ရှီကျင့်ဖျင်၊ ချာနိုဘိုင်းလ် နှင့် ကော်ရိုနာ

by Hla Soewai - Feb 04 2020

ကွန်မြူနစ် အစိုးရ များ ကျင့်သုံးနေသော ဆင်ဆာ စနစ်သည် အဆိုးများထဲမှ အကောင်းတခုတော့ ဖန်တီးပေးနိုင်ခဲ့သည်။ ဤသည်က လူထု ၏ ဖန်တီးမှု အတတ်ပညာပင် ဖြစ်သည်။ တရုတ်၏ အင်တာနက် စီတီဇင် များသည် အမေရိကန် ရုပ်သံမှ ရိုက်ကူးထုတ်လွှင့်ခဲ့သော ‘ချာနိုဘိုင်းလ်’ ဇတ်လမ်းကို အလွန်တရာ ချီးမွမ်းခန်း ဖွင့်လာခဲ့ကြသည်။ ချာနိုဘိုင်းလ် သည် ဆိုဗီယက် သမိုင်းတလျောက် အဆိုးဝါးဆုံးသော ကပ်ဆိုးကြီးဟု ထင်ရှားခဲ့ဖူးသည်။ ထိုသို့ ချီးမွမ်းခန်း ဖွင့်လာကြခြင်းသည်ကလည်း လက်ရှိ ဖြစ်ပွားနေသော ကူးစက်ရောဂါဆိုးကြီး ကို တင်းကျပ်လှသော အင်တာနက် ဆင်ဆာ ကြားသို့ လျို့ဝှက် ဖေါက်ဝင်ကာ ဆွေးနွေးခွင့်ရရန် လမ်းဖွင့်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။

 

 

ပုံမှန် အချိန်မျိုး ဆိုက ထိုသို့ ကြိုးပမ်းလာမှုများကို အလျင်အမြန် ပိတ်ဆို့ကြမည်သာ  ဖြစ်သည်။ ၁၉၈၆ တွင် ဖြစ်ပွားခဲ့သော နျူကလီယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး အာဏာပိုင်များအနေနှင့် ဖုံးအုပ်ထားခဲ့မှု၊ တန်းတူ ထား ပြောဆိုလာခဲ့မှု ၊ကို  တရုတ် ကွန်မြူနစ် ပါတီ အကြီးအကဲများ အဖို့ မည်သို့မျှ မခံစားနိုင်အောင် ဖြစ်လာကြသည်။  ၎င်းတို့၏ လက်ရှိ အုပ်ချုပ်ပုံ ကလည်း  ဆိုဗီယက်တို့ထံမှ တသွေမတိမ်း ကူးယူထားခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုသို့ ဗြောင်ကျကျ နှိုင်းယှဉ်လာမှုများ သည် တရုတ် ဆိုရှယ် မီဒီယာ များ တွင် မှိုလိုပေါက် ထွက်ပေါ်လာခဲ့သည်။

 

 

သတင်းများ လွတ်လပ်စွာ စီးမျောခွင့်ရရေးသည် ကွန်မြူနစ် အကြီးအကဲ တို့ ဖေါ်ဆောင်နေသည့် လေယာဉ်တင် သင်္ဘောကြီးများ၊ လကမ္ဘာသို့ ဆင်းသက်ခြင်းနှင့် အခြား အင်အားကြီးသည်ထက် ကြီးအောင် လုပ်နေမှုများထက် မိမိတို့ ဘဝ လုံခြုံရေး ကို အာမခံနိုင်မည် ဆိုသော အယူအဆများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ရောဂါ စတင်ဖြစ်ပွားခဲ့ရာ ဟူဘေး ပြည်နယ် အုပ်ချုပ်ရေးမှူးသည် တရုတ် အစိုးရ ပိုင် ရုပ်မြင်သံကြား နှင့် ရှားရှားပါးပါး တွေ့ဆုံမေးမြန်း ချက် ထုတ်လွှင့်ခဲ့ရာတွင် ချာနိုဘိုင်း အား ဖုန်းကွယ်ခဲ့မှုကြောင့် ထိခိုက်နစ်နာခဲ့ရမှုများကို ရဲရဲတင်းတင်း ထုတ်ပြောခဲ့သည့် ဆိုဗီယက် သိပ္ပံပညာရှင် တဦး ၏ ပြောစကား နှင့် စတင်ခဲ့ပြီး ပြေရာပြေကြောင်း လုပ်လာခဲ့ပြန်သည်။

 

 

သို့သော် လက်တွေ့တွင် ထိုသို့ နှိုင်းယှဉ်မှုများက ဆက်လက် ဖြစ်ပေါ်လာနေမည်သာ ဖြစ်သည်။ ဆိုဗီယက် ခေါင်းဆောင်ပိုင်းသည် ချာနိုဘိုင်း နျူကလီယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုကြီး အတွက် ဒေသခံ အရာရှိများ၊ အင်ဂျင်နီယာ များ ကို အပြစ်ပုံချခဲ့ကြပြီး ဖုံးကွယ်ထားမှု မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။ မကြာမီ ရက်များ အတွင်း တရုတ် မီဒီယာ များ မှ ဝူဟန် မြို့တော်ဝန် အလုပ်ပြုတ်ဖွယ်ရှိကြောင်း ဇောင်းပေးရေးသားလာခဲ့ကြသည်။ တရုတ် ဝန်ကြီးချုပ် လီ ကချန် အား ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်း ကြီးကြပ်ရန် တာဝန်ပေးခဲ့သော်လည်း ယင်းသည် တရုတ် သမ္မတ ရှီကျင့်ဖျင် အတွက် ဓါးစာခံ နိုင်ရန်  ဖြစ်သည်ဟု အပြစ်ဆိုလိုသူများက ထောက်ပြလာခဲ့ကြသည်။

 

 

ယခုလောလောဆယ်တွင် တရုတ် အွန်လိုင်း ဝေဖန်သူများသည် ဆိုဗီယက် တို့၏ စုပေါင်း ခေါင်းဆောင်မှုကိုသာ အာရုံထား ဝေဖန်နေကြသော်လည်း နောက်ပိုင်းတွင် ပြည်တွင်း ကိစ္စများဖက် ဦးလှည့်ကာ သမိုင်း နှင့် ချီ၍ နှိုင်းယှဉ်လာမည်ဆိုက အန္တရာယ် ရှိလာနိုင်မည် ဖြစ်သည်။ တရုတ် တို့သည် ရှေးယခင် ကတည်းက သဘာဝ ကပ်ဘေးကြီးများ ကျရောက်တိုင်း အုပ်ချုပ်သူမင်းများ၏ အကျင့် သီလ ချို့ယွင်းမှု အပေါ် ကောင်းကင်ဘုံမှ မနှစ်မြို့တော့သည့် လက္ခဏာ ပြလာခြင်းဟု ယူဆလေ့ရှိကြသည်။ ဟန် မင်းဆက် ၏ ဒုတိယ ရာစုနှစ်အတွင်း ဝက်သက် နှင့် ကျောက် ရောဂါ ကြောင့် လူဦးရေ ၏ သုံးပုံတပုံ ခန့် သေကြေ ပျက်ဆီးခဲ့ကြရဘူးသည်။ အလားတူပင် ရေလွှမ်းမိုးခြင်း၊ အစာ ရေစာ ငတ်မွတ်ခေါင်းပါးခြင်းတို့ မှ အကာအကွယ် မပေးနိုင်ခြင်းသည် အုပ်ချုပ်မင်းလုပ်သူ၏ ညံဖျင်းမှုကြောင့်သာ ဖြစ်ရသည်ဟု ဆိုကာ ဖြုတ်ချပြစ်ရမည်ဟု ယူဆခဲ့ကြသည်။

 

 

ခေတ်သစ် တရုတ် နိုင်ငံသားများက လက်ရှိ ဗိုင်းရပ်စ် ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေခြင်းသည် ကောင်းကင်ဘုံ မှ ရှီကျင့်ဖျင် အပေါ် အမျက်ဒေါသ ထွက်ခြင်းဟု ယူဆကြဖွယ် တော့ မရှိပေ။ သို့သော် ရှီကျင့်ဖျင် အဖို့ အကြီးအကျယ် ထိခိုက်လာနိုင်စရာများ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို အမျှော်အမြင် ကြီးမားသော ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ကာ သူ၏ အတွေးအခေါ်များအား ကျောင်းသင်ရိုးများ တွင် သာမက ပါတီဝင်များအားလုံး လေ့လာ သင်ယူစရာ အဖြစ် သတ်မှတ်ခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။ နေ့စဉ်လို အစိုးရ သတင်း မီဒီယာများမှ တရုတ် တို့ ခေတ်မှီ ဖွံ့ဖြိုး ကြွယ်ဝလာမှုများနှင့် ကမ္ဘာတွင် ဩဇာရှိလာနေမှုများအား ရှီ နှင့် အမြဲလို ပူးတွဲ ဖေါ်ပြလေ့ရှိခဲ့ကြသည်။ မော်စီတုန်း နောက်ပိုင်း မည်သည့် တရုတ် ခေါင်းဆောင် တဦးတလေမျှ ထိုသို့  အာဏာ လက်ဝယ် မရှိခဲ့ယုံမျှမက ရက်ရက်ရောရော ချီးမွမ်းခံခဲ့ရခြင်းလည်း မရှိခဲ့ဖူးပေ။ အင်ပိုင်ယာ ပြည့်ရှင် မင်းတပါးကဲ့သို့ ပြုမူ ကျင့်ကြံလာသည်ဟု တရုတ် တတ်သိပညာရှင်များက ထောက်ပြလာကြသည်။  ၎င်း၏ မိန့်ခွန်းများထဲတွင် တရုတ်တို့၏ ရိုးရာ ယဉ်ကျေးမှုများ၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် နီတိများ နှင့် ရှေးအဆက်ဆက် မင်းအာဏာကို ရိုသေကျိုးနွံမှုများ အပေါ် ချီးမွမ်းခန်း ဖွင့်လာမှုများကို ထောက်ပြပြောဆိုခဲ့ကြသည်။

 

 

ဤသည်တို့က အကျိုးအကြောင်း မဆီလျော်သည့် နှစ်ခု ပေါင်းစပ်ခြင်းမျိုး ဖြစ်လာခဲ့ရသည်။ တဖက်တွင် ဆိုဗီယက် ခေတ်နှင့် အလားသဏ္ဌာန် တူသော ပါတီ၏ စုပေါင်း ခေါင်းဆောင်မှု ၏ စွမ်းဆောင်ရည်ကို ဖေါ်ထုတ်လာသလို တဖက်ကလည်း ပါတီ ဝါဒဖြန့်ချီရေး သမားများက လူတဦး အပေါ် ချစ်ခင် ယုံကြည်မှု အပေါ် ဦးစားပေးသည့် တရားဝင် ရပ်တည်မှု အသွင် ဖေါ်ကျူးလာကြပြန်သည်။ စုပေါင်း ခေါင်းဆောင်မှုအပေါ် အသားပေး ထားသူများသည် အနောက်အုပ်စု၏ ပါတီစုံ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် အခြားသော ဒီမိုကရေစီ တာဝန်ခံယူမှုများသည် တိုင်းပြည်ကို ကသောင်းကနင်း  ဖြစ်စေသည်ဟု နားလည်သော လူထုကြီးက ဆန့်ကျင် ကန့်ကွက်လာနေပြီ ဆိုသည့် ပေါ်ပြူလစ် လမ်းစဉ်ကို ထောက်ပြလာခဲ့ကြသည်။ တရုတ် နိုင်ငံ၏ စနစ်သည် လွန်စွာ အရည်အချင်း ရှိသည့် ကျွမ်းကျင်သူများကို သာ ရွေးထုတ်ကာ တိုင်းပြည်ရေးရာ များကို စီမံခန့်ခွဲသည့်စနစ် ဖြစ်ပြီး အမှားကျူးလွန်ခဲ့ပါကလည်း ပြန်လည် ပြင်ဆင်နိုင်ခဲ့သည့် အစဉ်အလာ များကို ထူထောင်ထားနိုင်ခဲ့သည်ဟု ဆိုလာကြသည်။ ရှီကျင့်ဖျင် ကို အသားပေး မြှောက်စား လွန်းသူများ အဖို့က ၎င်းတို့၏ အလွန်အကျွံ ချီးမွမ်းခန်း ဖွင့်ထားမှုကြောင့် ရှီကျင့်ဖျင်သည် မည်သို့မျှ အမှားတစုံတရာ ကျူးလွန်နိုင်သူ တယောက် မဟုတ်ဆိုသော အနေအထား ရောက်နေခဲ့ရသည်။

 

 

လက်ရှိ ၎င်းတို့၏ အုပ်ချုပ်ရေး စနစ်သည်သာ ဗိုင်းရပ်စ်ပိုးကို ထိမ်းချုပ်နိုင်ရန် အသင့်တော်ဆုံး ဖြစ်သည်ဟု ကြွေးကျော်လာကြသည်နှင့်အမျှ အဆိုပါ သပွတ်အူ လိုက်နေသော ပြောဆိုချက်နှစ်ခု၏ ကွဲပြားနေမှုများကို မြင်သာလာခဲ့ရသည်။ ဇန်နဝါရီ ၂၈ ရက်နေ့တွင် တရုတ် ခေါင်းဆောင်များသည် ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ် အကြီးအကဲ တီဒရိုစ် အက်ဟာနွန် ဂီဘရီရီးဆပ်စ် အား လက်ခံ တွေ့ဆုံပြီး ဒီတကြိမ်တွင် ရဲဘော်ကြီး ရှီကျင့်ဖျင်အား အမာခံထားပြီး ဆိုရှယ်လစ် စနစ်၏ ခိုင်မာသော အားသာချက်များနှင့် အတူ SARS  ရောဂါ ဖြစ်စဉ်က အတွေ့အကြုံများ အပေါ်မူတည်ပြီး ပါတီ ဗဟိုကော်မတီ ခေါင်းဆောင်ပိုင်း တခုလုံးက အခိုင်အမာ တိုက်ဖျက်သွားရန် သံဓိဠာန် ချထားသည်ဟု အာမခံ ခဲ့ကြသည်။ ၂၀၀၃ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော SARS ရောဂါပိုးအား ကနဦးတွင် ဖုံးဖိထားခဲ့ခြင်းကြောင့် မသေသင့်ပဲ အများအပြား သေဆုံးခဲ့ရသည်ဟု ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ် က ဦးဆောင် အပြစ်တင်ခဲ့သည်။

 

 

တရုတ်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် မကောင်းသည့် အရာအားလုံး သည် ရှီကျင့်ဖျင်အား ထိခိုက်မည်ဟု ယူဆခြင်းသည် အလွယ်တွေးရာ ကျပေသည်။ တရုတ် ဆရာဝန်များ၊ သူနာပြုများ၏ ရဲရင့် ပြောင်မြောက်စွာ ကုသမှုပေးနေခြင်းများ၊ တရုတ်နိုင်ငံသားတို့၏ စည်းကမ်းတကျ နေထိုင်မှုများနှင့် အစနှေးကွေးခဲ့သော်လည်း နောက်ပိုင်း တရုတ် ခေါင်းဆောင်ပိုင်း၏ ဖြေရှင်းနေမှုများကို တကမ္ဘာလုံးက ချီးကြူးဂုဏ်ပြုခဲ့ကြသဖြင့် ရောဂါပိုး ပျံ့နှံ့မှုသည် အလျင်အမြန် အဆုံးသတ်သွားဖွယ်ရှိသည်။ ထိုသို့မဟုတ်က တရားခံရှာပြီး အပြစ်ပေးမှုများ ထွက်ပေါ်လာနိုင်သည်။ ရှီကျင့်ဖျင်၏ ဩဇာအာဏာကိုလည်း လှုပ်ခပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ရှိနိုင်မည် ဆိုကလည်း ဖိနှိပ် ခြင်းများ၊ ဝါဒရေးရာ စည်းမျဉ်းစည်းကမ်းများ၊ အမျိုးသားရေး ဝါဒဖြန့်ချီမှုများနှင့် ပျောက်ကွယ်သွားအောင် လုပ်နိုင်ပေသည်။ သို့သော် ပါတီ ၏ အုပ်ချုပ်မှု တရားဝင် ဖြစ်အောင် ပြောဆိုနေမှုများသည် ကတော့ ပုန်းကွယ်ထားသော တင်းမာမှုများကို အရေခွံ လှန်ပြလိုက်သလို ဖြစ်လာနိုင်ပေသည်။

 

 

ရှီကျင့်ဖျင် ၏ တရုတ်ပြည်သည် အကြောင်းနှစ်ခု တပြိုင်တည်းလို ဖြစ်ပေါ်နေသည်။ ဤသည်တို့က လျို့ဝှက် တတ်သော ပညာရှင်များ အာဏာရှင်များ ၏ တပါတီ အုပ်ချုပ်ရေး စနစ်ဖြင့် ဆံပင် များ ဆွတ်ဆွတ်ဖြူနေကြပြီ ဖြစ်သည့် အဖိုးကြီးများသည် မည်သို့မျှ တာဝန်ခံခြင်း မရှိသည့် ကောင်စီများ၊ လျို့ဝှက် ကော်မတီများ ဖြင့် အုပ်ချုပ်နေမှု၊ အသိပညာ အကျင့်သီလ အရာတွင် သူမတူ အောင် ပြီးပြည့်စုံသည့် အိမ်ထောင်ဦးစီးတဦးက မိသားစုအား ၂၁ ရာစု၏ ကောင်းကင်ဘုံမှ ပေးအပ်သော လုပ်ပိုင်ခွင့်ဖြင့် အုပ်ချုပ်နေမှု အစရှိသည့် အကြောင်းအရာ နှစ်ရပ်ပင် ဖြစ်သည်။ အဆိုပါ နှစ်ခု တွင် တခုကို မဖြစ်မနေ ရွေးချယ်ခိုင်းမည်ဆိုက လွန်စွာ သွေးအေးသော ဗျူရိုကရက်များ အနိုင်ရဖို့ ရှိနေသည်။

 

 

ရှီကျင့်ဖျင် နှင့် သူ၏ အဖွဲ့သည် ချာနိုဘိုင်း နျူကလီယား ဓါတ်ပေါင်းဖိုကြီး ပေါက်ကွဲပြီး ငါးနှစ်အကြာ ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့ရသည့် သင်ခန်းစာများကို ရယူနိုင်ပြီး လောက်ပြီ ဖြစ်သည်။ ရှီကျင့်ဖျင် အတွက် ‘ပြည်သူများ၏ ချစ်မြတ်နိုးမှု’ ခံနေရသည်ဟူသော ပြောဆိုချက်များက အဆင်ပြေ နေသော်လည်း တကယ်တမ်းတွင် အာဏာကို လက်ဝယ်ထားရှိနိုင်ရေးသာ  အရေးပါနေပေသည်။

 

ရည်ညွှန်း။  ။ ‘Xi Jinping wants to be both feared and loved by China’s people’ from The Economist (Jan 30th 2020)