ကိုမြအေး နှင့် ဧရာဝတီ အင်တာဗျုး

by Hla Soewai - Feb 22 2024

ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုမြအေးသည် စစ်အုပ်ချုပ်ရေး အောက် ရောက်နေသော မြန်မာပြည်၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ အခွင့်အလန်းများ၊ အမျိုးသား ညီညွတ်‌ရေး အစိုးရ အပေါ် သူ၏ အမြင်၊ ၂၀၂၄ အလားအလာ များ အပေါ် သူ၏ အမြင်များကို ယခုလို ဆွေးနွေးသွားခဲ့သည်။

 

၂၀၂၁ အာဏာသိမ်းပြီး သုံးနှစ် အတွင်း ပြောင်းလဲလာခဲ့မှု နှင့် ၁၉၈၈ နှင့် ကွာခြားပုံ။

 

၁၉၈၈ မှာ ပါတီစုံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဆိုပြီး ၁၉၉၀ မှ အထွေထွေ ရွေးကောက်ပွဲ ပေါ်ပေါက်လာခဲ့တယ်၊ ဒါပေမယ့် ၁/၁၉၉၀ ကြေညာချက် နဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာ ပေါ်ပေါက်လာဖို့ စရေးဆွဲဖို့ ပြင်ဆင်လာတယ်၊ စီးပွားရေးအရလည်း ဂီယာချိန်းပြီး တံခါးပိတ် ဝါဒကနေ ဈေးကွက်စီးပွားရေး ကို စတင်လာတယ်။

 

၁၉၉၀ ကျော် နှစ်တွေ အတွင်း အရင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက် အတော်များများ လက်မှတ်ရေးထိုး နိုင်ခဲ့တယ်။

 

အခု တော့ အားလုံးက ပြောင်းပြန် ပြန်သွားနေပြီ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု မျိုးလည်း မရှိ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ လည်း သူတို့ လက်နက်တွေ ဖုန်တွေ ဘာတွေ ခါပြီး စစ်မြေပြင် ပြန်‌ရောက်လာကုန်ကြပြီ။

 

စီးပွားရေး ဖက်မှာလည်း ဇောက်ထိုးမိုးမျှော် ထိုးဆင်းလာနေလို့ နေရာတိုင်းမှာ အကုန် အကြပ်အတည်း တွေနဲ့ ရင်ဆိုင်နေကြရတယ်။ သုံးနှစ် အတွင်း ဘာမှ အပြုသဘော ဆောင်တဲ့ တိုးတက်မှု မျိုး မတွေ့ရတဲ့ အပြင် ရှေ့အလားအလာ အတွက် အင်မတန် ရင်လေးဖို့ ကောင်းနေပြီ။

 

အချို့ကလည်း တိုက်ဖို့၊ အချို့ကလည်း ဆွေးနွေးဖို့ ပြောနေကြတဲ့ အပေါ် အမြင်

 

လက်ရှိ မှာ နိုင်ငံရေး အရ ကိုင်တွယ်နိုင်မယ့် အခွင့် အလန်း မရှိဘူး ဆိုရင် ရှေ့လျောက် သွေးထွက်သံယိုတွေ ပိုများလာဖို့ပဲ ရှိတယ်။ ဆွေးနွေးမယ် ဆိုရင် ကိုယ်က ဘယ်လို ရပ်တည်ချက်မျိုး နဲ့ သွားမလဲ ဆိုတာ အရေးကြီးဆုံးပဲ။

 

အများစုက ဖက်ဒရယ် ဒီမိုကရေစီ ကို လိုလားတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ဖို့ဆိုတာ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး။ နိုင်ငံတကာ အကူအညီနဲ့ အားလုံး ညှိညှိနှိုင်းနှိုင်း နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကျင့်စင်တွေကို ထင်ဟပ်စေမယ့် ဖွဲ့စည်းပုံ အသစ် ဘယ်လို ရေးဆွဲကြမလဲ ဆိုတာ စဉ်းစားရတော့မယ်။ ဒီလို သဘောနဲ့သွားတဲ့ ဆွေးနွေးမှုမျိုးပဲ အောင်မြင်ဖို့ အလားအလာ ရှိမယ်။

 

၂၀၀၈ ဖွဲ့စည်းပုံ ကို ဖက်တွယ်ပြီး NCA ကို လက်မှတ်ထိုးရမယ် ဆိုတဲ့ ကြိုတင် စည်းကမ်းချက် မျိုး နဲ့ ဆိုရင်တော့ တိုးတက်မှု ရှိလာဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရင် NCA လက်မှတ်ထိုးထားတဲ့ EAO တွေတောင် မဖြစ်နိုင်တော့ဘူး ဆိုတာ သဘောပေါက်ပြီး စစ်မြေပြင် ပြန်ရောက်ကုန်ကြပြီ။

 

လူတိုင်း လူတိုင်း ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ချင်တဲ့ ဆန္ဒရှိရင် ဆွေးနွေးပွဲတွေ အောင်မြင်လာဖို့ပဲ ရှိတယ်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အပေါ် အမြင်

 

NUG ကို အကြောင်းပေါင်း များစွာ အခြေခံပြီး ဖွဲ့စည်းလာတာ ဖြစ်တော့ သူတို့လည်း အဖွဲ့အစည်း တိုင်း လိုလိုမှာ ရှိတတ်တဲ့ သဘာဝ အတိုင်း အားသာချက်၊ အားနည်းချက်တွေ နဂိုကတည်းက ရှိနေမှာပဲ။

 

NUG ဟာ ညီညွတ်ရေး ဖေါ်ဆောင်နိုင်ဖို့ ရုန်းကန်နေရတယ်၊ ဒါကလည်း မြန်မာတွေကြား ရင်ဆိုင်ရတတ်တဲ့ အကျပ်အတည်းမျိုးပဲ။

 

EAO တွေရဲ့ ရည်မှန်းချက်ကလည်း အမျိုးမျိုး အဖုံဖုံ ဖြစ်နေတယ်၊ စိတ်ဝင်စားမှု ချင်းလည်း မတူညီကြဖူး၊ ဒီတော့ အားလုံးနဲ့ တစိတ်တဝမ်းတည်း ဖြစ်ဖို့ ဆိုတာ မလွယ်လှဘူး။ ဒီအဖွဲ့တွေအားလုံး က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပြန်အသက်သွင်းဖို့ ရည်ရွယ်ထားကြတာ မဟုတ်ဘူး။ ဒီတော့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံ တည်ဆောက်သွားဖို့ ကိုပဲ အာရုံထား လုပ်ကြရမယ်။

 

၂၀၁၀ နဲ့ ၂၀၂၀ အကြား EAO အချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ ရှိလာပြီး ၂၀၁၅ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြီး NCA ကို လက်မှတ်‌ရေးထိုး ခဲ့ကြတယ်။ ဒါပေမယ့် အခု အခြေအနေတွေ ပြောင်းလာပြီ ဖြစ်လို့ NCA လည်း ဘယ်လိုမှ ရှေ့ဆက်သွားဖို့ အခြေအနေ မပေးတော့ဘူး။

 

ဒီတော့ NCA ကို လက်မှတ်ထိုးခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး အပါအဝင် EAO တွေလည်း လက်နက်ကိုင် တိုက်မှ ဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းကို ပြန်ရွေးလာကြတယ် ဆိုတာ အထင်အရှား တွေ့လာရတယ်။

 

ဒီနေရာမှာ ချည်းကပ် ဆောင်ရွက်မှုတွေဟာ အတွေးအခေါ်လည်း ဆန်းသစ်မှု မရှိ၊ အရင်အတိုင်း၊ NUG နဲ့ နိုင်ငံတကာ က ဝင်နှောက်နေလို့ ဆိုပြီး အပြစ်ပုံချနေမယ် ဆိုရင် အကြောင်းရင်းခံ ပြဿနာတွေ ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

 

အတော်လေး ပဟေဠိ ဖြစ်စရာ ကောင်းနေတာက ကနဦး NCA အတွက် စပြီး ဆွေးနွေးကြ၊ ရေးဆွဲကြတုန်းက ညီနောင် မဟာမိတ် သုံးဖွဲ့ ပါပြီး နောက်ပိုင်းမှာ သူတို့ ကို လက်မှတ်ထိုးခွင့် မပေးတော့တာပဲ။

 

အခု စစ်တပ်အဖို့ ဒီအဖွဲ့ တွေ နဲ့ ပြန်ဆွေးနွေးရဖို့ ဖြစ်လာတယ်။ သမိုင်းက တကျော့ပြန်လည်နေပြီ။

 

သမိုင်း သင်ခန်းစာ မယူပဲ ဒီအဖွဲ့တွေကို “အကြမ်းဖက် အဖွဲ့တွေ” လို ဆက်ပြီး ခေါ်ဝေါ်နေမယ် ဆိုရင် စစ်ရေး အရ ရင်ဆိုင်မှုတွေ မြင့်တက်လာမှာပဲ။

 

နောက်ဆုံးကျရင် ပြည်ထောင်စု မပြိုကွဲအောင် ရုန်းကန်ရဖို့ အထိ ဖြစ်လာလိမ့်မယ်။

 

အချိန်မနှောင်းခင် နိုင်ငံကို ဘယ်လို ပြန်တည်ဆောက်ကြမလဲ ဆိုတာ စဉ်းစားရတော့မယ်၊ ဖက်ဒရယ် ဒီမိုက‌ရေစီ ကို သွားဖို့ လမ်းကြောင်းရှာဖို့ လိုအပ်လာပြီ။ ဒီနေရာမှ NUG အပါအဝင် ပတ်သက်နေသူ အားလုံးကို ဆိုလိုတာ ဖြစ်ပါတယ်။

 

တရုတ်က စစ်တပ် နဲ့ ညီနောင်မဟာမိတ် တွေ အကြား ဝင်ဖြန်ဖြေပေးခဲ့မှု အပေါ် သဘောထား

 

ဒီနေရာမှ သတိထားဖို့ တော့ လိုတယ်၊ မိတ်ဆွေလို့ သတ်မှတ်ထားတဲ့ နိုင်ငံတနိုင်ငံက အကူအညီပေးတယ်လို့ ယူဆနိုင်သလို ကျွန်တော်တို့ နဲ့ သဟဇာတ မဖြစ်ရင် ပြည်ပနိုင်ငံ တနိုင်ငံ က ဝင်စွက်တာလို့လည်း ယူဆလို့ ရတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတာက ကိုယ့် ပြဿနာကို ကိုယ့်ဖာသာ မရှင်းနိုင်တာပဲ။ အဲ့တာကြောင့်လည်း အခြားနိုင်ငံတွေ ဝင်ပတ်သက်လာရတာပဲ။ ကျွန်တော် တို့ အပြစ် ကျွန်တော်တို့ မမြင်ပဲ အခြားနိုင်ငံတွေ ဝင်စွက်လာတယ်လို့ အပြစ်တင်လာတာ နှစ်ပေါင်း ခုနှစ်ဆယ် ရှိနေပြီ။

 

ကျွန်တော်တို့က အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ် အကြားမှာ ရှိနေပေမယ့်၊ အနောက်တိုင်း ဒီမိုကရေစီ ကို ကျွန်တော် တို့ အတုယူပြီး တည်ဆောက်ချင်ကြတယ်။ အခြား ပုံစံတွေ ကော်ပီ ယူသင့်တယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး၊ ဒီ အယူအဆတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ လျှော်ညီအောင် ဘယ်လို အသုံးချကြမလဲ။ ကျွန်တော်တို့က လူတိုင်းနဲ့ မဟာမိတ် ဖြစ်သင့်တယ်၊ နိုင်ငံတနိုင်ငံရဲ့ ရုပ်သေး အဖြစ်ခံလို့ မရဘူး။

 

ကိုယ့်ပြဿနာ ကိုယ် မရှင်းနိုင်ပဲ နဲ့ အမေရိကန်၊ တရုတ်လို အခြားနိုင်ငံတွေကို အပြစ် ပုံမချသင့်ဘူး။

 

တိုင်းပြည် ပြိုကွဲသွားနိုင်တဲ့ အလားအလာ

 

ပြည်ထောင်စု တခုကို အင်အားသုံးပြီး အတင်းအကျပ် မစုစည်းပဲ တစိတ်တဝမ်းတည်းရှိမှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ သာတူညီမျှ ရှိမှု နဲ့ ဖွဲ့စည်း မယ် ဆိုရင် ပြိုကွဲသွားနိုင်စရာ မရှိဘူး။ ပြိုကွဲမှာ ကြောက်ပြီး အတင်းအကျပ် အင်အားသုံးလာလေ ပြိုကွဲဖို့ မြန်ဆန်လာအောင် လုပ်ပေးသလို ဖြစ်မှာပဲ။

 

၂၀၂၄ အတွင်း လက်နက်ကိုင် ပဋိပက္ခ အရှိန် မြင့်တက်လာနိုင်မည့် အလားအလာ

 

အာဏာသိမ်းလာတာ သုံးနှစ် ကျော်လာပြီ။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့က အာဏာသိမ်း အဖွဲ့ က သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီး ညှိ လိုစိတ် ရှိမရှိ အပေါ် မူတည်တယ်။

 

ဒီအတိုင်း ဆက်သွားရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ။ ယာယီ အပစ်ရပ်တာမျိုး ရှိခဲ့ရင်လည်း သိတ်မကြာဖူး ပြန်ဖြစ်မှာပဲ။ တဖက်ဖက်က ပြတ်ပြတ်သားသား နိုင်မှ ဆွေးနွေးဖို့ ဖြစ်လာမယ် ဆိုတဲ့ အပြောတွေ ကျွန်တော် လက်မခံဘူး၊ ကျွန်တော်တို့က ပြည်ပ ရန်သူ ကို တိုက်နေတာ မဟုတ်ဘူး၊ ပြည်တွင်း အုပ်စုတွေ နဲ့ တိုက်နေတာ ဆိုတော့ မူ ဝါဒ ပြောင်းလိုက်ဖို့ ပဲ လိုတယ်။

 

ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံကို စပြီး ရေးဆွဲဖို့ လိုလာပြီ၊ နို့မိုဆို အခြေအနေက ပြန်ပြင်လို့ မရတဲ့ အထိ ဖြစ်သွားမယ်၊ အခု တောင် အတော် ခက်ခက်ခဲခဲ လုပ်ယူရမှာ။

 

ပြည်သူ သန်းငါးဆယ်ရဲ့ ဘဝလည်း ပိုပြီး ဆိုးလာနေပြီ။ ၂၀၂၄ အတွင်း မူဝါဒ တွေ အပြောင်းအလဲ မလုပ်နိုင်ဖူး ဆိုရင် တိုင်းပြည်က အမှောင့်တကာ အမှောင်မိုက်ဆုံး အခြေအနေကို တိုးဝင်သွားတော့မှာ သေချာတယ်။ အတော်ကို အလေးအနက် ထား စဉ်းစားရမယ့် အချိန်ရောက်ပြီ။

 

ရွေးကောက်ပွဲ လုပ်ဖို့ အာဏာသိမ်း အဖွဲ့က ဂမူးရှုးထိုး လုပ်လာနေတဲ့ အပေါ်

 

လက်နက်ကိုင် တိုက်ပွဲ တွေ ပြည်နယ် တွေနဲ့ ဒေသကြီး တွေ အနှံ့အပြားမှာ ဖြစ်ပွားနေတော့ ဘယ်လိုလုပ် ရွေးကောက်ပွဲ လုပ်ဖို့ ဖြစ်နိုင်မှာလဲ။ လုပ်မယ်ဆိုရင်တောင် အားလုံး ပါဝင်နိုင်ဖို့ ဘယ်လို အာမခံနိုင်မှာလဲ၊ ဒါတွေကို စဉ်းစားမယ်ဆိုရင် ရွေးကောက်ပွဲ လုပ်ဖို့ မဖြစ်နိုင်ဘူး။

 

ပြည်သူတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ လုပ်မယ့် ရွေးကောက်ပွဲမျိုးကို ထောက်ခံမှာလည်း မဟုတ်တော့ မဲပေးကြမှာလည်း မဟုတ်ဘူး။ နောက်နှစ်အနည်းငယ် အတွင်း နိုင်ငံတကာရဲ့ ကြီးကြပ် အကူအညီ ပေးမှု နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံမျိုး လုပ်နိုင်မှ ဖြစ်လာနိုင်ဖို့ ရှိတယ်။

 

စေ့ဆပ်ဆွေးနွေးဖို့ မဖြစ်နိုင်ဖူး လို့ ပြောနေကြတဲ့ အပေါ် သဘောထား

 

ဆွေးနွေးဖြစ်မယ်ဆိုရင်တောင် အားလုံးက ကြိုတင် သတ်မှတ်ချက် တွေ ပြောလာကြမှာပဲ၊ ဒါကို ကျော်လွှားနိုင်ဖို့ စစ်ကောင်စီ ဖက်မှ အရာရှိငယ် အဆင့်လောက် ရှိတဲ့ ကိုယ်စားလှယ်မျိုး နဲ့ အလွတ်သဘော အကြိုဆွေးနွေးပွဲတွေ အရင် လုပ်နိုင်မှ ဖြစ်မယ်။

 

နိုင်ငံတကာ အတိုင်းအတာ ကိုလည်း ထည့်စဉ်းစားရမယ်၊ ဒီလိုလုပ်မယ်ဆိုရင် အမေရိကန်၊ တရုတ်၊ အာဆီယံ၊ ဗြိတိန် နဲ့ အီးယူနိုင်ငံတွေက ထောက်ခံကြမှာပဲ၊ ဥက္ကဌ ဖြစ်လာတဲ့ လာအိုက တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံ‌ရေး ရှိနေတော့ အာဆီယံ အချက် ငါးချက် ကို ဘယ်လို ဆက်လုပ်သွားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတယ်။

 

ဖက်ဒရယ် ဖွဲ့စည်းပုံ ပေါ်လာဖို့ ဦးစားပေး ဆွေးနွေးရမယ်။ ဆွေးနွေး တယ် ဆိုလို တော်လှန်ရေး ကို အဆုံးသတ်ရမယ်၊ သဘောတူညီချက် တခုခု ရထားရမယ် လို့ မဆိုလိုဘူး။ ကိုယ့်ရဲ့ သဘောထား ခံယူချက် ကို အပြီအပြင် ဆုပ်ကိုင်ထားပြီး၊ အဲ့တာပေါ် အခြေခံပြီး ဆွေးနွေးသွားဖို့ အရေးကြီးတယ်။

 

အခုအခါ စိတ်ကူးယဉ်နေကြသလိုမျိုး ဖြစ်နေတယ်၊ အဲ့လို လုပ်ဖို့ အချိန်မရှိတော့ဘူး။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!