ဦးတည်ချက် ပြောင်းလာသော ရက္ခိုင် တော်လှန်ရေး

by Hla Soewai - Feb 22 2024

စစ်အာဏာသိမ်း အဖွဲ့သည် ရှမ်းမြောက်တွင် တိုင်းမှုး၊ ဗျူဟာမှုး၊ တပ်ရင်းမှုး များ အထိ လက်နက်ချ အညံ့ခံခဲ့ရသည့် သမိုင်းတွင် အမည်းစက် တင်ခဲ့ရသည့် အရှက်တကွဲ ရှူံးနိမ့် ခဲ့ရပြီး ဖြစ်သော်လည်း ထိုမျှ နှင့် ရပ်မသွားပဲ နိုင်ငံ အနောက်ပိုင်းတွင် ထို့ထက် ပို၍ ဆိုးဝါးလာခဲ့ပြီး စစ်ရေယာဉ်များ ပါ တသီတသန်းကြီး ဆုံးရှူံးသွားရပြီး အိန္ဒိယ နှင့် ဘင်္ဂလား‌ဒေ့ရှ် ထဲသို့ ထွက်ပြေးသွားသူ ရာပေါင်းများစွာပင် ရှိသွားခဲ့သည်။

 

ယခုအခါ ရက္ခိုင်တပ်တော်သည် ချင်းပြည်နယ် အတွင်းရှိ ပလက်ဝ၊ ရခိုင်ပြည်နယ် အတွင်း ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ နှင့် မြေပုံ မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

 

အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည်လည်း မြန်မာ ဖက်တွင် နယ်ခြားစောင့်ကြပ်မည့် ကင်းစခန်း များ ပြုတ်ပြုတ် ပြုန်း မတတ် ဖြစ်လာ၍ မျက်ကလူး ဆန်ပြာ ဖြစ်လာပြီး ရက္ခိုင်တပ်တော် နှင့် မဖြစ်မနေ ညှိနှိုင်းရဖို့ ရှိလာနေသည်။ 

 

နိုင်ငံ အနောက်တောင်ပိုင်းတွင် လွတ်လပ်သည့် 

ရက္ခိုင် နိုင်ငံ ထူထောင်ရန် ဆိုသည့် ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ပုံရသည်ဟု Eurasia Review စာစောင်တွင် ဆောင်းပါးရှင် Subir Bhaumik က ရေးသားထားသည်။ ၎င်းသည် ယခင် ဘီဘီစီ နှင့် ရိုက်တာ သတင်းထောက် ဟောင်း တဦး ဖြစ်ပြီး တောင် အာရှ ပဋိပက္ခများ နှင့် စပ်လျှင်း၍ စာအုပ် ရေးသား ပြုစုခဲ့သူ ဖြစ်သည်။

 

ရက္ခိုင် တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဘီဘီစီ နှင့်အင်တာဗျုး တွင် ယင်းကိစ္စ နှင့် စပ်လျှင်း၍ ယခုလို ပြောဆိုသွားခဲ့သည်။

 

"ဒီအချိန်မှာတော့ ကျွန်တော်တို့ လွတ်လပ်ရေးကြေညာမယ်လို့ အရင်ကလည်း မပြောခဲ့ပါဘူး။ အခုလည်း ဒီလိုမျိုးကြေညာဖို့ ကျွန်တော်တို့မှာ အစီအစဉ်တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ အရင်နှစ်ပေါင်း ၇၀ အတွင်းမှာ ဗမာစစ်တပ်က ဦးဆောင်ပြီးမှ တခြားသော ပုံမှန်ယူဆထားတဲ့လမ်းကြောင်းအတိုင်း သွားရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာကို မပြည့်မီဘူးဆိုတာကိုတော့ သိထားတယ်၊ ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်းလုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာနိုင်တယ်။" 

 

သူ၏ အခြေခံ ရည်မှန်းချက်သည် ရခိုင်ပြည်သူများ ရည်မှန်း တောင့်တနေသည့် ရက္ခိတလမ်းစဉ် အား အဓိက အာရုံစိုက် အကောင်အထည် ဖေါ်သွားမည် ဖြစ်သော်လည်း အခြား တိုင်းရင်းသား လူမျိုးများ ရင်ဆိုင် ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲများကိုလည်း အလားတူ အသိအမှတ်ပြုပြီး အလေးပေးသွားမည် ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

 

"ကျွန်တော်တို့က ရက္ခိတလမ်းစဉ် ရခိုင်အမျိုးသားတော်လှန်ရေးဆိုပေမဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံတိုင်းရင်းသားညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ ကံတရားဟာ အကုန်လုံး အပြန်အလှန် ဆက်စပ်နေပါတယ်၊ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတအိပ်မက် ဆိုတာရှိပေမဲ့ ဒီဘက်မှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေ၊ နောက်ပြီးမှ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ဗမာအမျိုးသားတွေပေါ့၊ စစ်အာဏာရှင်အောက်မှာ ဒုက္ခခံနေရတဲ့ ဗမာအမျိုးသားတွေအတွက်ရော ကျွန်တော်တို့ကကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးမှ အလုပ်လုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ ကြိုးစားရင်းနဲ့ ပိုပြီးလက်တွေ့ကျကျ နားလည်လာတယ်"

 

၎င်းအနေဖြင့် မြန်မာ နိုင်ငံ ညီညွတ် တိုးတက်ရေးကို ထောက်ခံကြောင်း နှင့် ရက္ခိုင်တပ်တော် အ‌နေဖြင့် လွတ်လပ်ရေး ကြေငြာဖို့ ရည်ရွယ်ချက် မရှိကြောင်းလည်း ထပ်လောင်း အာမခံ သွားခဲ့သည်။

 

"ကျွန်တော်တို့ ရက္ခိတလမ်းစဉ်နဲ့ ဆက်စပ်ပြီးမှ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးတွေ ရရှိရေး ကို ဦးစားပေး အကောင်အထည် ဖေါ်သွားမယ်၊အချို့ကတော့ တိုင်းရင်းသားစာရင်းမှာမပါတဲ့ နိုင်ငံသားတွေ ရှိတယ်၊ ဆိုတော့ ဒီနိုင်ငံသားတွေ အတွက်လည်းပဲ သူ့ရဲ့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးနဲ့ တာဝန်ဆိုတာကို ပိုပြီးမှ ပီပြင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပြီးမှ ဒီဟာတွေကို စနစ်တကျနဲ့ တည်ဆောက်ပြီး အားလုံးအတွက် ကောင်းတဲ့အနာဂတ်ကို ကျွန်တော်တို့ ပုံဖော်ရမယ်လို့ နားလည်ထားပါတယ်။"

 

ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ယခင် အမျိုးသား ဒီမိုကရေစီ အစိုးရ နှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိခဲ့သော်လည်း ယခုအခါ NLD ကို ဆက်ခံလာသည်ဟု ယူဆရသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိနေကြောင်း၊ သက်ဆိုင်လာလျှင်လည်း အကူအညီများ ပေးနေသည်ကြောင်း ယခုလို ပြောသွားခဲ့သည်။

 

"ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဝိုင်းအဝန်းထဲမှာ အရေးကြီးတဲ့ Stakeholder (သက်ဆိုင်သည့်အဖွဲ့) အနေနဲ့ ဘယ်သူ့ကိုဘယ်လို ဆက်ဆံရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အရင်တုန်းကတော့ ရန်သူလိုမျိုး၊ အဖုအထစ်မကဘူးပေါ့နော် ရန်သူလိုမျိုးဖြစ်ခဲ့ပေမဲ့ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာလည်း မရှိနိုင်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းမိတ်ဆွေတွေကို စိတ်စေတနာအမှန်နဲ့ ရှာဖွေပါတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့ လူတွေကို ကျွန်တော်တို့က တိုင်းပြည်အကျိုးကို ရှေးရှုပြီးမှ ကူညီသင့်တာ ကူညီမယ်၊ လုပ်သင့်တာကိုလုပ်မယ်ဆိုတဲ့ သဘောထား ရှိပါတယ်။

 

၎င်းသည် လက်ရှိ အခြေအနေတွင် နိုင်ငံ နှင့် ပြည်သူအကျိုးအတွက် တော်လှန်ရေးတရပ် ဆင်နွှဲဖို့ မရှိမဖြစ် လိုအပ်လာမှု ကိုလည်း ထောက်ပြသွားခဲ့သည်။ ရည်မှန်းချက် အောင်မြင်ရေး အတွက် အိမ်နီးချင်း နိုင်ငံများ နှင့် သဘောကွဲလွဲစရာ ရှိလာပါက လိမ္မာ ပါးနပ်စွာ ကျင့်သုံးရန် အရေးပါမှု ကိုလည်း ထောက်ပြသွားခဲ့သည်။

 

"ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ ဆိုရင်တော့ ဒီစစ်အာဏာရှင်အောက်က လွတ်မြောက်ပြီးမှပဲ ကျွန်တော်တို့ပြည်သူတွေရဲ့ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့်၊ ငြိမ်းချမ်းနိုင်မယ့် အနေအထားရှိတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကျတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေးအတွက်တိုက်ရိုက်သက်ရောက်မှုလည်း ရှိနေတယ်။ အဲဒီအချိန်မှာ သူတို့ဘက်ကလည်း ဖိဖိစီးစီးနဲ့ ပြင်းပြင်းထန်ထန်ပြောဆိုတာတွေတော့ ရှိတာပေါ့။ ဒါကတော့ ကျွန်တော်တို့ နားလည်ပါတယ်။

 

သူ့ရဲ့ နိုင်ငံသားတွေရဲ့ အကျိုး၊ လုံခြုံရေးနဲ့ နိုင်ငံအကျိုးစီးပွားနဲ့ အရမ်းနီးကပ်နေတယ်။ သူကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းသွားဖို့တော့ လိုချင်မှာပဲ။ သို့သော် ကျွန်တော်တို့ကလည်း ကိုယ့်တိုင်းပြည်အတွက် ကိုယ့်မှာလိုအပ်တဲ့အလုပ်ကို လုပ်သင့်တဲ့ပုံစံမျိုးနဲ့ သူများတွေနဲ့ ထိပ်တိုက်မတိုးအောင်၊ ကိုယ့်အလုပ်လည်း ပြီးမြောက်အောင်လို့ နည်းလမ်းတွေရှာပြီးမှ ကြိုးစားရတာပေါ့ဗျာ။"

 

မြန်မာ အရေး လေ့လာ စောင့်ကြည့်သူများက ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ရက္ခိုင် တပ်တော်သည် ယခုအခါ ရခိုင်ပြည် နယ် တခုလုံး၏ ၆၅ ရာနှုန်း နှင့် ချင်းပြည်နယ်၏ ၄၀ ရာနှုန်းကို ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

ရက္ခိုင်တပ်တော်သည် ယခုအခါ ခွဲထွက်ရေး ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် အခြား တော်လှန်ရေး တပ်ဖွဲ့များ နှင့် အတူ လက်တွဲ ပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်သွားရန် လိုလားလျက် ရှိ‌နေပေပြီ။

 

ပြည်သူများကလည်း မိမိတို့ နှင့် အတူ လက်တွဲသွားမည့် ရက္ခိုင် တပ်တော်အား ကြိုဆို လက်ကမ်း နေကြမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!