မဖြစ် မနေ စစ်မှုထမ်းရမည် ဆိုသည့် မင်းအောင်လှိုင်၏ အမိန့် အပေါ် သူတို့ အမြင်

by Hla Soewai - Feb 22 2024

ဧရာဝတီ

 

ခွန် ဘီဒူး (ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်)

 

အာဏာသိမ်းတဲ့ ဘယ်သူမဆို ဥပေဒေ ထုတ်လို့ ရပေမယ့် လူထုက လိုက်နာကြမှာတဲ့လား၊ ဥပဒေဆိုတာ လူထု က တလေးတစား နဲ့ လိုက်နာမှ အာဏာတည်တာမျိုး။

 

လူထု က အစိုးရ တရပ် အဖြစ် လက်မခံနိုင်‌ ဖြစ်နေတဲ့ အဖွဲ့က အတင်းအကျပ် လုပ်လာတာ၊ စစ်တပ် အနေနဲ့ သူတို့ကို ကာကွယ်ပေးနိုင်မယ့် လူသစ်တွေ ရှာနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်မိတယ်၊ ထိထိရောက်ရောက်လည်း အကောင်အထည် ဖေါ်နိုင်မယ် မထင်ဘူး။

 

ပြီးရင် ပြည်ပရန် ကို ကာကွယ်ဖို့ မဟုတ်ပဲ စစ်ထဲ ဆွဲသွင်းခံရတဲ့ လူသစ်တွေနဲ့ နဂိုရှိပြီးသား စစ်သားတွေကြား ဘယ်လိုမှ သဟဇာတ ဖြစ်လာမှာလည်း မဟုတ်တော့ စစ်တပ်ရဲ့ နိဂုံး ဖြစ်လာလိမ့်မယ်။

 

ပဒို စောထော်နီး (ကရင် အမျိုးသား အစည်းအရုံး)

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဥပဒေကို ပြဋ္ဌာန်းမယ် ဆိုရင် ကြီးလေးတဲ့ ပြဿနာ တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိပြီးသား၊ သူ့မှာလည်း အခြား ရွေးစရာလမ်း မရှိတော့လို့ လုပ်ရတာ၊ ဘယ်သူကမှလည်း စစ်ထဲ မဝင်ချင် ဖြစ်နေကြတာကိုး။

 

တရားမဝင်ပဲ အစိုးရ တက်လုပ်နေတဲ့ အဖွဲ့က ပြဋ္ဌာန်းတဲ့ ဥပဒေတိုင်းက တရားမဝင်ဘူး၊ မင်းအောင်လှိုင် အနေနဲ့ ဥပဒေပြဋ္ဌာန်းဖို့ အခွင့် အာဏာလည်း မရှိဘူး။

 

လူထုနဲ့ နိုင်ငံတကာ က နည်းလမ်းပေါင်းစုံ နဲ့ ဒီဥပဒေကို ဆန့်ကျင်ရမှာ ဖြစ်တယ်။

 

ဆလိုင်း ထက်နီ (ချင်းအမျိုးသား တပ်ဦး)

 

စစ်တပ်က ရှုံးနေပြီဆိုတာ ဒီဥပဒေ နဲ့ ဝန်ခံလိုက်တာပဲ၊ အကျအဆုံးက များလာတော့ လူ လိုလာနေလို့ပဲ၊ 

 

မင်းအောင်လှိုင်က စစ်တပ်က ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်နေတယ်၊ အရေးပေါ် အခြေအနေဆိုတာကိုလည်း ထပ်တလဲလဲ သက်တမ်း တိုးနေတယ်၊ သူလုပ်တာ မှန်သမျှက တရား မဝင်ဖူး ဖြစ်နေတယ်။

 

အတင်းအကျပ် စုဆောင်းလို့က အောင်မြင်မှာ မဟုတ်တဲ့ အပြင် တော်လှန်ရေး အဖွဲ့တွေဆီ ပိုပြီးတော့ ဝင်လာကြဖို့ပဲ ရှိတယ်။

 

ဦးကျော်ဇော (အမျိုးသား ညီညွတ်ရေး အစိုးရ)

 

‌ဒီ ဥပဒေ ဟာ တရားဝင်မှု မရှိဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအဖွဲ့က နိုင်ငံတော် အာဏာကို လက်နက်နဲ့ လုယူထားတဲ့ အကြမ်းဖက် အုပ်စု ဖြစ်နေလို့ပဲ။ ဥပဒေ ပြဋ္ဌာန်းဖို့ ဘယ်လိုနည်းနဲ့မှ အခွင့်အာဏာ မရှိဘူး။

 

ဒီဥပဒေ နဲ့ စုဆောင်းလို့ ရတဲ့ အရပ်သား တွေ ကိုလည်း လူသားဒိုင်း အဖြစ်နဲ့ သုံးမှာပဲ။ ဒီဥပဒေ ကို လိုက်နာအောင် လုပ်သူမှန်သမျှ အကြမ်းဖက် အဖွဲ့က ပြည်သူ‌ တွေကို သတ်ဖြတ်လာ‌နိုင် အောင် အကူအညီ ပေးနေတဲ့ ရာဇဝတ်ဂိုဏ်းသား တွေ ဖြစ်လာမယ်၊ ဒီလိုလူတွေ အားလုံးကို ပြင်းပြင်းထန်ထန် အရေးယူ သွားမှာ ဖြစ်တယ်။

 

ဒေါက်တာ မီမီဝင်းဘတ် (အမေရိကန် ကြည်းတပ် အငြိမ်းစား ဒုဗိုလ်မှုးကြီး)

 

စစ်ကောင်စီ ဆိုတာ တရားမဝင် အဖွဲ့အစည်း ဖြစ်တာမို့ ဒီဥပဒေကလည်း တရားမဝင်ဘူး၊ ဥပဒေ တခု တရားဝင် ဖြစ်ဖို့က ပြည်သူ့ ထောက်ခံမှု လိုတယ်၊ အမေရိကန်မှာ ပြည်သူ တွေ ကို ကိုယ်စားပြုထားတဲ့ ကွန်ဂရက် ရဲ့ အတည်ပြုချက် လိုတယ်။

 

ဒီ စစ်ဗိုလ်ချုပ်တွေက သူတို့ လုပ်ချင်တာ လုပ်နေကြတာ မျိုးပဲ ၊ ဒါကို ဥပဒေ လို့ မခေါ်တဲ့ အတွက် သုံးလို့ရမယ့် အခြား စကားလုံးတလုံးတော့ ရှာ ဖို့ လိုလာပြီ။

 

ဦးကြီးမြင့် (ရှေ့နေကြီး)

 

မင်းအောင်လှိုင်မှာ ဒီဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်ပိုင်ခွင့် အာဏာ မရှိဘူး၊ ၁၉၄၉ မှာ သူပုန်တွေက ရန်ကုန်က လွဲပြီး တနိုင်ငံလုံးကို သိမ်းထားပြီးပြီ၊ ဒါပေမယ့် ဝန်ကြီးချုပ် ဦးနု အစိုးရက စစ်မှုထမ်း ဥပဒေကို မပြဋ္ဌာန်းခဲ့ဘူး၊ အရင် အာဏာရှင် သန်းရွှေလည်း မလုပ်ခဲ့ဘူး၊ ဥပဒေ ဆိုပြီး ပြဋ္ဌာန်းလာတာကိုက စစ်ခေါင်းဆောင်ရဲ့ အားနည်းချက်ကို ထုတ်ပြလိုက်တာပဲ ဖြစ်တယ်။ ဗိုလ်ချုပ်တွေက လူတွေကို တိုင်းပြည် အတွက် မဟုတ်ပဲ သူတို့ အတွက် သေပေးဖို့ အလွဲသုံးစားလုပ်နေကြပြီ။

 

ဗိုလ်ကြီး လင်းထက်အောင် (စီဒီအမ်)

 

ဒီဥပဒေ ကြောင့် ပြည်သူတရပ်လုံး စိုးရိမ်မကင်း ဖြစ်လာကုန်ကြပြီ၊ အာဏာသိမ်း အဖွဲ့က သူတို့ရဲ့ အားနည်းလာနေတဲ့ စစ်တပ် ကို လူဖြည့်ဖို့ လုပ်လာတာပဲ။ ပြည်သူ‌တွေ အတွက် အတော်ကို ထိခိုက်သွားနိုင်တယ်၊ အာဏာသိမ်း အဖွဲ့ က ပြည်သူ အချင်းချင်း ချကုန်ကြအောင် ရည်ရွယ်တာ ဖြစ်တယ်။ 

 

ကျွန်တော်တို့ အနေနဲ့ ဒီစနစ်ကြီးကို အမြစ်မှ မလှန်နိုင်သရွေ့ လူထု အဖို့ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေကြရဦးမှာပဲ၊ 

 

မင်းအောင်လှိုင် (အာဏာသိမ်း ခေါင်းဆောင်)

 

လက်ရှိတွင် စစ်မှုထမ်းဟောင်းများက တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများ ရှိသလို စစ်မှုထမ်း မဟုတ်သော် လည်း စစ်တပ်အတွင်း တာဝန်ထမ်းဆောင်လိုသည့်အတွက် လာရောက် ဆန္ဒပြုသူများလည်း များပြားကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

 

၎င်း၏ စကားသည် အကြိုက်လိုက် လိမ်ညာ အစီရင်ခံသည်ကို ဖြစ်နိုင် မဖြစ်နိုင် စဉ်စားတတ်သည့် ဉာဏ်မျိုး မရှိ၊ အဟုတ် ထင်နေပြီး လူပုံလယ်တွင် ထုတ်ပြောရင်း အရှက် ကွဲပြီးရင်း ကွဲ နေသူ သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!