Golden Visa

by Hla Soewai - Feb 09 2024

တရုတ်ပြည်တွင် "ချမ်းသာခြင်းအား ဂုဏ်ရှိသည်" ဟု လူတိုင်းနီးပါး ခံယူထားကြသလို အသစ် အသစ် သော လူချမ်းသာ စာရင်း ဝင်လာကြသူများသည် ပြည်ပ တွင် သွားရောက်နေထိုင်ခြင်းအားလည်း ဂုဏ်ရှိသည်ဟု မှတ်ယူလာကြသည်။

 

ထို့အတွက် ချမ်းသာသော နိုင်ငံများတွင် ၎င်းတို့နှင့် အတူ ပါလာမည့် ငွေများအား အသုံးချနိုင်ရန် Investment migration ဟူ၍ ဗီဇာ ထုတ်ပေးသည့် လုပ်ငန်း ကြီးထွားလာသည်။

 

နိုင်ငံပေါင်း ၈၀ ခန့်မှ ရင်းနှီး မြုပ်နှံဖို့ ငွေတွေ ပါလာမည်ဆိုလျင် Permanent resident အဆင့် Golden Visa၊ သို့ မဟုတ် နိုင်ငံသား ဖြစ်ခွင့် Golden Passport ပင် ပေးရန် ကမ်းလှမ်းခဲ့သည်။

 

ထိုအထဲတွင် အမေရိကားသည် လူကြိုက် အများဆုံး ဖြစ်နေပြီး ၂၀၂၂ တွင် ထိုအဆင့် အတန်း မျိုး ရောက်ရန် ၁၅ နှစ်ကြာ ဇွဲ‌ ကောင်း‌ ကောင်း နှင့် စောင့်နေရသည့် တရုတ် နိုင်ငံသားများ ရှိလာသည်။ ဗင်နောတူ၊ စိန့် ကစ် နှင့် နီဗီကဲ့သို့ နိုင်ငံငယ်လေးများသည် ထိုကဲ့သို့ ကမ်းလှမ်းပြီး နိုင်ငံခြားငွေကို အဓိက အားထားပြီး ရှာနေကြသည်။

 

အားလုံး သည် တရုတ် တို့အား အဓိက ဖေါက်သည် အဖြစ် သတ်မှတ်ထားကြသည်။ အများစုသည် ၎င်းတို့သားသမီးများ ပညာရေး အတွက် ဖြစ်သည်။ ၎င်းတို့နှင့် အတူ ပါလာသော ငွေများကြောင့် နှစ်ဖက်စလုံး အတွက် win-win ပင် ဖြစ်သည်။ သို့သော် အချို့ နေရာများတွင် မသမာမှုများပင် ရှိလာသည်။

 

ပထမဆုံး ပြဿနာ ပေါ်လာသည့် နိုင်ငံသည် ဩစတေးလျှ ဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ တွင် ဩစတေးလျှ ဒေါ်လာ ၅ သန်း ယူလာမည့် နိုင်ငံခြားသားများကို PR ပေးမည့် အစီအစဉ် ကို ဖျက်သိမ်း ပစ်ခဲ့သည်။ ယင်းအား ၂၀၁၂ တွင် စတင်ခဲ့ချိန်မှစ၍ ထောင်ပေါင်းများစွာကို Golden Visa ထုတ်ပေးခဲ့ပြီး အများစု မှာ တရုတ် နိုင်ငံသားများ ဖြစ်သည်။

 

သို့သော် နောက်ပိုင်းတွင် မသမာမှု များ ရှိလာသည်ဟု သံသယ ဖြစ်လာကြသည်။ ဗြိတိန်သည်လည်း ရုရှားများ အပေါ် စိုးရိမ်မကင်း ဖြစ်လာပြီး Tier-1 Visa ကို ယူကရိန်း အား မကျုးကျော်မီ ၂၀၂၂ တွင် ဖျက်သိမ်းပစ်ခဲ့သည်။ အိုင်ယာလန်သည်လည်း ၂၀၂၃ ဖေဖေါ်ဝါရီ တွင် ဖျက်သိမ်းခဲ့ပြန်သည်။ ဥရောပရှိ ချမ်းသာသော နိုင်ငံများသည် ထိုအစီအစဉ် ကို အကာအကွယ် ယူကာ ငွေခဝါချ လာကြမည်ကို စိုးရိမ်လာကြသည်။

 

ဩစတေးလျှ ကိစ္စ တွင် အကျိူး မရှိသည်ဖက်က အလေးသာနေသည်။ ထိုကဲ့သို့ ဗီဇာဖြင့် ရောက်လာကြသူများသည် ငယ်ရွယ်သူများ မဟုတ်ကြသဖြင့် ရောက်ပြီး ခဏမျှသာ အလုပ်လုပ်ကြပြီး ပင်စင် ယူရမည့် အရွယ်ရောက်လာကြသည်၊ ထို့နောက်တွင် အစိုးရ ပေးသည့် ပင်စင် နှင့် ခံစားခွင့် များ ထုတ်ယူကုန်ကြ၍ ဖြစ်သည်။

 

အချို့ နိုင်ငံများတွင် အိမ်ဝယ်ယူမှု ကို ရင်းနှီးမြုပ်နှံမှု အဖြစ် လက်ခံခဲ့ကြ၍ အိမ်ဈေးများ မြင့်တက်လာခဲ့မှု ကြောင့် ဒေသခံများ မကျေမနပ် ဖြစ်လာခဲ့ကြသည်။ ထို့အတွက် ၂၀၂၃ ဖေဖေါ်ဝါရီလတွင် ပေါ်တူဂီသည် ထိုကဲ့သို့ ပြဿနာမျိုးကို ဖြေရှင်းနိုင်ရန် အိမ်ဝယ်ယူမှု အား Golden Visa အတွက် အကျုံးမဝင်ဟု သတ်မှတ်ခဲ့သည်။

 

အီးယူ နိုင်ငံများ အကြား ပြဿနာ ပိုကြီးထွားလာခဲ့သည်၊ ရှင်းဂန် သဘောတူညီချက်အရ တနိုင်ငံတွင် နေထိုင်ခွင့် ရသွားခဲ့လျှင် အခြား အဖွဲ့ဝင် နိုင်ငံများသို့ အလွယ်တကူ ရွှေ့ပြောင်း၍ ရသွားခြင်းကြောင့်ပင် ဖြစ်သည်။

 

ထို့အတွက် ၂၀၂၂ အတွင်း ဥရောပ ပါလီမန်သည် Golden Visa နှင့် Golden Passport အစီအစဉ်များ ပိတ်ပစ်ရန် တောင်းဆိုလာခဲ့သည်။ Golden Passport အစီအစဉ်ကို ယခုအခါ မော်လ်တာ မှ လွဲ၍ ကျန် နိုင်ငံများက ပိတ်ပင်ပစ်ခဲ့သည်။

 

Golden Visa အရေးတွင်တော့ သဘောတူညီမှူ ရရန် ခက်ခဲလာသည်။ စပိန်မှ ဆယ်နှစ်ကြာပြီးလျှင် PR ပေးမည်ဆိုသည်ကို ဖျက်သိမ်းပေးရန် တောင်းဆိုလာကြပြီး၊ ဂရိသည်လည်း အနည်းဆုံး ရင်းနှီးမြုပ်နှံရမည့် ပမာဏ ကို ယူရို ငါးသိန်း အထိ မြှင့်တင်လာခဲ့သည်။

 

အချို့‌ နေရာများတွင် ပိုက်ဆံရှိက ဗီဇာ နှင့် ပတ်စ်ပို့ တို့ ဝယ်၍ရသော်လည်း မေတ္တာကိုကား ဝယ်၍ ရနိုင်ကောင်းသည် မဟုတ်ပေ။

 

(၂၀၂၄ ဇန်နဝါရီ ၂၉ အီကောနော်မစ် မဂ္ဂဇင်း၏ "What are “golden visas”?" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)