နိုင်ငံတကာ ရေးရာ မိတ်ဆက်(30)

by Hla Soewai - Feb 02 2024

ရုရှားသည် ကရိုင်းမီယား နှင့် ရပ်မသွားပဲ ယူကရိန်း တွင် မတည်ငြိမ်မှု များ ဖြစ်အောင် ဆက်လက် ဖန်တီးလာသည်။ ရုရှား စစ်သားများသည် ၎င်းတို့အား ရုရှားမှန်း မသိအောင် ယူနီဖောင်း ချွတ်ကာ လက်နက် နှင့် ပစ္စည်းများ သယ်ဆောင်ကာ ရုရှား နှင့် နယ်စပ်ခြင်း ထိစပ်နေသော ယူကရိန်း အရှေ့ပိုင်းသို့ ဝင်ရောက်လာကြသည်။

 

ထိုဒေသတွင် ရုရှား မျိုး နွယ်စု ဝင် အတော်များများ နေထိုင်လျက် ရှိသည်။ ဤသို့ဖြင့် ယူကရိန်း တပ်များ နှင့် ရုရှားတို့ ပံ့ပိုးပေးလာသော ဒေသခံ လက်နက်ကိုင်များ အကြား တိုက်ပွဲငယ် လေးများ ဖြစ်ပွားလာခဲ့သည်။

 

သေဆုံးသူ ပေါင်း ၁၃,၀၀၀ ခန့်ထိ ရှိလာအောင် ပြင်းထန်လာသည့် အခါတွင်တော့ ပြင်သစ် နှင့် ဂျာမဏီ တို့ ဝင်ရောက်စေ့စပ် ပေးမှု ဖြင့် ၂၀၁၅ အစောပိုင်း တွင် အပစ်အခတ် ရပ်စဲရေး နှင့် နိုင်ငံရေး ဖြေရှင်းမှု များ ပါဝင်သည့် မင့်စ် သဘောတူညီချက် ကို ရုရှား နှင့် ယူကရိန်း တို့ လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ 

 

သို့သော်လည်း သဘောတူညီချက်ပါ အချက်များကို အပြည့်အဝ အကောင်အထည် ဖေါ်သည့် အဆင်သို့ ရောက်မလာခဲ့ပေ။ ချိုးဖောက်မှု များ အပေါ် တဦး နှင့် တဦး အပြစ်ဖို့ ရင်းသာ ပြီးဆုံးသွားခဲ့သည်။

 

ရုရှား မှ လူဦးရေ လေးဆယ့်ငါးသန်းသာ ရှိသော ယူကရိန်း အား ထိုသို့ ပြုမူလာခြင်းသည် ယူကရိန်း အတွက်သာ မက အားလုံး နှင့် သက်ဆိုင်လာရပေတော့သည်။ ရုရှားသည် ဒေသတွင်း စစ်အင်အားကြီး နိုင်ငံ ဖြစ်နေ၍ ၎င်းတို့ အပေါ် သဘောထား နှင့် ဆက်ဆံရေး များ တွင် ပါ ထိခိုက်လာခဲ့သည်။

 

စစ်အေး တိုက်ပွဲ နှင့် အတူ အဆုံးသတ်သွားပြီဟု လေ့လာသူ များ ယူဆထားသည့် စစ်ရေးကဏ္ဍ အားလည်း ဥရောပ အတွက် ပြန်လည် အသုံးချလာခဲ့သည်။

 

ရုရှားသည် ထိုသို့သော လုပ်ရပ်များ အတွက် နိုင်ငံရေး နှင့် စီးပွားရေး တွင် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ စီးပွားရေး အင်အားကြီး နိုင်ငံများ နှင့် ဖွဲ့စည်းထားသော G-8 အုပ်စုမှ အထုတ်ခံခဲ့ရပြီး၊ အမေရိကန် မှလည်း စီးပွားရေး ဖက်တွင် ပြင်းပြင်းထန်ထန် ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

 

သို့သော် ထိုသို့ အရေးယူ ဒဏ်ခတ်မှု များ နှင့် ၂၀၁၈ တွင် အမေရိကန်မှ ယူကရိန်းအား ခုခံစစ် အတွက် အသုံးတည့်မည့် လက်နက်များ ထောက်ပံ့လာမှုများသည် ရုရှားတို့၏ ယူကရိန်း အပေါ် ကျင့်သုံးနေသော မူဝါဒများကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။ ယူကရိန်း အပေါ် ရန်လိုမှုများသည် ပြည်တွင်း တွင် လူထု၏ ထောက်ခံမှု ကို ရလာသောကြောင့်လည်း ဖြစ်သည်။

 

ရုရှားသည် ၂၀၁၅ တွင် ဆီရီယားတွင် စစ်ရေးအရ ဝင်ရောက်စွက် ဖက်လာခဲ့သည်။ ထိုသို့ဝင်ရောက် စွက်ဖက်လာခြင်းသည် ယူကရိန်း ကဲ့သို့ မဟုတ်ပဲ ဆီရီယား အစိုးရ ၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်။

 

ရုရှားသည် ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နှင့် ဥရောပ ၏ ရွေးကောက်ပွဲ အတော်များများ တွင်လည်း စွက်ဖက်နိုင်ရန် အားထုတ်လာခဲ့သည်။ ထိုအထဲတွင် ဗြိတိန်၏ အီးယူမှ ထွက်ရေး လူထုဆန္ဒခံယူပွဲလည်း ပါသည်။ ယင်း၏ ရလဒ် အဖြစ် အမေရိကန် အပါအဝင် ဥရောပ နိုင်ငံ အများအပြားနှင့် ရုရှား ဆက်ဆံရေးသည် မဆိုးဝါးဆုံး အဆင့် ရောက်သွားခဲ့သည်။

 

ရှေ့အလားအလာ

 

ဥရောပသည် နိုင်ငံရေး သိပ္ပံ ပညာရှင် ဖရန်စစ် ဖူကူရာမား ဖေါ်ပြခဲ့သလို တည်ငြိမ်ပြီး ကြိုတင် တွက်ဆ နိုင်လောက်သည့် အနေအထား မျိုး ခေတ္တ ခဏ မျှသာ ရှိခဲ့ပြီး အခြေအနေများ သိသိသာသာ ပြောင်းလဲ သွားခဲ့သည်။

 

ဒီမိုကရေစီ၊ ဖွံ့ဖြိုး ကြွယ်ဝမှု နှင့် ငြိမ်းချမ်းရေးသည် လုံးဝ အမြစ်တွယ် ခဲ့ပြီ ဖြစ်သည်ဟုသော အယူအဆများ တကယ်တမ်းတွင် မှန်ကန်မှု မရှိသည်ကို တွေ့လာရသည်။

 

အဘယ်ကြောင့် ထိုသို့ ပြောင်းလဲသွားရသည် ဆိုခြင်းကို အကြောင်းခြင်းရာ တခုတည်း အပေါ် မူတည်ပြီး ပြောဆို ရှင်းလင်းဖို့ ဆိုသည်က မဖြစ်နိုင်။

 

ကျွနုပ်တို့ ဥရောပတွင် တွေ့လာနေရသည်က လက်ဝဲသမားများသည် လူထု နောက်မြီးဆွဲ ပေါ်ပြူလစ်ဇင် ကို ဆွဲကိုင်လာခြင်း၊ လုပ်ခနှုန်းထားများ တန့်နေခြင်း၊ ဆင်းရဲချမ်းသာ မညီမျှ မှု ကွာဟသည်ထက် ကွာဟလာခြင်း၊ လက်ယာသမားများ ကြားတွင် ကမ္ဘာ အခြေအနေ ပြောင်းလဲလာမှု ကြောင့် လူများ ရွှေ့ပြောင်းဝင်ရောက်လာနေကြသည့် အဖြစ် ကို ဆန့်ကျင့်နေကြသည့် အမျိုးသားရေး သမား များ မီးထိုးပေးလာသည့် ပေါ်ပြူလစ်ဇင် ဝါဒ ရေပန်းစားလာခြင်း အစရှိသည်တို့ ဖြစ်သည်။

 

အီးယူ သည်လည်း လူထု၏ စိတ်ကူးစိတ်သန်းများ ကို လိုက်မမီအောင် ဖြစ်လာခဲ့သည်။ ထို့အပြင် ဗြိတိန်၏ နှုတ်ထွက်သွားမှု ကြောင့် အားပျော့သွားခဲ့ရပြန်သည်။

 

ထိုအရေး များသည် အဘယ်ကြောင့် သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ရသနည်း။ ဥရောပသည် ကမ္ဘာစီးပွားရေး ပမာဏ ၏ လေးပုံတပုံကို ကိုယ်စားပြုနေသည်။ ထို့အပြင် ကမ္ဘာကြီးအား ပိုမိုကောင်းမွန် အောင် ဖန်တီးပေးလိုစိတ် ရှိသည့် ဒီမိုကရေစီ နိုင်ငံ အများ အပြား စုဝေးရာလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် ရာစု နှစ် အတွင်း အထက်ပါ အနေအထား ပြိုကွဲသွားခဲ့မှု ကြောင့် မည်မျှ အထိ ထိခိုက်သွားခဲ့ရသည်ကို လည်း ကြုံခဲ့ကြရပြီး ဖြစ်သည်။

 

နှစ်ဆယ့်တရာစု နှစ် အတွင်း ဥရောပ၏ သွားရာ လမ်းကြောင်းသည် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးစည်ပင် ရေးဆီသို့ ဦးတည်နေသည်လား ဆိုသည်ကား ယခု အခါ မှုန်ဝါး လာ‌နေပြီ ဖြစ်သည်။

 

အရှေ့အာရှ နှင့် ပစိဖိတ်

 

အဆိုပါ‌ဒေသ အား အများအားဖြင့် အာရှ ဟု ပြောဆိုသုံးနှုန်းကြသည်။ ထိုဒေသတွင် လူဦးရေ အားဖြင့် ၁.၄ ဘီလီယံ ရှိသည့် တရုတ်မှ သည် လူဦးရေ အားဖြင့် ၁၃,၀၀၀ ခန့်သာ ရှိသည့် နောရူး ကျွန်း နိုင်ငံ အထိ စုစုပေါင်း ၃၃ နိုင်ငံ ပါဝင်နေသည်။

 

တရုတ်သည် စီးပွားရေး တွင် ပမာဏ အားဖြင့် ဒုတိယ အကြီးဆုံး နိုင်ငံ ဖြစ်သည်။ နှစ်စဉ် ကုန်ထုတ်လုပ်မှု ပမာဏသည် ‌‌ဒေါ်လာ ၁၃ တြီလီယံ ရှိပြီး ၂၀၀၀ ပြည့်နှစ်ထက်စာလျှင် ဆယ်ဆခန့် များလာခဲ့သည်။ နောရူး၏ ကုန်ထုတ်လုပ်မှုသည် ဒေါ်လာ သန်း ၁၀၀ ခန့်သာ ရှိပေသည်။

 

ယင်းဒေသ သည် ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာလည်း ဖြစ်သည်။ ထို့အပြင် ကိုရီယား နှင့် ဗီယက်နမ် စစ်ပွဲကြီးများကိုလည်း ကြုံတွေ့ခဲ့ကြရသည်။ ယင်းနောက် နှစ်ပေါင်း လေးဆယ်ခန့် သိသိသာသာ တည်ငြိမ်းအေးချမ်းနေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။

 

သို့သော်လည်း နိုင်ငံ အများအပြားသည် နယ်မြေ ဆိုင်ရာ အငြင်းပွားမှု များ နှင့် ကျောင်း‌ တော်က ရန်စ များ ကြောင့် စစ်အင်အားများ တိုးချဲ့လာနေခဲ့သည်။