ခြောက်လအတွင်း မကြုံစဖူးလောက်သည့် နှုန်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် အမေရိကန် ဗုံးကြဲလေယာဉ်များသည် မြောက်ဗီယက်နမ်ရှိ ဟနွိုင် အောက်ပိုင်း ပြည်နယ်များရှိ မြို့ပြလူနေမှု ဘဝကို လုံးဝဖျက်ဆီးပြစ်နိုင်ခဲ့ကြသည်၊ အဆိုပါ မြို့များသည် ကျေးရွာသာသာ အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။ ဖျက်ဆီး၍ မရနိုင်သည့် ဝါးတဲများသာ ပြန်လည် ဆောက်လုပ်ခဲ့ကြသည်၊
မြောက်ဗီယက်နမ် ကလေးများသည် ကျောင်းတက်လျင်ပင် အကာအကွယ်အဖြစ် သစ်ရွက်စိမ်းရောင် အင်္ကျီများကို မဖြစ်မနေဝတ်ဆင်ထားရန် အမိန့်ထုတ်ထားခဲ့ပြီး တမိုင်ခန့်ဝေးသော ကျောင်းသို့ လမ်းလျှောက်တက်ခဲ့ကြရသည်။
ဗုံးကြဲခံထားရသော တံတားများကိုလည်း ရေအောက်နိမ့်ပြီး သစ်သားတံတားများဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသည်၊ နေ့အချိန်တွင် ရေအောက်သို့ တလက်မခန့် ဝန်ချီကြိုးများ ဖြင့် နိမ့်ချထားခဲ့ကြပြီး ညအချိန်မှသာ ယာဉ်တန်းများ ဖြတ်နိုင်ရန် အပေါ်ကို ဆွဲတင်ခဲ့ကြသည်၊ ပွန်တွန် တံတား ၏ တခြမ်းစီကို မြစ်ကမ်းပါး တဖက်တချက်တွင် သိမ်းဆည်းထားပြီး မှောင်စပျိုးချိန်တွင် ရေထဲချကာ ပြန်ဆက်ခဲ့ကြသည်။
တံတားများ၊ လမ်းများ၊ မီးရထားလမ်းများ ကို ပြုပြင် ရန် လိုအပ်သည့် နေရာတိုင်း စေလွှတ်နိုင်ရေးအတွက် အရပ်သား နှစ်သန်းခန့်ကိုလည်း အရေးပေါ်တပ်မကြီးများ အသွင် ဖွဲ့စည်းပေးထားခဲ့သည်၊ စက်မှု နှင့် လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသူများ၏ ၇၀ ရာနှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ အားလုံးက မိမိတို့ အလုပ်ကို ဂုဏ်ယူဝင့်ကြွားစွာ လုပ်ကိုင်နေကြသူများချည်းသာ ဖြစ်သည်၊ ကျေးရွာ ပြည်သူ့စစ် အဖွဲ့များတွင် တဝက်ကျော်ကျော်သည်လည်း အမျိုးသမီးများ ဖြစ်နေကြပြန်သည်။ အားလုံးက ရိုင်ဖယ်များ၊ လက်ပြစ်ဗုံးများ၊ စက်သေနတ်များကို ကောင်းစွာ ကိုင်တွယ် အသုံးပြုနိုင်သူများ ဖြစ်သည်။
မြို့ကြီးများ၏ ကာကွယ်ရေးအတွက်က ရိုးရှင်းပြီး ထိရောက်သည့် နည်းကို သုံးခဲ့သဖြင့် အသေအပျောက် နှုန်းကို သိသိသာသာ လျော့ချနိုင်ခဲ့သည်၊ လူတယောက် ကောင်းစွာ ဝင်နိုင်သည့် ဆလင်ဒါ ပုံ ကွန်ကရိတုံးကြီးများကို လမ်းများပေါ်တွင် ပေအနည်းငယ် အကွာ လိုက်ချထားပေးခဲ့သည်။
ဟနွိုင်ရှိ လူဦးရေ တသန်းနီးပါး အတွက် တဦးစီလျှင် သုံးတုံးနှုန်း ရှိနေသည်၊ တလုံးက အိမ်နှင့် နီးရာတွင် ရှိပြီး၊ တလုံးက အလုပ်နှင့် နီးရာတွင် ရှိသည်၊ ကျန်တလုံးက အလုပ် နှင့် အိမ်သို့ သွားရာ လမ်းပေါ်တွင် ရှိသည်၊ တခုစီတွင် ထူထဲသော ကွန်ကရိ ကျောက်ပြား အဖုံးများ ရှိပြီး လူဝင်ပြီးသည်နှင့် ဆွဲယူ ကာ အပေါ်မှ ဖုံးလိုက်ယုံသာ ဖြစ်သည်။ လူများသည်လည်း အချက်ပေး ဥဩသံ ကြားသည်နှင့် အဆိုပါ ဗုံးခို အတုံးကြီးများထဲ စနစ်တကျ ဝင်ရောက်သွားကြသည်၊ ထိတ်လန့်တကြား ပြေးလွှားနေသူများ မတွေ့ခဲ့ရ။
အထူးခြားဆုံးသည်က ဗင်လင်း ဟု ခေါ်သည့် ရွာကြီးပင် ဖြစ်သည်၊ ထိုရွာသည် စစ်မဲ့ဇုံအနီးတွင် ရှိပြီး ယခင် ရွာဟောင်းနေရာ အောက် ပေသုံးဆယ် တွင် လှိုဏ် ခေါင်းသဖွယ် တူးထားခြင်း ဖြစ်သည်။ အောက်တွင် ဥမင်သဖွယ် လမ်းများ ဖြင့် သွယ်တန်းထားပြီး ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားအောင် ဖောက်လုပ်ထားသဖြင့် လူပေါင်း ၇၀,၀၀၀ ခန့် ကောင်းစွာ နေနိုင်ပေသည်။ နှစ်ပေါင်းများစွာ လူများသည် ညအချိန် လှိုဏ်ခေါင်း အတွင်းမှ ထွက်လာကြပြီး လယ်မြေများကို စိုက်ပျိုးခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းများကို ပြင်ဆင်ခြင်းများ ပြုလုပ်ကြပြိး နေ့အလင်းရောင် သန်းလာသည်နှင့် အလျိုလျို လှိုဏ်ခေါင်း အောက် ပြန်ဝင်သွားကြသည်။ အမေရိကန် အမှတ် (၇) ရေတပ်မကြီးမှ မရပ်မနား ဗုံးကြဲတိုက်ခိုက်လျက် ရှိနေသောကြောင့်လည်း ဖြစ်သည်။
မြေကြီးအောက်တွင်ပင် ကလေးများ မွေးဖွားခဲ့ကြရပြီး နေ့အလင်းရောင် ရရန် နက်ရှိုင်းစွာ တူးထားသော ရေတွင်း များ ထဲတွင် ပုခက်များနှင့် သွားရောက်ချိတ်ထားကြရသည်၊ တနေ့ကို မိနစ်အနည်းငယ်သာ နေရောင် ပြနိုင်ခဲ့ကြသည်။ မိသားစုများအားလုံး လှိုဏ်ခေါင်းများထဲတွင် ကင်းဗတ်စများ မြေကြီးပေါ်ခင်းကာ ရသမျှ နှင့် အကာအရံလုပ်ပြီး အိမ်လုပ်နေထိုင်ကြရသည်၊ ကံကောင်းပါက ဝါးထရံ၊ သွတ်ပြားများ ရတတ်သည်၊ တရုတ်ပြည်လုပ် ရေနံဆီ မီးအိမ်များ၏ အလင်းရောင် အဖြစ် မှုန်ပြပြက ထွက်သော အနွေးဓါတ်သာ ရှိပေသည်။ အပိုင်းများ ခွဲခြားထားပြန်ပြီး အပိုင်းတပိုင်းစီအတွက် ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ကလေးထိန်းဌာနများ နှင့် အပန်းဖြေစခန်းများ ဖွင့်လှစ်ပေးထားသည်။
ပေါ်လစ်ဗြူရို အဖွဲ့ဝင်များ၏ လစာသည် စက်ရုံ အလုပ်ရုံများ နှင့် အစိုးရရုံးများ ရှိ ဝန်ထမ်းများ နှင့် လစာ အတူတူပင် ဖြစ်သည်။ လစာသည် ထိုစဉ်က အမေရိကန် ဆယ်ဒေါ်လာ နှင့် ညီမျှသည့် ငွေပမာဏ ပင် ဖြစ်သည်၊ အဓိကကျသော စက်ရုံများကို နေရာ ငါးဆယ် လောက်တွင် အပိုင်းများ ခွဲ၍ တည်ဆောက်ထားသည်၊ ထို့အတွက် မည်သည့် စက်မှု လုပ်ငန်းမှ ကြီးကြီးကျယ်ကျယ် ထိခိုက်သွားခဲ့ရမှုမျိုး မရှိခဲ့ပေ၊ စက်မှုကုန်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အလုပ်သမား ကိုးဆယ်ရာနှုန်းကို ထိုနည်းဖြင့် နေရာပြောင်းရွှေ့လုပ်ကိုင်စေခဲ့သည်၊
ထိုသို့သော အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်များကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ဟနွိုင်းတွင် ကောင်စစ်ဝန် ရုံးများ ရှိနေကြသည့် ဗြိတိသျှ၊ ပြင်သစ် အပါအဝင် သံတမန် များ နှင့် စာနယ်ဇင်းများက အမေရိကန်တို့၏ ဗုံးကြဲတိုက်ခိုက်မှု သည် အချည်းနှီးသာ ဖြစ်သည်ဟု တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။ မြောက်ဗီယက်နမ်တို့၏ စိတ်ဓါတ်ကို ရိုက်ချိုးနိုင်ခဲ့ခြင်း မရှိသည့်အပြင် စစ်စွမ်းရည်ကိုလည်း ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိခဲ့ကြဟု ဆိုသည်။
ကမ္ဘာအင်အားကြီး နိုင်ငံကြီးမှ တပတ်လျှင် အပြစ်မဲ့ ပြည်သူ တထောင်ခန့်အား သေကြေ ဒဏ်ရာရအောင် ပြုလုပ်ပြီး နိုင်ငံငယ်လေးတနိုင်ငံအား ဒူးထောက် အညံ့ခံ လာအောင် ပြုလုပ်နေခြင်းက မြင်မကောင်းအောင် ဖြစ်လာနေသောကြောင့်လည်း ဖြစ်ပေသည်။
အပတ်စဉ် အင်္ဂါနေ့တိုင်း နေ့လည်စာ သုံးဆောင်နေစဉ်အတွင်း ဗုံးကြဲရမည့် ပြစ်မှတ်များကို အေးအေးလူလူပင် အတည်ပြုပေးခဲ့သည့် ဂျွန်ဆင်သည် သူ၏ နောက်ဆုံး အရေးပါဆုံးသော ဆုံးဖြတ်ချက်တရပ် အနေဖြင့် ၁၉၆၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ကင်းထောက်ပျံသန်းနေသော လေယာဉ်များ အတွက် ပြစ်ကူ ပေးနေသည်မှ လွဲ၍ ကျန်သည့် လေကြောင်းနှင့် ရေကြောင်းမှ မြောက်ဗီယက်နမ် အား ဗုံးကြဲတိုက်ခိုက်နေခြင်း အားလုံးကို ချက်ခြင်းလက်ငင်း ရပ်စဲရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။
ဂျွန်ဆင်မှ ဗုံးကြဲနေခြင်းကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ချိန်တွင် အကြိမ်ပေါင်း ၃၅၀,၀၀၀ ခန့် လေယာဉ်များ ပျံသန်းခဲ့ပြီး ဗုံးတန်ချိန် ၆၅၅,၀၀၀ ကို မြောက်ဗီယက်နမ် အပေါ် ကြဲချခဲ့ကြပြီး ဖြစ်သည်။ အမေရိကန် လေယာဉ် စုစုပေါင်း ၉၁၈ စင်း ဆုံးရှုံးသွားခဲ့ပြီး လေယာဉ်အမှုထမ်း ၈၁၈ ယောက် ကျဆုံးသွားခဲ့ရသည်။
(ဗီယက်နမ်တွင် ကနေဒါ CBS ရုပ်မြင်သံကြား သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ သတင်းယူခဲ့သော Michael Maclear မှ ၁၉၈၁ ခုနှစ် တွင် ရေးသားခဲ့သော The Ten Thousand Day War (ရက်တသောင်းကြာ စစ်ပွဲကြီး) စာအုပ်မှ ကောက်နှုတ် တင်ပြသည်။)