သုံးနှစ် ကြာ နွေဦးတော်လှန်‌ရေး - ခုခံ-တွန်းလှန်-ညှိနှိုင်း-ပေါင်းစည်း-ပြုပြင်-တည်ဆောက်

by Hla Soewai - Feb 09 2024

Eurasia Review စာစောင်ပါ Nicholas Kong ၏ ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။

 

 သမိုင်း ပညာရှင်များ အဖို့က ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့အား မြန်မာ့သမိုင်း၏ နောက်ထပ် အမှောင်မိုက်ဆုံး နေ့တနေ့ အဖြစ် သတ်မှတ်ကြမည်သာ ဖြစ်သည်။ နိုင်ငံ၏ မုန်တိုင်းထန်ခဲ့သော အတိတ်သမိုင်း တလျှောက် သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်း တည်ဆောက်နိုင်ခဲ့သည်ကို အထင်အရှား တွေ့ရမည် ဖြစ်သည်။ အေဒီ ၈၄၉-၁၂၉၇ ပုဂံခေတ်၊ ၁၅၁၀ မှ ၁၇၅၂ အထိ တောင်ငူ ခေတ်၊ ၁၇၅၂ မှ ၁၈၈၅ အထိ ကုန်းဘောင်ခေတ် ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် တော့ လွတ်လပ်ရေး ရပြီး ၁၉၄၈ နောက်ပိုင်း ကာလများ ဖြစ်သည်။ နိုင်ငံအား စတုတ္ထအကြိမ် ပြန်လည် တည်ဆောက်သည့် ကာလသည် ပြည်တွင်းစစ်ကြီး နှင့် စတင်ခဲ့ပြီး စစ်အာဏာရှင် စနစ် ဖြင့် ဆုံးခမ်းတိုင်သွားခဲ့ရသည်။ ထို့နောက်တွင်တော့ နိုင်ငံ အတွင်း ပဋိပက္ခများ၊ ကွဲပြားမှုများ နှင့် သံသရာ လည်လာခဲ့သည်။

 

 ဤသို့ဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင်တော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် စစ်တပ်သည် အာဏာ နှင့် လောဘစိတ် မွှန်ထူပြီး မှားယွင်းစွာ တွက်ချက်ကာ တွက်ချက် လုပ်ကိုင်ခဲ့မှု ကြောင့် ၎င်းတို့ ကံကြမ္မာ ကိုယ် ၎င်းတို့ ဖာသာ အဆုံးအဖြတ် ပေးခဲ့ယုံမျှမက အတောင်ပေါက်စ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည်လည်း ရပ်ဆိုင်းသွားခဲ့ရပေတော့သည်။

 

 သို့သော် ၎င်းတို့၏ ဖေဖေါ်ဝါရီ အာဏာသိမ်းပွဲသည် အဆိုးထဲက အကောင်းဆိုသလို တိုင်းရင်းသား ပြည်သူများ အတွက် ၎င်းတို့ အပေါ် ကာလကြာမြင့်စွာ ဒုက္ခပေးလာသည့် ပဋိပက္ခများ ၏ ရေသောက်မြစ် ဖြစ်သည့် စစ်အာဏာရှင် စနစ်ကို အမြစ်မှ နေ ဖယ်ရှားနိုင်မည့် အခွင့်အလန်းကြီး ထွက်ပေါ်လာခဲ့သည်၊။ လက်ရှိ ကာလ အား တိုင်းရင်းသား ပြည်သူများ ညီတူမျှတူ ပါဝင်နိုင်မည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာမည့် ပဥ္စမ မြန်မာ နိုင်ငံတော် ကြီး တည်ဆောက်နေချိန်ဟု ဆို၍ ရပေသည်။

 

 အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြမှု၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (စီဒီအမ်) များ နှင့် အတူ နွေဦး တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်။ ပြည်သူ ကိုယ်စားလှယ်များ အား မဲမဲမြင်ရာ ဖမ်းဆီးလာခဲ့သဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းလာခဲ့သည်။ ထိုနှစ် မတ် လ ၈ ရက်နေ့တွင် CRPH၊ အကျိုးတူ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းကာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကို ဖွဲ့စည်း နိုင်ခဲ့ပြန်သည်။ ထိုမှတဆင့် အားလုံး သဘောတူညီချက်ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း FCC ကို ရေးဆွဲ အတည်ပြုနိုင်ခဲ့သည်။

 

 ဧပြီ ၁၆ ရက်နေ့တွင် FCC ပါ လမ်းညွှန်ချက်များ နှင့် အညီ ကြားကာလ အစိုးရ အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ ပေါ်ထွက်လာခဲ့သည်။ မေလ ၅ ရက်နေ့တွင်တော့ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဦးဆောင်မှု ဖြင့် ပြည့်သူ့ကာကွယ်ရေး တပ် ကို စတင် ဖွဲ့စည်း နိုင်ခဲ့သည်။ စက်တင်ဘာ ၇ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ကြီး ဒူးဝါ လရှီးလ မှ နိုင်ငံ အနှံ့ ပြည်သူတို့၏ ခုခံတွန်းလှန်စစ် စတင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။

 

 နွေဦးတော်လှန်ရေးသည် ယခင့် ယခင် က ဖြစ်ပေါ်ခဲ့သော ကွန်မြူနစ်များ နှင့် တိုင်းရင်းသား အသီးသီး၏ ပုန်ကန် မှုများ၊ သမိုင်းတွင်ခဲ့သည့် ၈၈၈၈ အရေးတော်ပုံကြီး နှင့် မတူ တမူကွဲပြားစွာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ယခုအခါ တွင် စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး နှင့် လူတဦးချင်းစီ၏ မိမိ နှစ်သက်ရာ အသက်မွေးခွင့် ကို အာမခံ နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မူ အား တည်ဆောက်သွား နိုင်ရေး ရည်မှန်းချက်ဖြင့် ဗမာ လူများစု အပါအဝင် တိုင်းရင်းသား ပေါင်းစုံ လက်တွဲ ပေါင်းစည်းလာသည့် တော်လှန်ရေးကြီး ဖြစ်လာသော ကြောင့်ပင်။

 

 မြန်မာ ပြည်သူတရပ်လုံး၏ ထောက်ခံမှု နှင့် အတူ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ မဟာမိတ်ပြုလာခြင်းဖြင့် သမိုင်းတလျှောက် မကြုံဖူးသည့် သွေးစည်း ညီညွတ်ရေး မျိုးဖြင့် ဘုံရန်သူကို ဆန့်ကျင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ ကို တွန်းလှန်ဆန့်ကျင်‌ခြင်းသည် အရေးပါသလို မြန်မာ ပြည်သူ များ အတွက် အန္တိမ ဖြေရှင်းချက် ကို ရရှိဖို့က ခရီးရှည်ကြီး ဆက်ရဦးမည်သာ ဖြစ်သည်။ မိမိတို့ အကြား ကွဲလွဲမှု များ အား ရင်ကြားစေ့‌ရေး၊ တိုင်းရင်းသား လူမျိုးစု များ ပြန်လည် ပေါင်းစည်းရေး နှင့် ဖွဲ့စည်းပုံ အသစ် ပါဝင်သည့် ပြည်ထောင်စု အသစ် ပြန်လည် ဖေါ်ဆောင်ရေး၊ စစ်ဒဏ်ခံရသည့် နိုင်ငံ ပြန်လည် တည်ဆောက်ရေး၊ ငြိမ်းချမ်း ဖွံ့ဖြိုး ကြွယ်ဝလာအောင် စီမံရမည့် အရေး များ ပါဝင်နေ၍ ဖြစ်သည်။

 

 ညီနောင် မဟာမိတ် အဖွဲ့၏ ၁၀၂၇ စစ်ဆင်‌ရေး စတင်ခဲ့မှု နှင့် ဒီမိုကရေစီ အင်အားစုများ အတူ တွဲ၍ တိုက်ပွဲ ဝင်လာခဲ့ခြင်း များ ကြောင့် တော်လှန်ရေးသည် အရှိန်ရလာခဲ့ပြီ ဖြစ်သည်။

 

 ၂၀၂၄ သည် မြန်မာ့ နိုင်ငံ‌ရေး မျက်နှာစာ ကို အပြောင်းအလဲ ဖြစ်စေမည့် ပွဲ ဖြစ်လာပြီဟု လေ့လာသူ အများအပြားက ခန့်မှန်းထားကြသည်။ သို့သော် တော်လှန်ရေး အဖွဲ့များ အနေဖြင့် စစ်ကောင်စီ၏ စွမ်းဆောင်ရည် ညံ့ဖျင်းနေမှု နှင့် အားနည်းမှုများကို အသေအချာ ချိန်ဆ တွက်ချက် လုပ်ကိုင်နိုင်မှ သာ ထိုသို့ ခန့်မှန်းသည့် အတိုင်း ဖြစ်လာပေလိမ့်မည်။ ထို့အပြင် မိမိတို့ ၏ ညီညွတ်ရေးကို သွေးခွဲ သပ်လျိူ မည့် လမ်းလွှဲအောင် ပြည်တွင်း ပြည်ပ မှ ဆင်လာသော နိုင်ငံရေး အခက်အခဲများကိုလည်း ရှောင်ရှားနိုင်မှ ဖြစ်ပေမည်။ တော်လှန်‌‌ရေး တွင် စစ်ရေး နည်းလမ်းသာမက နိုင်ငံရေး၊ သံတမန်ရေး နှင့် စီးပွားရေး အရလည်း လုံးပမ်းရမည်ကို သတိချပ်ဖို့ လိုပေသည်။

 

 တော်လှန်ရေး အရှိန် မြှင့်လာသည်နှင့် အမျှ မင်းအောင်လှိုင်၏ ထွက်ပေါက် ရှာလာမည့် ဗျုဟာများ ခင်ကျင်းလာမည်ကိုလည်း အထူးသတိထားရမည် ဖြစ်သည်။ ဤနေရာတွင် ၎င်းတို့ဖက်မှ ဖြစ်ပေါ်လာနိုင်သည့် အကြောင်းခြင်းရာ လေးခု ရှိနေသည်။

(၁) စစ်တပ် လုံးဝ အရေးနိမ့်သွားသည် အထိ ကျားကုတ်ကျားခဲ ခုခံခြင်း။

(၂) မကျေမနပ် ဖြစ်လာသော အောက်ခြေ၏ ဖယ်ရှားခံရခြင်း

(၃) ကိုယ်ကျိုးကြည့် တိုင်းရင်းသား လက်နက်ကိုင်များ၊ ကြံ့ဖွတ် နှင့် အခွင့်အရေး ချောင်းနေသော နိုင်ငံရေးပါတီများ နှင့် အတူ ကြားကာလ ညွှန်ပေါင်း အစိုးရ ပုံစံမျိုး ဖွဲ့စည်းလာခြင်း။

(၄) အယောင်ဆောင် ရွေးကောက်ပွဲ လုပ်ကာ ၎င်းတို့သည် အုပ်ချုပ်ပိုင်ခွင့် ရှိသူများ အဖြစ် ထင်မြင်လာစေရန် စိတ်တူကိုယ်တူ အာဏာရှင်များ၏ အကူအညီ နှင့် ဖန်တီးလာခြင်း တို့ ဖြစ်သည်။

 

 (၂), (၃) နှင့် (၄) သည် တော်လှန်ရေးကို ထိခိုက်သွားနိုင်သည်။ အပြစ်ကျုးလွန်သူများ နှင့် စေ့ဆပ်ဆွေးနွေးရသည့် အဖြစ် ရောက်သွားနိုင်၍ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး လုပ်ငန်းစဉ်ကို ရပ်တန့် သွားမည် ဖြစ်သည်။

 

 တော်လှန်ရေး ကာလ အတွင်း မြန်မာ ပြည်သူတို့ လွန်စွာ မှ ထိခိုက်နစ်နာခဲ့ရသည်များကို ထောက်၍ ယခင် အနေအထား အတိုင်း ပြန်သွားဖို့ ဆိုသည်က မည်သို့မျှ စဉ်းစား၍ ပင် မဖြစ်နိုင်။

 

 စစ်တပ်သည် စစ်ရေး နှင့် သံတမန်ရေး အရ အရေးနိမ့်လာသည်နှင့် အမျှ စစ်တပ် နှင့် ၎င်းတို့၏ အလိုတော်ရိများနှင့် လော်ဘီ မီဒီယာများက သွေးခွဲသပ်လျိုသည့် နည်းဗျုဟာ ကျင့်သုံးကြမည်သာ ဖြစ်သည်။ ပြည်သူများ အနေဖြင့် ဘုံရန်သူ ကို မျက်ခြေ အပြတ်မခံပဲ အချင်းချင်း သွေးမကွဲသွားဖို့ အရေးကြီးပေသည်။

 

 တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ညှိနှိုင်းဆွေးနွေးမှုများကို လူသိမခံ သည့် သံခင်းတမန်ခင်း ဖြင့် ကျင့်သုံးသွားရမည်မှာ မှန်သော်လည်း ရရှိလာသည့် တိုးတက်မှု များ နှင့် ပတ်သက်၍ ကြေငြာချက် ထုတ်ပြန်ရာတွင် လူထု နှင့် နိုင်ငံတကာ၏ ယုံကြည်မှု ရရန် ပွင့်လင်းမြင်သာမှု နှင့် ထိရောက်မှု မျိုး ရှိရမည် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် မိမိတို့ အပေါ် ငဲ့ညှာသော အစိုးရများအား အနိုင်ရနိုင်သည့် မဟာဗျုဟာ နှင့် အဆုံးသတ်တွင် မည်သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို ရှင်းလင်းစွာ သဘောပေါက် အောင် ချပြနိုင်ရမည် ဖြစ်သည်။

 

 အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း မြန်မာ ပြည်အပေါ် မူဝါဒကို ပြန်လည် သုံးသပ်ရမည် ဖြစ်သည်။ ဒီမိုကရေစီ အင်အားစုများ အား ထောက်ခံရေး နှင့် လူသားချင်းဆိုင်ရာ အကူအညီများ ပေးရေး တို့တွင် အာဆီယံ မှ ကမကထ လုပ်ရန် လွှဲပြောင်းပေးနေခြင်းသည် လက်ရှိ ရရှိလာသည့် အခွင့်အလန်းများကို အလဟသ ဖြစ်အောင် လုပ်သလို ဖြစ်နေသည်။ တရုတ်သည်လည်း မြန်မာ ပြည် ပြဿနာကို ချည်းကပ် ရာတွင် ဒေသတွင်း မတည်ငြိမ် မှု ဖြစ်မည့် အန္တရာယ် နှင့် ဆက်၍ ကစားလျက် ရှိသည်။

 

 ဝါရှင်တန် နှင့် ဘီဂျင်း တို့မှ စစ်တပ်သည်သာ မတည်ငြိမ်မှု များ ဖြစ်ရာ ဖြစ်ကြောင်း ရေသောက်မြစ် ဖြစ်သည်ကို သဘောပေါက်ရမည် ဖြစ်သည်။ မြန်မာပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း သည် ယုံကြည်မှု နှင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းမှု များကို တိုက်စားပစ်သလို ဖြစ်သွားပေလိမ့်မည်။

 

 ပြည်ပမှ လေ့လာသူများ အနေဖြင့် တိုင်းရင်းသားများ အကြား ကွဲပြားနေမှုများ၊ ယခင် အရေးအခင်းများ၏ ထိလွယ်ရှလွယ် ဖြစ်ခဲ့သည်များကို ကြည့်၍ လွယ်လင့်တကူ ကောက်ချက်ချခြင်းမျိုး မလုပ်သင့်ပေ။ အပြုသဘော ဆောင်သည့် ဝေဖန်မှုမျိုးကို ကြိုဆိုရမည် ဖြစ်သော်လည်း ယင်းသည် မြန်မာသမိုင်း ၏ ရှုပ်ထွေးမှုများကို နားလည်မှု နှင့် လက်ရှိ တော်လှန်ရေး၏ အရွေ့ကို ကောင်းစွာ သဘောပေါက်ထားသည့် ဝေဖန်မှုမျိုးသာ ဖြစ်သင့်သည်။

 

 အောင်ပွဲသည် မဝေးတော့ပြီ ဖြစ်၍ ရှေ့တွင် စိုးရိမ်ဖွယ်ရာ ကောင်းသည့် စိန်ခေါ်မှုများ ရှိနေပြီ ဖြစ်သည်။ တိုင်းရင်းသားလူမျိုး များ၊ နိုင်ငံ‌ရေး အသင်းအဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ အကြား ရင်ကြားစေ့ဖို့ လိုအပ်နေသည်။ အကွဲကွဲ အပြားပြား ဖြစ်နေသော ပြည်ထောင်စုအား သမိုင်းဝင် ပင်လုံစာချုပ် ကို အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရမည် ဖြစ်သည်။ အကျင့်ပျက်နေပြီ ဖြစ်သော စစ်တပ် နှင့် ဗဟို နှင့် ဒေသန္တာရ အုပ်ချုပ်ရေး များကို ပြုပြင် ပြောင်းလဲရမည်။ တရားဥပဒေ နှင့် ငြိမ်ဝပ်ပိပြားမှု နှင့်အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံများ အားလုံး ပြန် လည် တည်ဆောက်ရမည် ဖြစ်သည်။

 

 ထိုအရေးသည် မြန်မာ ပြည်ဖွား အားလုံးတွင် တာဝန် ရှိနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!