ဘူမိ နိုင်ငံရေး
အာရှသည် စိန်ခေါ်မှုများ ချုပ်ငြိမ်းသွားခြင်းကြောင့်စီးပွားရေး တိုးတက်လာခြင်းမျိုး တော့ မဟုတ်ပေ။ အထင်ရှားဆုံး စိန်ခေါ်မှု ကြီး အဖြစ် ပေါ်ထွက်လာခဲ့ရသည်က တရုတ်၏ ခေါင်းထောင်ထလာမှုပင် ဖြစ်သည်။
တရုတ်သည် နယ်မြေအားဖြင့် အလွန် ကျယ်ပြန့်စွာ ပိုင်ဆိုင်ထားပြီး အားလုံးကို ခြုံကြည့်လျှင် ချမ်းသာကြွယ်ဝမှုလည်း ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အင်အားလည်း ကြီးနေပြန်သဖြင့် နိုင်ငံတနိုင်ငံ ချင်းစီ အနေဖြင့်မူ တရုတ်ကို ရန်လုပ် ဖို့ပင် စိတ်ကူးထဲ မထည့်ရဲအောင် ဖြစ်နေသည်။
တရုတ်သည် အမေရိကန်၏ မဟာမိတ် နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီယား၊ ဩစတေးလျှ တို့ အပါအဝင် အိမ်နီးချင်း နိုင်ငံ အများအပြား၏ အဓိက ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်နေသည်။ ထိုနိုင်ငံများ အဖို့ ထိုနှစ်နိုင်ငံ နှင့် ဆက်ဆံရေး အား မည်သို့ မည်ပုံ ထိန်းညှိ သွားရမည် ဆိုသည့် အရေး နှင့် ရင်ဆိုင်လာရသည်။ နိုင်ငံ လုံခြုံရေး အတွက် မည်မျှ အတိုင်းအတာ အထိ အမေရိကန် အပေါ် အားကိုး၍ ရနိုင်မည် လော၊ သို့မဟုတ် ၎င်းတို့ တိုင်းပြည် ကို ၎င်းတို့ဖာသာ ကာကွယ် နိုင်အောင် ပြင်ဆင်ထားမည်လော၊ သို့တည်းမဟုတ် တရုတ် နှင့်ပင် ပို၍ နီးနီးကပ်ကပ် ဆက်ဆံသွားကြမည်လော ဆိုသည်တို့ကို ထည့်သွင်းစဉ်းစားဖို့ ဖြစ်လာရသည်။
လောလောဆယ် တွင်တော့ တရုတ်သည် ၎င်းတို့၏ အင်အားကို မည်သို့မည်ပုံ အသုံးချလာမည်နှင့် ယင်းသို့ အသုံးချလာပါက အခြားနိုင်ငံများမှ မည်သို့ တုန်ပြန်ကြမည် ဆိုသည်က ရှင်းလင်းစွာ သိနိုင်စွမ်း မရှိ ဖြစ်နေသေးသည်။
တရုတ်သည် ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုကာ တောင်တရုတ် ပင်လယ် အတွင်း ဗိုလ်ကျ မင်းမူလာနေသော်လည်း ၎င်း၏ အိမ်နီးချင်း နိုင်ငံများကမူ ပိုင်ဆိုင်သည်ဟု ပြောလာကြသည်ကို လက်မခံကြသဖြင့် အငြင်းပွားမှု များ ဖြစ်လာနေသည်။ အမေရိကန် ပြည်ထောင်စု သည် တရုတ် တို့ တောင်တရုတ် ပင်လယ် အတွင်း မင်းမူ လာနေခြင်းအား ထိုဒေသတွင် ၎င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို ခြိမ်းခြောက် မှု အဖြစ် ရှူမြင်လာကြသည်။
ထို့ပြင် တရုတ်သည် ၎င်းတို့ ကြွယ်ဝလာမှုကို အသုံးချကာ "ရပ်ဝန်း နှင့် လမ်" ဆိုသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ" ဖေါ်ဆောင်လာပြီး ဒေသတွင်းရှိ နိုင်ငံများအား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးအောင် လုပ်နိုင်ရန် ဆိုကာ ငွေများ ထုတ်ချေးပြီး ၎င်းတို့ ဝင်ထွက်နိုင်ခွင့် နှင့် ဩဇာလွှမ်းနိုင်အောင် လုပ်လာသည်။
ဒေသတွင်း တွင် အခြား အငြင်းပွားမှုများလည်း ရှိနေပြန်သည်။ ရုရှား နှင့် ဂျပန်သည် ယခုထိ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး စစ်ပြေငြိမ်းမှု စာချုပ်ကို တရားဝင်လက် မှတ်ရေးထိုး နိုင်ခြင်း မရှိသေးပေ။ ဤသည်ကလည်း ဂျပန် ကျွန်းတန်း၏ မြောက်ဖက်စွန်းရှိ ပေါ်ထွက်လာသော ကျွန်းစုများကို သူပိုင်သည် ငါပိုင်သည်ဟု အငြင်းပွားနေကြ၍ ဖြစ်သည်။
ထိုထက်ပို၍ လေးနက်သည့် အကြောင်းခြင်းရာ တခုသည်ကား တရုတ် နှင့် ဂျပန် အကြား အရှေ့တရုတ် ပင်လယ်ရှိ ကျွန်းတန်းများ ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး အငြင်းပွား နေကြခြင်းပင် ဖြစ်သည်။ ထိုကျွန်းတန်းများ အပေါ် အမည်ပေးမှု ကိုပင် သဘောကွဲလွဲနေကြသည်။ ဂျပန်တို့က ဆင်ကာကူ ဟု ခေါ်ပြီး တရုတ်က ဒီအာရူ ဟု အမည် ပေးထားသည်။ ပို၍ လေးနက်သည် ဆိုခြင်းမှာ ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်နေပြီး ယင်းကို အကြောင်းပြု၍ တင်းမာမှု များ ကျယ်ပြန့်လာနိုင်ပြီး အန္တရာယ် ရှိလာနိုင် သော ကြောင့်ပင် ဖြစ်သည်။
ဂျပန် ဖက်မှ ထိုကျွန်းများကို အကြောင်းပြု၍ ပဋိပက္ခဖြစ်သည်အထိ တင်းခံလာမည် ဆိုလျှင် အမေရိကန် တို့လည်း ပါဝင် ပတ်သက်လာဖွယ် ရှိနေပြန်သည်။ အကယ်၍ အမေရိကန် တို့ဖက်မှ ထောက်ခံမှု ပေးမည် မဟုတ်ဟု သံသယ ရှိလာမည် ဆိုလျှင် ဂျပန်သည် ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်လာမည် သာ ဖြစ်ပြီး နျူကလီယား လက်နက်များ ပါ ထုတ်လုပ်လာနိုင်ဖွယ် ရှိနေသည်။
တရုတ် နှင့် အိန္ဒိယ ကြားတွင်လည်း ဆက်ဆံရေးက အဆင်မပြေ ဖြစ်နေပြန်သည်။ နှစ်နိုင်ငံ အကြား မိုင်ပေါင်း နှစ်ထောင့်ငါးရာ ခန့် ရှည်လျားသည့် နယ်ခြား ပြဿနာသည် ယခုထိ ဖြေရှင်းနိုင်ခြင်း မရှိသေး၊ ၁၉၆၂ တွင်လည်း အဆိုပါ အရေး ကို အကြောင်းပြု၍ စစ်ပွဲကြီး ဖြစ်ထားခဲ့ဖူးသည်။ သို့သော် နှစ်နိုင်ငံ အကြားတွင် ရှိသော အဖုအထစ်များသည် နယ်ခြားပြဿနာ သာမက ၎င်းတို့အကြား မဟာဗျူဟာ အရ ပြိုင်ဆိုင်လာမှု များ ကြောင့်လည်း ဖြစ်သည်။
အိန္ဒိယဖက်မှ နျူကလီယား လက်နက်များ ပိုင်ဆိုင်အောင် ကြိုးစားခဲ့ခြင်းမှာလည်း တရုတ်ပြည်တွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။ တရုတ်သည် အိန္ဒိယ၏ မဟာရန်သူတော်ကြီး ဖြစ်သော ပါကစ္စတန် နှင့် နီးကပ်သော ဆက်ဆံမှုများ ရှိနေသည်။ ဤသည်ကလည်း အိန္ဒိယ အား ထိုအရေး အပေါ် အာရုံစိုက်နေအောင် ဖန်တီးထားခြင်း ဖြစ်သည်။ သို့မှသာ ၎င်းတို့ အရှေ့ နှင့် တောင်ပိုင်း တွင် လှည့်ကြည်စရာ မလိုပဲ စိတ်ရှိလက်ရှိ အကျိုးရှိရာ ရှိကြောင်း လုပ်နိုင်မည် ဖြစ်သည်။ ယင်းသည် နိုင်ငံကြီးများ အကြာ ရိုးရာမပျက်သည့် နိုင်ငံရေး အရ အားပြိုင်ကြသည့် လုပ်ကွက်မျိုးသာ ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်သည်။
တိုင်ဝမ်သည် သီးခြား ပြဿနာ တခု ဖြစ်သည်။ ၁၉၄၉ တွင် ကွန်မြူနစ်များ တရုတ်ပြည်မကြီးအား ထိန်းချုပ် လာနိုင်ခဲ့ပြီးနောက် အမျိုးသားရေး ဝါဒီများသည် တိုင်ဝမ်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြသည်။ ယင်းနောက်တွင် နှစ်ဖက်စလုံး နှင့် ပြည်ပ နိုင်ငံများက တရုတ်ပြည်သည် တနိုင်ငံတည်းသာ ရှိသည်ဟု တညီတညွတ်တည်း ပြောဆိုလာကြသည်။ သို့သော် မည်သို့ အဓိပ္ပါယ် ဖွင့်ရမည် ဆိုသည် အပေါ် သဘောကွဲလွဲခဲ့ကြသည်။ နှစ်ဒါဇင် ခန့် နီးပါးမျှ ရှိသော နိုင်ငံများသာ တရုတ် သမ္မတ နိုင်ငံဟု တရားဝင် အမည်ပေးထားသော တိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေးကို ဆက်၍ ထိန်းထားခဲ့ကြသည်။ ကျန်နိုင်ငံများကမူ တရုတ်ပြည်မကြီးမှ တိုင်ဝမ်အား ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုသည်ကို အသိအမှတ် ပြုခြင်း သို့တည်းမဟုတ် ဖြေရှင်းရမည့် ပြဿနာ အဖြစ် သာ သဘောထား ခဲ့ကြသည်။
၁၉၇၉ တွင် အမေရိကန် ပြည်ထောင်စုသည် တိုင်ဝမ် နှင့် သံတမန် ဆက်သွယ်မှု ကို တရားဝင် ရပ်စဲလိုက်သည်။ သို့သော်လည်း တိုင်ဝမ်၏ လုံခြုံရေး ကို မူ ဆက်လက် တာဝန်ယူခဲ့သည်။ တာဝန် ယူသည် ဆိုရာတွင်လည်း ကာကွယ်ရေး အတွက် လက်နက်များ ထောက်ပံ့ပေးခြင်း နှင့် လိုအပ်လျှင် ကာကွယ်ပေးနိုင်မည့် အနေအထားကို ဆက်၍ ထိန်းထားခဲ့သည်။
တိုင်ဝမ်သည် နိုင်ငံရေး နှင့် စီးပွားရေး တွင် ကိုယ်ပိုင် ရပ်တည်ပိုင်ခွင့် နှင့် ရပ်တည်နေပြီး လွတ်လပ်သည့် နိုင်ငံတခု၏ အနေအထုားမျိုး အပြည့်အဝ နီးပါး ရှိနေသည်။ တရုတ်ပြည်မကြီးသည် တိုင်ဝမ် နှင့် ပြန်လည် ပေါင်းစည်းရေး ကို တာဝန် တရပ် အဖြစ် ခံယူထားသည်။ သို့သော်လည်း လိုအပ်သည်ဟု ယူဆလာလျှင် အင်အားသုံးမည် ဆိုသည်ကိုလည်း အခါ အားလျှော်စွာ ထုတ်ဖေါ်ပြောဆိုထားပြန်သည်။
အခြားနိုင်ငံများကမူ တိုင်ဝမ်သည် တရုတ်၏ တစိတ် တပိုင်း ဖြစ်သည် ဆိုသည်အပေါ် ကြားနေ ဝါဒ ခံယူထားကြပြီး ဖြစ်ပေါ်လာမည့် အနေအထားကို ကြည့်၍ မီးစဉ်ကြည့် ကသွားကြမည်သာ ဖြစ်သည်။
အားလုံးက မည်သိုပင် ဖြစ်စေ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းသာ ဖြေရှင်းသည်ကို လိုလားကြပြီး တိုင်ဝမ်မှ လက်ခံနိုင်သည့် သဘောတူညီချက် မျိုး နှင့်သာ ဖြစ်စေလိုသည်။
သို့သော်် မေးစရာ ဖြစ်လာရသည်က နှစ်ဖက်စလုံး က လက်ခံနိုင်မည့် အနေအထားမျိုး နှင့် ဖြေရှင်းရန် ဖြစ်နိုင်ခြေ ရှိမရှိ၊ အကယ်၍ တိုင်ဝမ်မှ တဖက်သတ် လွတ်လပ်ရေး ကြေငြာလာခြင်းမျိုး ရှိမရှိ၊ တရုတ်ပြည်မကြီးတွင် စီးပွားရေး အကျပ်အတည်းမျိုး ဖြစ်လာပါက တိုင်ဝမ်နှင့် ပြန်လည် ပေါင်းစည်း နိုင်ရန် ယခုထက် ပို၍ အလောသုံးဆယ် လုပ်လာနိုင်ဖွယ် ရှိမရှိ၊ ရှိပါက အမေရိကန် မှ မည်သို့မည်ပုံ လုပ်လာနိုင်မည်နည်း၊ နှစ်ဖက် အင်အားသုံးလာခြင်းကြောင့် စစ်ပွဲ အသွင် ကူးပြောင်းသွားနိုင်ခြင်း ရှိမရှိ တို့ပင် ဖြစ်သည်။