ထိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် သတိပေးပြီ

by Hla Soewai - Feb 22 2024

ထိုင်း ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်မှ နိုင်ငံ တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား များ အရေးယူ ခံရမည်ဟု သတိပေးလိုက်ပြီ ဖြစ်သည်။

 

လူငယ်များအား ဧပြီလမှစ၍ မဖြစ် မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်လာခြင်းကြောင့် ရန်ကုန်ရှိ ထိုင်း သံရုံးရှေ့တွင် မြင်မကောင်းအောင် လူတန်းရှေကြီး ဖြစ်လာနေသည်ကို စိုးရိမ်မကင်း ဖြစ်လာ၍

ထုတ်ဖေါ် ပြောဆိုလာခြင်းပင် ဖြစ်သည်။

 

ယင်း ပြဿနာ နှင့် စပ်လျှင်းပြီး ထိုင်း လုံခြုံရေး အေဂျင်စီ များ နှင့် ‌ဆွေးနွေး တိုင်ပင်ခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

 

ထိုအတိုင်းဆိုက မကြာမီ အတော အတွင်း ထိုင်းနိုင်ငံ တွင် စံပြ အနေဖြင့် လူဖမ်းပွဲကြီး စတင်လာဖို့ ရှိသည်ဟု ယုံကြည်ရပေသည်။

 

ယခုပင် ထိုင်းနယ်စပ်တွင် ဆက်တိုက်ဆိုသလို တရားမဝင် ဝင်ရောက်လာသည့် မြန်မာ များအားပိတ်ဆို့ ဖမ်းဆီးနေသည်ဟု DVB. သတင်းက ဆိုသည်။

 

သာဗီဆင် မှ ယခု ရောက်လာကြမည့် မြန်မာ များသည် အလုပ်အကိုင် ရှာဖွေကြမည့် လူများ မဟုတ်ပဲ စစ်မှုထမ်းရမည့် အရေး ရှောင်ရှားလို၍ ထွက်ပြေးလာကြသူများသာ ဖြစ်၍ အလုပ်အကိုင် ဆုံးရှုံးရမည့် အရေး စိုးရိမ်စရာ မရှိဟုလည်း ၎င်း၏ နိုင်ငံသားများ အား နှစ်သိမ့်ခဲ့ပြန်သည်။

 

ထိုင်း နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် လက်ရှိတွင် တစ်ရာ နှုန်းပင် မရှိ၍ အိမ်နီးခြင်း နိုင်ငံများမှ အလုပ်သမား အများအပြား လိုအပ်နေကြောင်းနှင့် အလုပ်လုပ်မည့် လူများသည် ချမှတ်ထားသော စည်းမျဉ်း များနှင့် အညီ အလုပ်လုပ်ခွင့် ရယူရန် လိုသည်ဟု ဆိုသည်။

 

ထိုင်း နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးချက်အရ တရားဝင် လာရောက်ရန် ရှိနေသည့် အလုပ်သမားများပါ စစ်မှုထမ်းရမည့် အထဲ ပါနေ၍ အချို့ လုပ်ငန်း များတွင် အလုပ်သမား ပြတ်လပ်မည့် အရေး ကြုံရနိုင်သည်ဟု သတိပေးမှုများ ထွက်ပေါ်လာခဲ့သည်။

 

ထိုင်း နိုင်ငံသားများ မလုပ်လိုသည့် ညစ်ပတ်၊ အန္တရာယ်များပြီး ပင်ပန်းသော အလုပ်များ ဖြစ်သည့် 3D ခေါ် Dirty, Difficult, Dangerous ဆိုသည့် အောက်ခြေ သိမ်း အလုပ်များ အတွက် အိမ်နီးချင်း နိုင်ငံများ မှ အလုပ်သမားများ လိုအပ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

ထိုင်းလူငယ်များကတော့ cash, condo, car (3C) အတွက် မျှော်မှန်း လုပ်ကိုင် နေကြပြီ ဖြစ်သည်။

 

ရန်ကုန် ရှိ ထိုင်းသံရုံး မှ ပြီးခဲ့သည့် ကြာသပတေးနေ့မှစ၍ တရက်လျှင် လျောက်လွှာ ၄၀၀ သာ လက်ခံတော့မည်ဟု ဖေ့စ်ဘုတ်မှ တဆင့် ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။ အလည်အပတ် အဖြစ် နှစ်ပတ်ကြာ လာရောက်ပါက ဗီဇာ လျှောက်ရန် မလိုဟုလည်း သံရုံးက ဆိုသည်။

 

ယခုတဖန် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှစ၍ ဗီဇာ 

ရက်ချိန်းအား အွန်လိုင်း တိုကင် စနစ်ဖြင့် တရက်လျှင် ၂၀၀ နှုန်း လက်ခံ ဆောင်ရွက်သွားမည်ဟု ထိုင်းသံရုံးမှ ကြေငြာချက် ထုတ်ပြန်လိုက်ကြောင်း DVB သတင်းတွင် ပါရှိလာခဲ့ပြန်သည်။

 

လက်ရှိ ထိုင်းတွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ် တရားဝင် မှတ်ပုံတင် လုပ်ကိုင်နေသည့် မြန်မာ ၂.၁ သန်း ရှိနေပြီ ဖြစ်သည်။

 

နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များပြားလွန်းသဖြင့် လာမည့်ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများ ဩဂုတ်လအထိ ပြည့်နှက်နေပြီး၊ ရန်ကုန်တွင် တစ်နေ့လျှင် ၂၇၀၀ ဦးနှုန်း နိုင်ငံကူးလက်မှတ် လျှောက်ခွင့်ပြုမည်ဟု ‌သိရကြောင်း ခေတ်သစ် သတင်း တွင် ပါရှိလာသည်။

 

စစ်ကောင်စီ ကတော့ ဘယ်သူသေသေ ငတေမာ လျင် ပြီးရော ဆိုသူများ ဖြစ်၍ ထိုသို့ ဖြစ်ပျက်နေမှု များကို ရှက်ရကောင်းမှန်းပင် စဉ်းစားမိကြမည့် သူများ မဟုတ်ပေ။

 

‌၎င်းတို့ စဉ်းစားနေသည်က လက်ရှိ အင်အား နှင့် နေပြည်တော်သို့ ချီတက်လာမည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို မြေပြင်ထိုးစစ်ဆင် တန်ပြန် ချေမှုန်းသွားမည်၊ တဖက်တွင်လည်း ၎င်းတို့ နယ်မြေ များ မှ ရှေ့တက်လာမည် မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ နှင့် ထိန်းထားမည်၊ လိုအပ်သည့် လူအင်အား ရလာသည်နှင့် လူလှိုင်းလုံးတက် စစ်ဆင်ရေးများဖြင့် ၎င်းတို့လက်ထဲမှ နယ်မြေများကို ပြန်သိမ်းယူမည် ဟူ၍ ဖြစ်သည်။

 

ပြည်သူများ အနေဖြင့် မိမိတို့ နိုင်ငံသား လူငယ်များ အနာဂတ် ပျောက်ကာ တိုင်းတပါး ကျွန် ဖြစ်ရတော့မည့် အရေး တွေ့နေရပြီ ဖြစ်၍ စစ်အာဏာရူး များ အား အမြန်ဆုံး ဖယ်ရှားနိုင်ရေး အတွက် အတတ်နိုင်‌ဆုံး ဝိုင်းဝန်း ပံ့ပိုးကြမှသာ ဖြစ်ပေတော့မည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!