ဂျပန် အာဏာရ ပါတီတွင်း အရှုတ်တော်ပုံ

by Hla Soewai - Feb 02 2024

ဇန်နဝါရီ ၂၆ ရက်တွင် ဂျပန် ဒိုင်းယက် ခေါ် ပါလီမန် ပြန်လည် ကျင်းပချိန်တွင်တော့ အာဏာရ ပါတီ တွင်း အကျပ်အတည်းသည် အစီအစဉ်၏ ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။

 

အာဏာရ လစ်ဘရယ် ဒီမိုကရက် ပါတီ LDP သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၅၅ မှစ၍ တိုင်းပြည်ကို ဆက်တိုက်နီးပါး ဆိုသလို အုပ်ချုပ်လာခဲ့သည်၊ ယခုအခါ ပါတီတွင်း အုပ်စုတစုသည် ပါတီ ရံပုံငွေ ရှာဖွေရေး အခမ်းအနားများကို လုပ်ရိုးလုပ်စဉ် အတိုင်း ပြုလုပ်လာခဲ့သော လည်း ရောင်းရသည့် လက်မှတ် များကို အပြည့်အဝ စာရင်းမသွင်းပဲ ထားခြင်းဖြင့် အခွန် တိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသည်။

 

ပါတီတွင်း အင်အား အတောင့်တင်းဆုံး အုပ်စုကြီး ဖြစ်သည့် ဆေဝါကိုင် အဖွဲ့သည် ထိုကဲ့သို့‌ သော နည်းလမ်းမျိုးဖြင့် ငါးနှစ် အတွင်း slush fund ခေါ် တရားမဝင် စုဆောင်းမိငွေ ယန်း သန်း ၅၀၀ (ဒေါ်လာ ၃.၅ သန်း) စုဆောင်းမိနေပြီ ဖြစ်သည်။ ထိုငွေများကို အဖွဲ့ဝင် အချို့ကို လွှဲပြောင်းပေးခဲ့ပြန်သည်။

 

အစိုးရ ရှေ့နေများက LDP အမတ် အတော်များများ အား တရားစွဲဆိုခဲ့ပြီး ယခုလ အစောပိုင်းတွင် ထိုအထဲမှ တဦး ကို ဖမ်းဆီးခဲ့သည်။

 

အဆိုပါ သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် ဝန်ကြီးချုပ် ကီရှီဒါ ဖူမိယို ၏ ကက်ဘိနက် အပေါ် လူကြိုက်များမှု သည် ၂၀ ရာနှုန်းအောက် ထိုးကျသွားခဲ့သည်။ ကီရှီဒါ မှ ပါတီတွင်း အုပ်စုများ အားလုံးကို ဖျက်သိမ်းပစ်မည်ဟု ပြောလာခဲ့သည်။

 

LDP အတွင်း အုပ်စုများသည် တကယ်တမ်းတွင် ပါတီတွင်း မရှိမဖြစ် လိုအပ်နေသော ပါတီများဟု ပြော၍ ရပေသည်။ ထိုအုပ်စုများသည် ဆိုရှယ်လစ်ဝါဒ ကို ဆန့်ကျင်ရန် ကွန်ဆာဗေးတစ် ပါတီ နှစ်ပါတီ ပေါင်းစပ်ပြီး LDP ပါတီဟု တည်ထောင်စဉ်ကတည်းက ရှိနေကြပြီး ဖြစ်သည်။ ပါတီတခုစီတွင် အုပ်စုငယ်လေးများ ရှိနေပြီး ထိုအုပ်စုများသည် တူရာတူရာ ကိုယ်ပိုင် သွင်ပြင်လက္ခဏာများ ကို ဆက်လက်ထိန်းသိမ်းထားပြီး သီးသန် ရုံးခန်းများ၊ ဝန်ထမ်းများနှင့် အဖွဲ့အစည်း ပုံစံ စနစ်တကျ ဖွဲ့စည်းထားသည်။

 

ဆေဝါကိုင် အုပ်စုအား ၂၀၂၂ တွင် သတ်ဖြတ်ခံရ၍ ကွယ်လွန်သွားသည့် ဝန်ကြီးချုပ် အာဘေး ရှင်ဇိုက ဦးဆောင်ခဲ့ပြီး ဂျပန် လုံခြုံရေး ရာ ကိစ္စရပ်များ နှင့် စပ်လျှင်း၍ အစဉ်အလာ အားဖြင့် ရန်လို တတ်ပြီး သဘောထား တင်းမာသည့် အဖွဲ့လည်း ဖြစ်သည်။ ကိုချီကိုင် အဖွဲ့သည် ပို၍ သဘောထား ပျော့ပြောင်းသည်။

 

ထိုနှစ်ဖွဲ့ အကြား ဝါဒရေးရာ ကွာဟနေမှုသည် ကီရှီဒါမှ အာဘေး ချမှတ်ထားသော ကာကွယ်ရေး မူဝါဒများ ဆက်လက် ကျင့်သုံးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မျိုးဆက်များ ရွေ့လျား ပြောင်းလဲလာမှု များကြောင့် တဖြေးဖြေး မှေးမှိန်လာမှု နှင့် အတူ အဖွဲ့ဝင်များ အပေါ် ချုပ်ကိုင်ထားနိုင်မှုလည်း ပြေလျော့လာခဲ့သည်။၊

 

သို့သော်လည်း ပါတီ၏ တည်ဆောက် ဖွဲ့စည်းမှု တွင် မရှိမဖြစ် အရေးပါသော နေရာမှ ဆက်ရှိနေသည်။ လက်ရှိ ပြဿနာ မပေါ်မီ LDP ၏ ဥပဒေပြု အမတ် ၃၇၆ ဦး အနက် ၈၀ ရာနှုန်းသည် အုပ်စု ၆ ခု ထဲတွင် တခု မဟုတ် တခု ၌ ပါဝင်နေသည်။

 

ထိုသို့ အုပ်စုများ ရှိလာခြင်းသည်လည်း တပည့်‌မွေး တပည့်ခံ စနစ်၊ အာဏာ နှင့် ငွေတို့ ကြောင့်ပင် ဖြစ်သည်။ အဖွဲ့ဝင်များအား လူထု ထောက်ခံမှု ရအောင် စီစဉ်ပေးနိုင်ခဲ့သည့် အပြင် ဘဏ္ဍာရေး အရလည်း ပံ့ပိုးပေးလာခဲ့ခြင်း၊ ဝန်ကြီးချုပ် နေရာအတွက် အုပ်စုခြင်း ယှဉ်ပြိုင်ရာတွင် မိမိအုပ်စု ခေါင်းဆောင် ထောက်ခံမှု ရရန် ဝန်ကြီး‌ရာထူး ကောင်းကောင်း ပေးမည်ဟူ သော ကတိများ ဖြင့်လည်း အဖွဲ့ဝင်များကို စည်းရုံးခဲ့သည်။

 

LDP သည် သက်တမ်းတလျှောက်တွင် ၁၉၉၃-၉၄ တွင် တကြိမ်၊ ၂၀၀၉-၁၂ တွင် တကြိမ်၊ စုစုပေါင်း နှစ်ကြိမ်သာ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ဖူးသည်။ သို့သော် အုပ်စု နိုင်ငံရေးသည် ဂျပန် ခေါင်းဆောင်ပိုင်းကို ရွေးချယ်ရာတွင် အဓိက အခန်းကဏ္ဍ မှ ဆက်ရှိနေခဲ့သည်။ ပါတီများအကြား ယှဉ်ပြိုင်မှု များ ဖြင့်သာ ခေါင်းဆောင် ထွက်ပေါ်ရမည့်အစား အာ‌‌ဏာ လက်ပြောင်းလက်လွှဲ မှုသည် ပါတီ အတွင်းရှိ အုပ်စုများအကြား တိုက်ပွဲများမှသာ ထွက်ပေါ်လာခဲ့ရစမြဲ ဖြစ်သည်။ ထွက်ပေါ်လာသော အစိုးရ အဖွဲ့သစ် ၏ ဝန်ကြီးရာထူးများကိုလည်း အုပ်စု အတွင်းသာ ခွဲဝေယူကြသည်။

 

ဝန်ကြီးချုပ် ကီရှီဒါမှ ၎င်း၏ ပါတီ သည် အုပ်စုတွင်း နိုင်ငံရေး လမ်းကြောင်းမှ "လုံးဝ ခွဲထွက်တော့မည်" ဟု ကတိပေးလာခဲ့သည်။ LDP သည် ယခုအခါ ရံပုံငွေ ရှာဖွေရေး ပွဲများ ဖျက်သိမ်းပစ်ပြီး ဝန်ကြီးရာထူးများ ခန့်အပ်မှုတွင်လည်း အုပ်စုများ၏ ဝင်ရောက်စွက်ဖက်ခြင်းမှ လွတ်ကင်းရန် အဆိုပြုလာခဲ့သည်။ သို့သော် ထိုသို့သော အပြောများအား ယခင်ကလည်း ကြားခဲ့ရပြီး ဖြစ်သည်။

 

၁၉၈၈ တွင် အစိုးရ ထိတ်တန်း ခေါင်းဆောင်ပိုင်း အတွင်း အကျင့်ပျက် ခြစားမှု များ ထွက်ပေါ်ခဲ့ပြီး နောက်တွင် အုပ်စုများကို တရားဝင် ဖျက်သိမ်းပစ်ခဲ့သော်လည်း နောက်ပိုင်း သိပ်မကြာခင်မှာပင် ပြန်လည် ထားရှိလာ ခဲ့ပြန်သည်။

 

LDP သည် ရွေးကောက်ပွဲတွင် ခြိမ်းခြောက်ခံရနိုင်သည့် အန္တရာယ် မရှိသလောက် ဖြစ်နေ၍ ထိုသို့ ပြုပြင်ပြောင်းလဲရန် စိတ်မပါ လက်မပါ ဖြစ်နေကြသည်။

 

အဓိက အတိုက်အခံ ပါတီ ဖြစ်သော ဖွဲ့စည်းပုံ ဆိုင်ရာ ဒီမိုကရက် ပါတီသည် လက်ရှိ အရှုပ်အရှင်းများ ဖြစ်နေသော အာဏာရ ပါတီထက်ပင် လူကြိုက်နည်းလျက် ရှိသည်။ လူထူ ထောက်ခံမှု စစ်တမ်းတွင်လည်း ၄ ရာနှုန်းမျှသာ ရှိနေသည်။

 

LDP ၏ နောက်တကြိမ် ခေါင်းဆောင်မှု ‌ရွေးချယ်ရမည့်ပွဲအား လာမည့် စက်တင်ဘာလ အတွင်း ပြုလုပ်ရန် ရှိနေ၍ လက်ရှိ အုပ်စုများ ပျောက်ကွယ်သွားသည် ဆိုလျှင်ပင် ထိုအချိန်ကျလျှင် ပြန်ပေါ်လာကြမည်သာ ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၂၅ ‌အီကော်နောမစ် မဂ္ဂဇင်းပါ "The factions at the heart of a scandal in Japan’s ruling party" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)