နိုင်ငံတကာ ရေးရာ မိတ်ဆက်(29)

by Hla Soewai - Feb 02 2024

နေတိုးသည် ဂျာမဏီကဲ့သို့ ပေါင်းစည်းလာသည့် နိုင်ငံ သာမက အသစ်တဖန် လွတ်မြောက်လာသည့် နိုင်ငံများကို အခိုင်အမာ စုစည်း သိမ်းသွင်း နိုင်ခဲ့သည်။ ချက် သမ္မတ နိုင်ငံ၊ ဟန်ဂေရီ နှင့် ပိုလန်သည် ၁၉၉၉ တွင် နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသည်။ ထိုနိုင်ငံ များသည် ရုရှား တဖန် ခေါင်းပြန်ထောင်လာပြီး ၎င်းတို့အား ဒုက္ခပေးလာမည့် အန္တရာယ် အတွက် အာမခံ ပေါ်လစီ ဝယ်ယူ ထားမည် ဆိုသည့် သဘောနှင့် ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။

 

ထိုသို့ နေတိုး အဖွဲ့ကြီး တိုးချဲ့လာနေမှု ကို ကြည့်ပြီး ရုရှားသည် နေမထိ ထိုင်မသာ ဖြစ်လာခဲ့သည်။ 

 

ဤသို့ဖြင့် ရုရှားသည် ယူဂိုစလားဗီယား အရေး တွင် နေတိုး နှင့် ဆန့်ကျင်ဖက် အနေအထားမှ ရပ်တည်လာခဲ့သည်။

 

ကိုဆိုဗို စစ်ပွဲ အတွင်း နေတိုး အဖွဲ့ကြီးသည် ကိုဆိုဗိုအား နိုင်ငံရေး အရ ထောက်ခံပြီး စစ်ရေး အရလည်း ဆာဘီယားအား လေကြောင်းမှ တိုက်ခိုက်လာခဲ့သည်။ ရုရှားသည် နိုင်ငံရေးအရရော၊ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းအရရော ဆာဘီယား အပေါ် စာနာမှု ရှိထား‌၍ နေတိုး၏ လုပ်ရပ်များကို ဆန့်ကျင်လာခဲ့သည်။

 

နောက်တကြောင်းအရ ရုရှားသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံအများအပြား နေတိုးအဖွဲ့ကြီး အတွင်း ဝင်ရောက်သွားမှုကိုလည်း သံသယ ဖြင့် ရှုမြင်ခဲ့ကြသည်။ ဗလာဒီမာ ပူတင်သည် စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သွားခဲ့ပုံ နှင့် ဆိုဗီယက် ယူနီယံ ပြိုကွဲသွားရပုံကို ကြည့်၍ ရုရှားအဖို့ အရှက်တကွဲ ဖြစ်ခဲ့ရသည်ဟု ယူဆခဲ့သူ ဖြစ်သည်။ ထိုသို့ ယူဆထားသော ပူတင်သည် နေတိုးအဖွဲ့ကြီး တိုးချဲ့ ဖွဲ့စည်းလာခြင်းအပေါ် ရုရှားအား စော်ကားမော်ကား နှင့် ခြိမ်းခြောက်လာသည်ဟု ခံယူလာခဲ့သည်။ ၎င်းသာမက ရုရှားများကလည်း အလားတူ သဘောထား ခဲ့ကြပြန်သည်။

 

အကယ်၍ နေတိုး အဖွဲ့ကြီး အား တိုးချဲ့ မဖွဲ့စည်းခဲ့ဟု ဆိုလျှင် ရုရှား နှင့် ဆက်ဆံရေး ကောင်းလာမည်လားဟု ဆိုသည်ကလည်း ကံသေကံမ မပြောနိုင် ပြန်ပေ။ အလားတူ ဥရောပ ၏ လုံခြုံရေး နှင့် တည်ငြိမ်ရေး သည်လည်း ယခု အတိုင်း ဖြစ်လာလိမ့်မည်ဟုလည်း မည်သို့မျှ အာမ မခံနိုင်။

 

မိမိ၏ အမြင် (စာရေးသူ) ပြောရလျှင် နေတိုးအား တိုးချဲ့ ဖွဲ့စည်းလာခြင်းသည် မှားယွင်းနေသည်၊ အရှေ့ ဥရောပ နိုင်ငံများ၏ လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာမှု များကို အခြား နည်းလမ်းများဖြင့် ဖြေရှင်း၍ ရနိုင်သည်ဟု ယုံကြည်မိသည်။ အမေရိကန် နိုင်ငံခြား‌ ရေး အသိုက်အဝန်း တွင် မိမိ၏ အမြင် နှင့် ထပ်တူကျသူ အနည်းငယ်သာ ရှိပေသည်။

 

ယင်းသည် ရှေ့လာမည့် ဆယ်စုနှစ်များ အတွင်း အခြေအတင် ဆွေးနွေးရမည့် အကြောင်းအရာ အဖြစ် သေချာပေါက် ဆက်ရှိနေဦးမည်သာ ဖြစ်သည်။ ဖြစ်ပြီးသွားပြီ ဖြစ်၍ လည်း ပြန်လှည့်၍ မရတော့။

 

လက်ရှိ တွင် ဗလာဒီမာ ပူတင် လက်အောက် ရုရှားသည် အမေရိကန် ပြည်ထောင်စု ဦးစီးဦးဆောင် ပြုခဲ့သည့် ကမ္ဘာ လစ်ဘရယ် အခင်းအကျင်း အပေါ် တဖြေးဖြေး နှင့် စိတ်ဝင်စားမှု လျော့နည်းလာနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ ထိုအခင်းအကျင်းကြီးအား ဖျက်လိုဖျက်စီး လုပ်ရန် သာ ပို၍ အားသန်လာခဲ့သည်။

 

ရုရှား နှင့် အမေရိကန် အပါအဝင် ဥရောပ နိုင်ငံ အများ အပြားအကြား ဆက်ဆံရေး ပိုင်းတွင် အကွဲအပြဲများ ဖြစ်လာမှုသည် ၂၀၀၈ တွင် ရုရှားမှ ဂျော်ဂျီယာ အား ဝင်ရောက် ကျုးကျော်ခဲ့မှူ ကြောင့် ပို‌၍ ဆိုးဝါးသွားခဲ့သည်။ ဂျော်ဂျီယာသည် ယခင် ဆိုဗီယက် ပြည်ထောင်စု ထဲတွင် ပါဝင်ခဲ့သော နိုင်ငံ ဖြစ်ပြီး ‌ယခုအခါ လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့သည်။ ရုရှားသည် ဂျော်ဂျီယာ၏ ခွဲထွက်ရေး အုပ်စုများအား လက်နက် နှင့် ရံပုံငွေ များ ထောက်ပံ့ပေးနေခဲ့ရာမှ နောက်ဆုံးတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

 

သို့သော်ငြားလည်း ပူတင်၏ ရုရှား နှင့် အနောက်အုပ်စုအကြား ရင်ကြားစေ့မရအောင် ကွဲပြဲသွားစေခဲ့သည်က ယူကရိန်း ကြောင့်ပင် ဖြစ်သည်။

 

ယူကရိန်းသည်လည်း ယခင်က ဆိုဗီယက် ပြည်ထောင်စု ထဲတွင် ပါဝင်သော သမ္မတ နိုင်ငံ တခု ဖြစ်ပြီး ၁၉၉၁ တွင် လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့သည်။ ရုရှားသည် ယူကရိန်း နှင့် အီးယူ အကြား နီးကပ်သော ဆက်ဆံရေး များ ရှိလာနေခြင်း အတွက် စိတ်မသက်သာ ဖြစ်လာခဲ့သည်။ ယူကရိန်း အပေါ် ဩဇာလွှမ်းနေမှု လျော့ပါးလာမည့် အဖြစ် နှင့် နောက်ပိုင်း နေတိုး အဖွဲ့သို့ ဝင်ရောက်နိုင်အောင် လမ်းခင်းပေးလာမည့် အဖြစ်များ ကို တွက်ဆလာမိသောကြောင့် ဖြစ်သည်။

 

ထိုသို့ တအုံနွေးနွေး ဖြစ်လာနေမှုသည် ၂၀၁၃ နှစ်ကုန် ပိုင်းလောက်တွင် ဆူပွက်လာသည် အထိ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် မြို့တော် ကီယက် တွင် သိန်း နှင့် ချီသော ယူကရိန်း နိုင်ငံသားများ လမ်းများ ပေါ် ထွက်လာကြပြီး ရုရှား လိုလားသော သမ္မတ အား ဖြုတ်ချရန် ကြိုးပမ်းလာကြသည်၊ ၎င်းသည် အီးယူ နှင့် နီးကပ်စွာ ဆက်ဆံနေရာမှ ရုရှားဖက် ယိမ်းရန် ကြံစည်လာသောကြောင့် ဖြစ်သည်။

 

ပူတင် အဖို့က ၎င်းကဲ့သို့ တိုင်းပြည်ကို ကိုယ်မင်းကိုယ်ချင်း အုပ်ချုပ်လိုသည့် သမ္မတတဦး အား ဖြုတ်ချပြီး နေတိုး၊ သို့မဟုတ် အီးယူ၊ သို့မဟုတ် နှစ်ဖွဲ့စလုံးတွင် ပါဝင်လာမည့် အရေးကို မည်သို့မျှ မခံစားနိုင် ဖြစ်လာခဲ့သည်။

 

မကြာမီမှာပင် ကရိုင်းမီယား တွင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ကရိုင်းမီယားသည် ရုရှား မျိုးနွယ်စု များ နေထိုင်ရာ ဒေသဖြစ်ပြီး ယခင် ဆိုဗီယက် ပြည်ထောင်စု ထဲရှိ ရုရှား သမ္မတ နိုင်ငံ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။ သို့သော် ၁၉၅၄ တွင် ယူကရိန်း သမ္မတ နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

 

ဖြစ်ပွားလာသော လူမျိုးရေး ပဋိပက္ခတွင် ရုရှားဖက်မှ ထောက်ပံ့‌သော ပစ္စည်းများ၊ စစ်သားများကြောင့် ဒေသခံ ရုရှား မျိုးနွယ်စုများက အသာစီး ရလာခဲ့သည်။ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် အကြာတွင် ကရိုင်းမီယားရှိ လူများစု ဖြစ်သော ရုရှားတို့၏ လူထု ဆန္ဒ ခံယူပွဲ အပြီးတွင် ရုရှား ပိုင်နက်ထဲသို့ သွတ်သွင်းလိုက်သည်။

 

အမေရိကန် နှင့် ဥရောပရှိ နိုင်ငံ အများအပြားက အဆိုပါ ဆန္ဒခံယူပွဲအား ရုရှားမှ ကျောထောက် နောက်ခံ ပေးထားသော သူပုန် များ ထိန်းချုပ်နယ်မြေ အတွင်း တွင်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်၍ အတုအယောင် ဟု ဆိုကာ ပယ်ချခဲ့ကြသည်။

 

သို့သော်လည်း ထိုကိစ္စ အပေါ် စစ်ရေးအရ တုန့်ပြန်ရန် ကိုမူ မည်သူမှ စကားမစခဲ့ကြပေ။ ဤသည်ကလည်း ယူကရိန်းသည် နေတိုး အဖွဲ့ဝင် မဟုတ်သေးသည်က တကြောင်း ရုရှား နှင့် နယ်စပ်ခြင်း ထိစပ်နေသော အားနည်းနေသည့် နိုင်ငံ တခု၏ နယ်မြေ ကို ကာကွယ်ဖို့ အရေးသည် လွန်စွာ အန္တရာယ်များနေရသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

 

ထို့အတွက် ထုံးစံ အတိုင်း စီးပွားရေးအရ ပိတ်ဆို ဒဏ်ခတ် ခဲ့ကြသည်။ ထိုသို့ ပိတ်ဆို့ ဒဏ်ခတ်ခြင်းသည် နိုင်ငံခြားရေး မူဝါဒ တွင် လွန်စွာ အသုံးတည့်သည့် ကိရိယာ တန်ဆာပလာ တခု သဖွယ် ဖြစ်လာခဲ့သည်။ စစ်ရေး အရ ဝင်ရောက် တိုက်ခိုက်ခြင်းထက် စာလျှင် အကုန်အကျ လွန်စွာ သက်သာပြီး သံတမန်ရေး အရ လည်း အလျော့မပေးသည့် ထက် ပို၍ လေးနက်သည့် အသွင် ဆောင်သော ခြေလှမ်းမျိုးလည်း ဖြစ်နေသည်။

 

သို့သော် ပြဿနာကား ထိုသို့ အရေးယူ ပိတ်ဆို့ မှုများသည် အစိုးရ တဖွဲ့ အဖို့ ၎င်းတို့ လွန်စွာ အရေးကြီးသည်ဟု ယူဆထားသော အကြောင်းကိစ္စ တရပ်ကို ဆုံးဖြတ်ရာတွင် ပြောင်းလဲသွားအောင် လုပ်နိုင်ခဲလှသည် ဆိုသည်ကို သမိုင်းတလျှောက် သာဓက များ ရှိနေခဲ့ခြင်းပင် ဖြစ်သည်။