင်း သိရှိခဲ့ကြသည်။ ထိုပစ္စည်းများသည် နယ်ပယ် အနှံ့အပြားတွင် သုံးနိုင်သည် ဆိုသော်လည်း ဒုံးကျည် ထိန်းချုပ်ရေး စနစ် နှင့် ယူရေနီယံ သန့်စင်ရေး လုပ်ငန်းများ တွင်လည်း အသုံးပြု၍ ရနေသည်။

 

၂၀၀၉ တွင် ထွက်ပြေး ခိုလှုံလာသူ နှစ်ဦး၏ ထွက်ဆိုချက်အရ သပိတ်ကျင်း အရပ်တွင် ယူရေနီယံ တူးဖေါ်ရေး စက်ရုံ နှစ်ရုံ၊ သုတေသန နှင့် ထောက်ပို့ စက်ရုံ များ ရှိနေသည် ဟု သိခဲ့ကြရသည်။ စစ်တပ်သည် မြောက်ကိုရီယား နှင့် ရုရှား နည်းပညာများဖြင့် နျူကလီယား စက်ရုံကြီး တရုံ အထိ တည် ဆောက်ရန် စိုင်းပြင်းနေသည်ဟု ၎င်းတို့က ဆိုသည်။ ထွက်ပေါ်လာသော သက်သေများအရ ၎င်းတို့ ၏ အပြောသည် ခိုင်လုံမှု မရှိလှသော်လည်း အန္တရာယ် အချက်ပေး ခေါင်းလောင်းသံများ ကမ္ဘာတဝှမ်းတွင် မြည်ဟီးလာခဲ့သည်။

 

၂၀၁၂ တွင် ဒီမိုကရေစီ အစိုးရ ပုံစံ အသွင်ပြောင်းလာပြီးနောက် ထိုအစီအစဉ်များကို ရုတ်သိမ်းသွားပုံရသည်။ ၂၀၂၃ တွင် ရုရှား အစိုးရပိုင် ရိုဆာတန် နှင့် မြန်မာ မှ အသေးစား နျူကလီယား ဓါတ်ပေါင်းဖို ဆောက်လုပ်ရန် သဘောတူညီချက် အား လက်မှတ်ရေးထိုးလာခဲ့သည်။ အဆိုပါ ဓါတ်ပေါင်းဖို အမျိုးအစား သည် နျူကလီယား လက်နက် ထုတ်လုပ်ရန် အဆင့်ထိ မရှိသေး၊ သို့သော် စီးပွားရေး အရ အကျပ်ရိုက်နေသည့် နိုင်ငံလည်း ဖြစ်ပြီး ကျောက်မီးသွေး နှင့် ရေအား အရင်းအမြစ်များ လွန်စွာ ပေါများနေပါလျက် အဘယ်ကြောင့် နျူကလီယား ဖက် လှည့်လာရသနည်း ဆိုသည့် အမေး အတွက် ဦးနှောက်‌ခြောက်စရာ ဖြစ်လာခဲ့ရသည်။

 

လက်ရှိ ယာကူဇာ၏ ယူရေနီယံ ရောင်းချမည့် အကြံ ထွက်ပေါ်လာ၍ နျူကလီယား လုပ်ငန်းများ ပြန်စနေပြီ ဆိုသည့် အထောက်အထား များ တွေ့လာရသည်ဟု ပြော၍မရသေးပေ။

 

သို့သော် အားလုံး အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ မေးခွန်း အဖြစ် ထွက်ပေါ်လာရသည်က ကီလို ၂,၀၀၀ ခန့်ရှိ သိုရီယံ ၂၃၂ နှင့် Yellowcake ဟု လူသိများသည့် ကီလို ၁၀၀ ခန့် ရှိ ယူရေနီယံ ၃၀၈ သည် မည်သူ့လက်ထဲတွင် ရှိနေသနည်း ဆိုသည်ပင် ဖြစ်သည်။ အီရန် အဝယ် တော် များ အဖြစ် အယောင်ဆောင်ခဲ့သည့် အမေရိကန် အေးဂျင့်များထံ ပေးခဲ့သော လက်နက် ထုတ်လုပ်နိုင်သည့် အဆင့် ပလူတိုနီယံ နမူနာ များ ဘယ်က ရလာခဲ့သနည်း။ မြန်မာတိုင်းရင်းသား လက်နက်ကိုင်များက ထိုသတ္တု များ အဘယ်ပုံ အဘယ်နည်း ရရှိနေနိုင်သနည်း၊ ထိုပစ္စည်းများ လက်ဝယ် တွင် လုံခြုံစွာ သိမ်းထားနိုင်ဖို့က နိုင်ငံ အဆင့် အရင်းအမြစ် များနှင့်သာ ထိန်းသိမ်းသိုမှီး ထားနိုင်သည်။

 

ပလူတိုနီယံ ထုတ်လုပ်နိုင်ရန် နျူကလီယား ဓါတ်ပေါင်းဖို့ ရှိမှသာ ဖြစ်နိုင်သည်ဟု အမေရိကန်ရှိ မြန်မာ နျူကလီယား ရူပဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်မောင်မှ ဗီအိုအေ နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောဆိုသွားခဲ့သည်။

 

ယခုအခါ အရှေ့တောင်အာရှ နိုင်ငံအများအပြားက ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းလာကြပြီ ဖြစ်၍ ၁၉၉၀ နောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ အထိ တိုးချဲ့လာသည့် ယာကူဇာ များ အတွက် ခိုလှုံရာ ရလိုရငြား မြန်မာ စစ်ဗိုလ်ချုပ်များ၏ အိမ်မက်များကို အကောင်အထည် ဖေါ်ပေးနေရခြင်း ဖြစ်သည်ဟု အိန္ဒိယ ရှိ The Print အွန်လိုင်း ဂျာနယ် တွင် ဖေါ်ပြထားသည်၊

 

အကြမ်းဖက် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ထိုးထားသော RCSS မှ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ အတွင်း အသက် ၁၈-၄၅ ရှိသူ အမျိုးသားတိုင်း ရှမ်းပြည်နယ် တပ်တော်တွင် စစ်မှုထမ်းရမည်ဟု ကြေငြာခဲ့ပြီး တိမ်းရှောင်သူများ၏ နေအိမ်နှင့် လယ်ယာများကို သိမ်းယူမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 

စပ်ယွက်ဆစ် သည် မင်းအောင်လှိုင် နှင့် နီးကပ်သော ဆက်ဆံရေး ရှိသူလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!