အနောက်ဖက် ကမ်းပါးရှိ အစ္စရေး အခြေချ နေထိုင်သူ တို့ ၏ အကြမ်းဖက်မှုများ

by Hla Soewai - Feb 17 2024

ဖေဖေါ်ဝါရီ ၁ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင် မှ သမ္မတ လုပ်ပိုင်ခွင့် အာဏာဖြင့် အမိန့်ထုတ်ပြန်၍ 

လူပုဂ္ဂိုလ် လေးဦးအား "အနောက်ဖက် ကမ်းပါးတွင် ငြိမ်းချမ်း တည်ငြိမ်ရေး နှင့် လုံခြုံရေး အား ဖျက်လို ဖျက်ဆီး လုပ်မှု" ဖြင့် ဒဏ်ခတ် အမည်ပျက် စာရင်း သွင်းလိုက်သည်။ အနောက်ဖက် ကမ်းပါးတွင် အကြမ်းဖက်မှုများသည် အစ္စရေး အား ဟာမားစ် တို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်းမှစ၍ သိသိသာသာ မြင့်တက်လာနေသည်။

 

အောက်တိုဘာ ၁၁ ရက်နေ့တွင် ကူဆရာ ရွာ တွင် ပါလက်စတိုင်း လေးဦး အား အစ္စရေး အခြေချ နေထိုင်သူများက သတ်ဖြတ်ခဲ့ပြီး သေဆုံးသွားသူများ၏ ဈာပန စီတန်းလှည့်လည်စဉ် တွင် နောက်ထပ် နှစ်ဦး ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ပြန်သည်။

 

နိုဝင်ဘာလ တွင် နေအိမ်များမှ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရသည့် ပါလက်စတိုင်း ၈၆၀ ရှိလာခဲ့သည်ဟု ကုလသမဂ္ဂ မှ စာရင်းထုတ်ပြန်ခဲ့သည်။

 

အနောက်ဖက် ကမ်းပါးတွင် လာရောက် အခြေချ နေထိုင်ကာ မြို့ရွာ အိုးအိမ်များ ထူထောင်လာကြသည့် အစ္စရေး ဂျုးများသည် နိုင်ငံတကာ အသိအမှတ် ပြုထားသည့် ၎င်းတို့ နိုင်ငံ နယ်နမိတ်ကို ကျော်လွန်ပြီး သိမ်းပိုက်ထားသည့် မြေများတွင် တရားမဝင် ကျုးကျော် ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်သည်။ ထို့ပြင် ဆိုင်းနိုင်း နှင့် ဂါဇာ တွင်လည်း ရွာကြီး တခုစီ ရှိနေပြန်သည်။

 

ဆီရီယား ထံမှ သိမ်းပိုက်ထားသည့် ဂိုလန် ကုန်းမြင့် တွင် အခြေချ နေထိုင်ကြသူ အနည်းငယ်သာ ရှိသည်။ အုံနှင့် ကျင်း နှင့် ရှိနေကြသည်က အနောက်ဖက် ကမ်းပါး တွင် ဖြစ်သည်။

 

၁၉၆၇ ဂျော်ဒန်၊ ဆီရီယား၊ အီဂျစ် တပ်များ နှင့် ဆင်နွှဲခဲ့သော ခြောက်ရက် စစ်ပွဲကြီး တွင် အနောက်ဖက် ကမ်းပါးကို သိမ်းယူနိုင်ခဲ့ပြီးချိန် တွင် အစ္စရေး ဂျုးများ စတင် အခြေချ လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အခြေချ နေနိုင်အောင် အစ္စရေး အစိုးရ နှင့် ကမ္ဘာ ဇီယွန် ဝါဒီ များ အဖွဲ့ချုပ်ကြီး မှ ငွေကြေး ပံ့ပိုးပေးခဲ့သည်။ အချို့ အခြေချ နေထိုင်သူများက ထိုဒေသသည် ဘာသာရေး အရ မိမိတို့ ပိုင် ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

 

အချို့ကလည်း ၁၉၄၈ တွင် အာရပ်နိုင်ငံများ နှင့် ဖြစ်ပွားခဲ့သော လွတ်လပ်ရေး စစ်ပွဲ ကြီး အတွင်း ဆုံးရှုံးသွားသော နယ်မြေများဟု ဆိုသည်။ ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သူ လီဗီ အက်ရှ်ကိုး မှ နောက်ပိုင်း ပါလက်စတိုင်းများ နှင့် ဆွေးနွေးဖို့ ဖြစ်လာသည့်အခါ အပေးအယူ ပြုလုပ်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဟု ပြောခဲ့ဖူးပေသည်။ ၎င်း၏ အစိုးရ အဖွဲ့ဝင်များကတော့ အခြေချ နေထိုင်သူများ ရှိလာခြင်းသည် အစ္စရေး လုံခြုံရေး အတွက် ကြားခံဇုန် ဖြစ်လာသည်ဟု ယုံကြည်ခဲ့ကြသည်။

 

မည်သို့ပင် ဖြစ်စေ နိုင်ငံတကာ မှ ထိုသို့ အခြေချ နေထိုင်လာမှုများကို တရားမဝင်ဟု တညီတညွတ်တည်း သတ်မှတ်ထားပြီး ဖြစ်သည်။

 

၁၉၉၃ အစ္စရေး နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ ပီအယ်အိုအကြား ရရှိခဲ့သော အော်စလို သဘောတူညီချက် တွင် နေရာသစ်များ ထပ်မံ ဆောက်လုပ်ခြင်းကို ပိတ်ပင်ထားခဲ့သည်။ သို့သော် ခေတ္တခဏသာ ရပ်ဆိုင်းသွားပြီး အစ္စရေး တို့ ဝင်ရောက်ကာ အိုးအိမ်များ ဆောက်လုပ်လာကြပြန်သည်။ သဘောတူညီချက် လက်မှတ်ထိုးပြီး နှစ်ပေါင်း သုံးဆယ် အကြာ ၂၀၂၃ တွင် အစ္စရေး အိမ်ယာ အရည်အတွက် သုံးဆ တိုးလာခဲ့သည်။ အချို့တွင် အစိုးရ ၏ ခွင့်ပြုချက် ရှိမထား၊ အချို့ကလည်း နောက်ကြောင်းပြန် လက်မှတ် ရယူလာခဲ့သည်။

 

ယခု အခါ အရှေ့ ဂျေရုဆလင် မပါ အနောက်ဖက်ကမ်းပါးတွင် အစ္စရေး အခြေချ နေထိုင်သူ စုစုပေါင်း ၄၆၀,၀၀၀ ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ သွားရောက်နေထိုင်ကြသူများကိုလည်း အစ္စရေး လူထု က ထောက်ခံ အားပေးခဲ့ကြသည်။

 

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နသန်ရာဟူးမှ လက်ရှိ ညွှန်ပေါင်း အစိုးရ ဖွဲ့ပြီး ပထမ ခြောက်လ အတွင်းမှာပင် အိမ် အလုံးရေ ၁၂,၀၀၀ ဆောက်လုပ်ရန် တင်သွင်းလာသည့် လျှောက်လွှာများအား ခွင့်ပြုပေးခဲ့သည်။

 

ထိုသို့ အ‌ခြေချ လာသူများမှ ဌာနေ ပါလက်စတိုင်းများ အပေါ် ကျုးလွန်လာသည့် အကြမ်းဖက်မှုများသည် ယခုအခါ ပြဿနာကြီး အဖြစ် ရောက်လာခဲ့သည်။

 

ဂျုး မြေအောက်လှုပ်ရှားမှု အဖွဲ့ဟု အမည်ပေးထားသည့် အစ္စရေး အကြမ်းဖက် အုပ်စုသည် ၁၉၇၈ တွင် အစ္စရေး နှင့် အီဂျစ်တို့ လက်မှတ် ရေးထိုးခဲ့သည့် ဒေးဗစ်စခန်း သ‌ဘောတူညီချက်ကို ဖျက်လို ဖျက်ဆီး လုပ်ရန် သန္နိဋ္ဌာန် ချလာခဲ့သည်၊ ထိုသဘော တူညီချက်ထဲတွင် ပါလက်စတိုင်းတို့အား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည်ဟု ပါရှိလာသောကြောင့် ဖြစ်သည်။ ထိုသို့ ပေးခြင်းဖြင့် နောက်ပိုင်းတွင် အနောက်ဖက် ကမ်းပါးသည် လွတ်လပ်‌သော နိုင်ငံ ဖြစ်လာပါက အခြေချ နေထိုင်ပြီး ဖြစ်သော အစ္စရေး တို့၏ လုံခြုံရေးကို ခြိမ်းခြောက်လာမည်ဟု တွက်ဆခဲ့ကြသည်။

 

ဤသို့ဖြင့် အစ္စလမ်ဘာသာဝင် တို့၏ အထွတ်အမြတ် ထား ကိုးကွယ်သည့် ဝတ္တက မြေ ဖြစ်သော အရှေ့ ဂျေရုဆလင်ရှိ Dome of the Rock အား ဖေါက်ခွဲပစ်ရန် ကြံစည်လာခဲ့သည်။ ထိုအချိန်တွင် ပါလက်စတိုင်း အကြမ်းဖက်သမားများက အစ္စရေး ကျောင်းသား များကို တိုက်ခိုက်လာကြသဖြင့် ၎င်းတို့ကလည်း အာရပ် မြို့တော်ဝန်များအား တဖန် ပြန်၍ ဗုံးခွဲတိုက်ခိုက်သည့် ဖက် လှည့်သွားခဲ့ကြ‌ သောကြောင့် မူလ အစီအစဉ် ပျက်ပြားသွားခဲ့သည်။

 

ထိုအဖွဲ့သည် နိုင်ငံရေး သမားများခြည်းသာ ပစ်မှတ်ထားခဲ့ကြသည် မဟုတ်၊ ၁၉၈၃ တွင် အနောက်ဖက် ကမ်းပါးရှိ ဟီဘရွန် တက္ကသိုလ် အား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြရာ အာရပ် ကျောင်းသား သုံးဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။

 

၁၉၉၃ ပထမဆုံး အကြိမ် အင်တီဖာဒါ ခေါ် ပါလက်စတိုင်း ပုန်ကန်ထကြွမှု ကြီး ဖြစ်ပွားပြီးနောက်တွင် အစ္စရေး အရပ်သားများမှ ပါလက်စတိုင်းများအား တိုက်ခိုက်မှု အကြိမ် အရည်အတွက် မြင့်တက်လာခဲ့သည်။ အခြေချ နေထိုင်သူများသည် မိမိကိုယ် မိမိ ကာကွယ်နိုင်ရန် ဆိုကာ အစ္စရေး စစ်တပ်မှ လက်နက်များ ရရှိလာကြသည်။ ဤသို့ဖြင့် ပစ်ခတ်မှုများ၊ ရိုက် နှက်မှုများ၊ လမ်းပိတ်ဆို့မှုများ နှင့် ဖျက်လိုဖျက်စီး လုပ်မှုများ ကျုးလွန်လာခဲ့ကြသည်။ အဓိကအားဖြင့် ၎င်းတို့ အကြား နေထိုင်နေသည့် ပါလက်စတိုင်းများကို အကျပ်ကိုင် ခြိမ်းခြောက်ရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

၁၉၉၄ တွင် အခြေချ နေထိုင်သူများ ဖွဲ့စည်းထား

သည့် ကက်ချ် ဆိုသည့် လက်ယာ အစွန်းရောက် အဖွဲ့ဝင် တဦး ဖြစ်သူ ဘာရပ်ခ်ျ ဂိုးလ်စတိန်းသည် ဟီဘရွန် ရှိ ဗလီ တခု အတွင်း ဝင်ရောက် ပစ်ခတ်ရာ ပါလက်စတိုင်း ၂၉ ဦး သေဆုံးသွားခဲ့သည်။

 

၂၀၀၅ မှ ၂၀၂၁ အတွင်း ပါလက်စတိုင်းတို့ တိုက်ခိုက်ခံခဲ့ရသည့် အမှုပေါင်း ၁,၄၀၀ ကျော်အထိ ရှိလာသည်ဟု အစ္စရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ ယက်ရှ် ဒင်း မှ မှတ်တမ်းပြုစုနိုင်ခဲ့သည်။ အနောက်ဖက် ကမ်းပါး ရှိ အစ္စရေး တာဝန်ရှိသူများသည် တိုင်တန်းလာသော အမှု များ၏ ၉၀ ရာနှန်းကျော်အား ပယ်ချခဲ့ကြသည်။

 

အခြေချ နေထိုင်သူများဖက်က လည်း နည်းဗျုဟာများ ပြောင်းလာခဲ့ကြသည်။ မကြာ‌ သေးမီ က ၎င်းတို့သည် ပါလက်စတိုင်း မိသားစု များ ဝင်ငွေ အဖြစ် အဓိက အားထားနေရသည့် သံလွင်ပင်များကို ခူးဆွတ် ရာသီ တွင် အမြစ်မှ ပင် မကျန် အောင် ဆွဲနှုတ်ခြင်း ၊ မီးရှို့ပစ်ခြင်း တို့ လုပ်လာခဲ့ကြသည်။

 

ထိုသို့သော အကြောင်းများကြောင့် တင်းမာမှုများ မြင့်တက်လာနေသဖြင့် လေ့လာသူများက နောက်ထပ် ပါလက်စတိုင်း ပုန်ကန်မှု ကြီး ထပ် ဖြစ်လာမည့် အလားအလာများ တွေ့နေရ၍ စိုးရိမ်စ ပြု လာကြပြီ ဖြစ်သည်။

 

(၂၀၂၄ ဖေဖေါ်ဝါရီ ၈ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "A history of settler violence in the West Bank" ဆောင်းပါးကို တင်ပြသည်။)