အိုင်စီစီ မှ သက်သေ အထောက်အထား များ စတင် စုဆောင်းပြီ

by Hla Soewai - Feb 05 2020

နိုင်ငံတကာ ရာဇဝတ်မှုများ ဆိုင်ရာ တရားရုံး အိုင်စီစီ သည် ပြစ်မှု ကျူးလွန်သူများကို မဖြစ်မနေ အရေးယူသွားရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်း များ အတွင်း ဝင်ရောက်၍ သက်သေ အထောက်အထားများ စတင် စုဆောင်းလျှက် ရှိနေပြီ ဖြစ်သည်။

 

၎င်းတို့ အနေဖြင့် မြန်မာ ဖက်မှ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိလျှင်လည်း မိမိတို့ကိုယ်တိုင် အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခင်က ထိုသို့ လုပ်နိုင်ခဲ့သည့် နည်းလမ်းများ ရှိထားပြီး ဖြစ်သည်ဟု အိုင်စီစီ ဥပဒေ အကျိုးဆောင် ရုံးမှ ဒါရိုက်တာ ပါကီဆို မိုချိုချိုကို က ဒက္ကားတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

မြန်မာဖက်မှ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိက ခက်ခဲပြီး ရှည်ကြာမည် ဖြစ်သည်ကို သိရှိထားပြီး ဖြစ်သော်လည်း ထိုသို့သော အခြေအနေများကြားတွင် တရားဥပဒေ အတိုင်း စီရင်နိုင်ခဲ့ချည်းသာ ဖြစ်သည်ဟု ဆိုသည်။

 

မူဆလင် ဒုက္ခသည်များ အပြင် အခြားနိုင်ငံများရှိ မျက်မြင်သက်သေများကိုလည်း တွေ့ဆုံမေးမြန်းသွားမည် ဖြစ်သည်။

 

မိမိတို့ အနေဖြင့် ၎င်းတို့ အစုလိုက် အပြုံလိုက် တပြိုင်တည်း အဘယ်ကြောင့် ရောက်ရှိလာခဲ့ရသည်ကို အမှန်အတိုင်းသိရအောင် စေ့စပ်သေချာစွာ ရှာဖွေ ဖေါ်ထုတ်သွားမည်ဟုလည်း မိုချိုချိုကို က ဆိုသည်။

 

တာဝန်ရှိသူများသည် နိုင်ငံအကြီးအကဲ တဦးဦး သို့မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု လည်း ၎င်းက ပြောကြားခဲ့ပြန်သည်။

 

ဒုက္ခသည်များ အနေဖြင့် မြန်မာနိုင်ငံ အတွင်း အခြား နေရာများသို့ အိုးအိမ် စွန့်ခွာ ထွက်ပြေးသွားကြလျှင် မိမိတို့ အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိပဲ ယခုကဲ့သို့ အိုင်စီစီ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ၏ နယ်နမိတ်အတွင်း ဝင်ရောက်လာခဲ့၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ပြုလုပ်နိုင်ခွင့်ကို ၂၀၁၉ နိုဝင်ဘာလအတွင်း အိုင်စီစီ တရားသူကြီး များ က ခွင့်ပြုပေးခဲ့ပြီ ဖြစ်သည်။

 

အိုင်စီစီသည် သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင်များ အနေဖြင့် ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ခြင်း သို့တည်းမဟုတ် အရေးယူလိုခြင်း မရှိသည့် အခါများတွင် ထိုပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် နောက်ဆုံး မဖြစ်မနေ အသုံးပြုရသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

 

ယနေ့ နယူးယောက်တွင် ကျင်းပသော မြန်မာ မူဆလင် ဒုက္ခသည်များ အရေး အိုင်စီဂျေ ၏ ကြားဖြတ် အစီအမံ အမိန့် နှင့် စပ်လျင်းသော ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေး တွင် အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော တရုတ် နှင့် ဗီယက်နမ် တို့မှ ကန့်ကွက်ခဲ့သဖြင့် ကြေငြာချက် ထုတ်ပြန်နိုင်ခြင်း မရှိပဲ ပြီးစီးသွားခဲ့ရသည်။

 

 

သို့သော် အီးယူ အဖွဲ့ဝင် ဥရောပနိုင်ငံများ ဖြစ်သော ဘဲလ်ဂျီယံ၊ ပြင်သစ်၊ ဂျာမဏီ နှင့် ပိုလန်နိုင်ငံများ ကိုယ်စား အက်စတိုးနီယား သံအမတ်ကြီး စဗင်း ဂျာဂင်ဆန် က မြန်မာ အနေဖြင့် အိုင်စီဂျေ၏ ကြားဖြတ် အစီအစဉ်များကို လိုက်နာရန် နှင့် ပြစ်မှုကျူးလွန်သူများ အား တရားဥပဒေ နှင့် အညီ အရေးယူပေးရန် တိုက်တွန်းကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

 

(တပ်မတော် အနေနှင့် အချုပ်အခြာ အာဏာ ဆိုသည့် ခေါင်းစဉ် အောက်တွင် ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ လို အိမ်ထဲ အိမ်ပြင် မထွက်ပဲ self-quarantine နေလျှင် ဂရုစိုက်စရာ မလိုဟူသော သဘောထား ရှိနေပုံ ရသည်ဟု ယူဆရသည်။)

 

ကိုးကား၊ ၊ AP / Anadolu Agency