ကိုရီယား စစ်ပွဲ အပြီးတွင် အာရှသည် ပဋိပက္ခ များစွာနှင့် ထပ်မံ ကြုံတွေ့လာခဲ့ရပြန်သည်။ ထိုအထဲတွင် အရှည်ကြာဆုံး နှင့် ထိခိုက် သေဆုံးမှု များစွာ ဖြစ်ခဲ့ရသည်က ဗီယက်နမ် စစ်ပွဲပင် ဖြစ်သည်။
ဗီယက်နမ်သည် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့သည်။ စစ်ကြီး ဖြစ်လာသည့် အခါတွင်တော့ ဂျပန်တို့၏ ဝင်ရောက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ဂျပန် တို့ အရေးနိမ့်သွားပြီးနောက်တွင် ပြင်သစ် တို့မှ ကိုလိုနီ နိုင်ငံ အဖြစ် ပြန်လည် ထားရှိရန် ဝင်ရောက်လာခဲ့ကြသည်။
ဤသို့ဖြင့် ဗီယက်နမ် ပြည်သူတို့၏ လွတ်မြောက်ရေး စစ်ပွဲကြီး စတင်လာခဲ့တော့သည်။ နောက်ဆုံးတွင် ဟိုချီမင်း ဦးဆောင် သော ဗီယက်မင်း ခေါ် ဗီယက်နမ် အမျိုးသားရေး လှုပ်ရှားမှု အဖွဲ့က အောင်ပွဲခံနိုင်ခဲ့သည်။
၁၉၅၄ တွင် ပြင်သစ်တို့ ဒိန်ဗင်ဖူး ခံတပ်ကြီးတွင် မရှုမလှ အရေးနိမ့်သွားခဲ့ပြီးနောက်တွင် ဂျီနီဗာ တွင် ငြိမ်းချမ်းရေး ကွန်ဖရင့် ကြီး ခေါ်ယူခဲ့သည်။ သို့ သော် ထိုညီလာခံကြီးတွင် ဗီယက်နမ် တို့၏ အရေးသည် ရှေ့တန်း ရောက်မလာပဲ စစ်အေးတိုက်ပွဲကြီး၏ အရိပ်အငွေ့များ လွှမ်းခြုံ ခြင်း ခံခဲ့ရသည်။ ဤသို့ဖြင့် နိုင်ငံအား ကွန်မြူနစ် တို့ ထိန်းချုပ်ထားမည့် မြောက်ပိုင်းနှင့် ကွန်မြူနစ် မဟုတ်သည့် တောင်ပိုင်းဟူ၍ နှစ်ခြမ်း ခွဲလိုက်ကြသည်။
အမေရိကန် သည် တောင်ဗီယက်နမ်အား ကွန်မြူနစ် တို့ လွှမ်းမိုး မခံရရေး အတွက် သေရေးရှင်ရေး အဖြစ် သဘောထားလာခဲ့သည်။ အကယ်၍ တနိုင်ငံလုံးအား ကွန်မြူနစ် တို့ အုပ်စီးမိသွားက အရှေ့တောင် အာရှ ရှိ နိုင်ငံများသည် တနိုင်ငံပြီး တနိုင်ငံ ဒိုမီနို အချပ်များလို လဲပြိုကာ ကွန်မြူနစ် လက်အောက်သို့ ရောက်ရှိသွားလိမ့်မည်ဟု စိုးရိမ်နေသောကြောင့် ဖြစ်သည်။
၁၉၆၀ ကျော် ကာလများ၏ အစောပိုင်း နှစ်များ တွင် တောင်ပိုင်းတွင် စတင်ခဲ့သော စစ်ပွဲသည် ကနဦးတွင် ပြည်တွင်းစစ် အသွင် ဆောင်ခဲ့သည်။ အမေရိကန် ထောက်ခံနေသည့် တောင်ဗီယက်နမ် အစိုးရ တပ်များ နှင့် မြောက်ဗီယက်နမ်၊ ဆိုဗီယက် နှင့် တရုတ် တို့ ပံ့ပိုးပေးထားသည့် ဗီယက်ကောင်း ခေါ် ကွန်မြူနစ် ပျောက်ကျား များ အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။
ဗီယက်ကောင်းများ နှင့် အတူ မြောက်ဗီယက်နမ် တပ်များ နောက်ပိုင်းတွင် ပါဝင်လာခဲ့ပြီး၊ ယင်းကိုလည်း ဆိုဗီယက်နှင့် တရုတ်တို့က ဆက်၍ ပံ့ပိုးပေးခဲ့သည်။
အမေရိကန်မှ တောင်ဗီယက်နမ်အား စီးပွားရေး နှင့် စစ်ရေး အကူအညီများ အလုံးအရင်း နှင့် ပုံအော်ပေးခြင်း မျိုး နှင့် ပါဝင် ပတ်သက်လာခဲ့သည်။ ပထမပိုင်းတွင် စစ်အကြံပေးများသာ စေလွှတ်ခဲ့ရာမှ နောက်ပိုင်းတွင် အမေရိကန် တပ်များ ပါဝင် တိုက်ခိုက်လာခဲ့ရာ နောက်ပိုင်းတွင် အင်အား ၅၅၀,၀၀၀ အထိ ရှိလာခဲ့သည်။
အမေရိကန် သည် မြောက်ဗီယက်နမ် နိုင်ငံထဲရှိ ပစ်မှတ်များ နှင့် အိမ်နီးချင်း နိုင်ငံများ နှင့် ဆက်သွယ် ထားသည့် လမ်း ကြောင်းများ ကိုလည်း လေကြောင်းမှ တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုလမ်းကြောင်းများကို သုံး၍ တောင်ဗီယက်နမ်ထဲရှိ ဗီယက်ကောင်းများအား လက်နက် ရိက္ခာများ ထောက်ပံ့ပေးနေသော ကြောင့် ဖြစ်သည်။
လူသားများ အသက်ဆုံးရှူံးခဲ့ရမှု များ၊ စီးပွားရေး အရ ထိခိုက် ဆုံးရှူံးခဲ့ရမှု များ၊ အတင်းအကျပ် စစ်မှု ထမ်းခိုင်းခဲ့မှု၊ တောင်ဗီယက်နမ် အစိုးရမှ အာဏာရှင် ဆန်ဆန် အကျင့်ပျက် ခြစား နေသည့် အုပ်ချုပ်မှု နှင့် အနိုင်ရမည့် အလားအလာများ နည်းပါးလာမှု များ ကြောင့် အမေရိကန် ပြည်တွင်း တွင် ဗီယက်နမ် စစ်ကို တနေ့ထက် တနေ့ မနှစ်မြို့ ဖြစ်လာနေ သည်၊ ဤသို့ဖြင့် တနိုင်ငံလုံးတွင် ဗီယက်နမ် စစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့သည်။ ထိုခေတ်က မျိုးဆက်များ က ၎င်းတို့ အနာဂတ် ကို အဆုံးအဖြတ်ပေးလာမည့် ပြဿနာကြီး အဖြစ် ယူဆ လာခဲ့သည်။
ထိုသို့ အနေအထားများ ပြည်တွင်း တွင် ဖြစ်ပေါ်လာ နေသော်လည်း အမေရိကန် အစိုးရသည် ကမ္ဘောဒီယား ကိုပါ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ပွဲ ကို တိုးချဲ့လာခဲ့ခြင်းကြောင့် အမေရိကန် နိုင်ငံသား သိန်းချီ၍ ဝါရှင်တန်သို့ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။ ကင့် ပြည်နယ် တက္ကသိုလ် ဝင်း အတွင်း ဆန္ဒပြပွဲကို နှိမ်နှင်းခဲ့ရာ မှ ကျောင်းသား လေးဦး သေဆုံးသွားခဲ့သည်။
ထိုသို့ လူထု ၏ ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြမှုများ ကြောင့် သမ္မတ နစ်ဆင် ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟင်နရီ ကစ်ဆင်ဂျာသည် သံတမန်ရေး အရ ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ပြီး မြောက်ဗီယက်နမ် သံတမန် များ နှင့် တွေ့ဆုံပြီး စစ်ပွဲကို အဆုံး သတ် နိုင်ရေး အတွက် ဆွေးနွေးလာခဲ့သည်။
ဤသို့ဖြင့် ၁၉၇၃ တွင် ပဲရစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထိုသဘောတူညီချက်သည် စစ်ပွဲ ကို အဆုံးမသတ် နိုင်ခဲ့သော်လည်း အမေရိကန် တို့ အတွက် အရှက်တကွဲ မဖြစ်စေပဲ စစ်ပွဲ မှ ရုန်းထွက်နိုင်ရန် ဖန်တီးပေးနိုင်ခဲ့သည်။
၁၉၇၅ တွင် အမေရိကန် ကွန်ဂရက်မှ တောင်ဗီယက်နမ်သို့ ပေးနေသည့် အကူအညီများ ဖြတ်တောက် လိုက်သည်နှင့် အစိုးရ ပြိုလဲသွားခဲ့ပြီး တောင်နှင့် မြောက်သည် အရက်စက်ဆုံး နည်းလမ်းများ နှင့် အလျှင်အမြန် ပေါင်းစည်း နိုင်ခဲ့၍ တနိုင်ငံလုံးသည် ကွန်မြူနစ် အစိုးရ လက်အောက် ရောက်ရှိသွားခဲ့သည်။
ကိုရီယား မှာ ကဲ့ပင် မည်သို့သော စံနှုန်းဖြင့် တိုင်းတာသည် ဖြစ်စေ ထိခိုက် သေကြေ ပျက်စီးခဲ့မှု များသည် ကြောက်ခမန်းလိလိ ပင် ဖြစ်သည်။ အမေရိကန် စစ်သား ငါးသောင်းရှစ်ထောင် ခန့် ကျဆုံးခဲ့ရပြီး ဗီယက်နမ် ဖက်မှ လက်နက်ကိုင်များ နှင့် အတူ အရပ်သား စုစုပေါင်း တသန်းကျော် သေဆုံးသွားခဲ့သည်။
စီးပွားရေး အရ ဆုံးရှုံးခဲ့ရမှုသည် တွက်ချက်၍ မဖြစ်နိုင်လောက်အောင် များပြားလှပေသည်။ လက်ရှိ ဒေါ်လာ ဈေး နှင့် ဆိုက တစ်တြီလီယံ အထိ ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
ဆန်းကြယ်လှသော ကံကြမ္မာ လှည့်ကွက်တခု အဖြစ် နောက်ပိုင်း ဆယ်နှစ်ကျော်ကျော် ခန့်တွင် အမေရိကန် ပြည်ထောင်စု နှင့် ကွန်မြူနစ် တို့ အုပ်ချုပ်နေသည့် ဗီယက်နမ် အကြား ဆက်ဆံရေး သည် ပို၍ နီးနီးကပ်ကပ် ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်လာရသည် မှာလည်း ဗီယက်နမ်သည် ဈေးကွက် စီးပွားရေး ကို ပြောင်းလဲ ကျင့်သုံးလာခြင်း နှင့် တရုတ်၏ ရည်မှန်းချက် များ အပေါ် အမေရိကန် ကဲ့သို့ စိုးရိမ်မကင်း ဖြစ်လာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။