Rebel with a cause

by Hla Soewai - Feb 22 2024

အကြမ်းဖက် စစ်တပ် သည် လေကြောင်းအင်အား နှင့် လက်နက်ကြီးများ သုံး၍ တော်လှန်ရေး တပ်များကို ဟန့်တား နိုင်စွမ်း ရှိသယောင် ထင်ရသော်လည်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းယူ ပြီး လူထု ကို အကြောက်တရား နှင့် စိုးမိုး အုပ်ချုပ် နိုင်ဖို့က မြေပြင်တပ်များ မရှိမဖြစ် လိုအပ်နေသည်။

 

ဤသည်ကိုလည်း ကောလင်းတိုက်ပွဲ အတွက် မရမက လူအင်အား စုဆောင်း ခဲ့ရပြီး ဖြစ်သည်၊ ရခိုင် ပြည်နယ်သို့ စစ်ကူ တယောက်တလေမျှပင် စေလွှတ်နိုင်ခြင်း မရှိခဲ့သည်ကို ကြည့်က ၎င်းတို့တွင် တပ်အင်အား မလုံလောက်တော့မှန်း ထင်ရှားနေသည်ဟု ရက္ခိုင်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခ က ရိုက်တာ သတင်းဌာနကို ပြောခဲ့သည်။

 

စီဒီအမ် ဗိုလ်ကြီးဟောင်း ထက်မြတ် မှ တပ်ရင်း တရင်းတွင် စစ်သား ၁၃၀ ခန့်သာ ရှိတော့သည်ဟု ဆိုသည်။ ထိုသို့ အရည်အတွက် နည်းလာခြင်းကြောင့်လည်း ဗိုလ်မှုးချုပ် အဆင့်ရှိသူများ၊ တပ်ရင်းမှုး များ အကျအဆုံး များလာခြင်းလည်း ဖြစ်သည်။

 

တော်လှန်ရေး တပ်ဖွဲ့များဖက်တွင် ၂၀၂၁ ခန့်မှန်းချက်အရ စုစုပေါင်း အင်အား ၇၅,၀၀၀ ခန့် ရှိနေပြီး ထိုထက်မက ပိုများလာဖို့သာ ရှိနေသည်။

 

နိုင်ငံတကာ ပဋိပက္ခများ စောင့်ကြည့်ရေး အဖွဲ့ မှ ရစ်ချတ် ဟိုဆေး က မင်းအောင်လှိုင်မှ ဥပဒေဆိုကာ လူငယ်များအား အတင်းအကျပ် စစ်ထဲသွင်းရန် ကြံနေသော်လည်း ၎င်းတို့တွင် ထိုမျှလောက် အင်အား ကို လေ့ကျင့် သင်ကြားပေးနိုင်သည့် အနေအထား မရှိ၍ လိုအပ်နေသော အင်အားကို အလျင်အမြန် ဖြည့်တင်းပေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု ထောက်ပြခဲ့သည်။

 

မြန်မာ စစ်တပ် အား ဆယ်စုနှစ် တစူနီးပါး တစိုက်မတ်မတ် လေ့လာကာ စာတမ်း ပြုစုခဲ့သည့် ဩစတေးလျှ ဂရစ်ဖစ် တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ အင်ဒရူး ဆဲ့လ် မှ လက်ရှိ အင်အားကို နဲနဲ နှင့် ကျဲကျဲဝိုင်းကာ ဖြန့်ကြက်ချထားရသဖြင့် တကြိမ်လျှင် တိုက်ပွဲကြီး တပွဲထက် ပို၍ တိုက်နိုင်စွမ်း မရှိတော့ဟု ထောက်ပြခဲ့သည်။

 

ထို့အတွက်ကြောင့် မင်းအောင်လှိုင်သည် ကြံရာမရ ဖြစ်လာကာ တဖက်တွင်လည်း "ဘာမဆို လုပ်ရဲသည်" ဆိုသော ဂုဏ်ကို ထိန်းနိုင်ရန် အလို့ငှာ ၎င်းအတွက် လွန်စွာ အန္တရယ် များလှသည့် စစ်မှုထမ်း အမိန့်ကို ထုတ်ပြန်လာရခြင်းဟု ဆိုရမည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် စစ်တပ်သမိုင်း တလျှောက်တွင် ထိုမျှလောက် အင်နှင့် အားနှင့် ဘက်ပေါင်းစုံ မှ တိုက်ခိုက်ခံခဲ့ရဖူး ခြင်း မရှိ၍ ၎င်းအတွက် မျှော်လင့်ချက်ဟူ၍ တော်လှန်ရေး မဟာမိတ်များ အချင်းချင်း စိတ်ဝမ်းကွဲလာမည့် အချိန် ရောက်လာရေး ပင် ဖြစ်သည်။

 

ထိုင်း အစိုးရသည်လည်း စစ်မှု မထမ်းလို၍ ထွက်ပြေး ရောက်ရှိလာမည့် အရေး နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုသို့ ရောက်လာသူများအား ဖမ်းဆီးခြင်း မပြုပဲ ၎င်းတို့ အတွက် safe zone များ ယာယီ သတ်မှတ်၍ စောင့်ရှောက်ပေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုလာခဲ့သည်။

 

မန္တလေး ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်လုပ်ရန် လူသောင်းချီ၍ တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ ဦး ခြေထောက်ကျိုးသွားသည် အထိ ဖြစ်ခဲ့သည့် သတင်းအား ဘန်ကောက်ပို့စ် သတင်းစာတွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

စစ်တပ်သည် တိုင်းပြည် ငြိမ်းချမ်းရေး အတွက်ဟု အကြောင်းပြကာ လူထု အပေါ် ထင်တိုင်းကြဲနေမှု အတွက် မိမိတို့မှ ၎င်းတို့ နားလည်သည့် ဘာသာစကားမျိုး နှင့်သာ တုန့်ပြန်ရဖို့ ဖြစ်လာသည်ဟု အကြိမ် ၆၀ မြောက် မြူးနစ် လုံခြုံရေး ကွန်ဖရင့် တွင် Rebel with a cause ခေါင်းစဉ် ဖြင့် တက်ရောက် ဆွေးနွေး ခွင့် ရခဲ့သည့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသွားခဲ့သည်။ အာဏာရှင် နိုင်ငံများ ကျောခြင်းကပ် ရင်ခြင်းကပ် ရှိသလောက် ဒီမိုကရေစီ နိုင်ငံများ စည်းလုံးမှု မရှိဟုလည်း ထောက်ပြ သွားခဲ့သည်။

 

မြူးနစ် လုံခြုံရေး ကွန်ဖရင့်သို့ ဒေါ်ဇင်မာအောင် ကဲ့သို့ပင် တက်ရောက်လာသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် မြန်မာ မြောက်ပိုင်းတွင် ပဋိပက္ခများ ပြေငြိမ်းအောင် သက်ဆိုင်ရာ အဖွဲ့အသီးသီးအား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ဖြစ်အောင် ကူမင်းတွင် စီစဉ် ပေးနိုင်ခဲ့ကြောင်း နှင့် အာဆီယံအားလည်း မြန်မာ အရေး အား နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုး မဖြစ်စေပဲ သင့်တင့် လျောက်ပတ်စွာ ဖြေရှင်းပေးရန် တိုက်တွန်းသွားသည်။

 

တရုတ် ဩဇာခံ ဖြစ်မှန်းမသိ ဖြစ်လာနေသော စစ်ခေါင်းဆောင်မှ တရုတ် နှစ်သစ်ကူး ပွဲ အခမ်းအနားတွင် နိုင်ငံတကာ မျက်နှာစာတွင် မိမိတို့ဖက်မှ မှန်ကန်စွာ ရပ်တည်ပေးသည့် အတွက် လွန်စွာ ကျေးဇူး ဥပကာရ တင်ရှိကြောင်း တရုတ် သံအမတ်ကြီးအား တလေးတစား ပြောခဲ့ရှာသည်။ 

 

တကယ်တမ်း တွင် တရုတ်သည် ၎င်းအား ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ လက်မှ ကယ်တင်ပေးခဲ့သည့် ကျေးဇူး ရှိနေခြင်းသာ ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

ယခင်က ပြောခဲ့သည့် ပြည်ပ ဒရုန်း ပညာရှင်များ ပါဝင်နေသည် ဆိုသည်များ၊ အချို့နိုင်ငံများမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တဆင့်ခံပြီး စစ်ပွဲ ဆင်နွှဲလာနေသည် ဆိုသော အပြောများက အငွေ့ပျံ ပျောက်ကွယ်သွားပြီ ဖြစ်သည်၊ သို့သော် တရုတ်ဖက်ကတော့ ၎င်းကို မရှိမဖြစ်၍သာ ဆက်ဆံနေရသော်လည်း ယုံကြည်မှု က တစက်မျှပင် ရှိမည် မဟုတ်တော့ပေ။

 

တရုတ်ဩဇာ အာဏာသည် မြန်မာတွင် မကြုံစဖူး အောင် ကြီးထွားလာနေချိန်တွင် ၎င်းတို့ကဲ့သို့ ရင်းနှီး မြုပ်နှံထားသည့် ဂျပန် နှင့် အိန္ဒိယ သည် ဘေးမှ ရပ်ကြည့်နေရသည့် အနေအထား ဖြစ်နေသည်။ ဝင်ပါရန် ကြိုးစားပါကလည်း တရုတ်မှ တွန်းထုတ်ပစ်မည်သာ ဖြစ်သည်ဟု Japan Forward စာစောင်တွင် ရေးသားထားသည်။

 

ထို့အတွက် မြန်မာ အခြေအနေ သည် ပေါက်ကွဲထွက်လာသည့် အထိ မဆိုးဝါးမီ အိန္ဒိယ နှင့် ဂျပန် တို့ ပူးတွဲပြီး မဟာဗျူဟာ တခု ချမှတ်ကာ ကိုင်တွယ်သွားသင့်သည်ဟု တိုက်တွန်းထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!