ဥရောပ၏ စီးပွားရေး နှင့် နိုင်ငံရေး စိန်ခေါ်မှုများ
စစ်အေး တိုက်ပွဲကြီး အပြီး ဥရောပ၏ ပကတိ အနေအထားသည် အီးယူ အား အခိုင်အမာ ထောက်ခံခဲ့ကြသူများ၏ မျှော်လင့်ထားခဲ့သည်များ နှင့် အံမဝင် ဂွင်မကျ ဖြစ်လာခဲ့သည်။
ဥရောပရှိ သာမန် နိုင်ငံသားများ နှင့် လူ့မလိုင် အထက်တန်းလွှာ လူတန်းစားများ ကပင် ၎င်းတို့၏ အစိုးရများ နှင့် ဘရပ်ဆဲလ် အကြား အာဏာ ခွဲဝေ ကျင့်သုံးနေမှုသည် မှန်ကန် သင့်လျှော်မှု ရှိပါရဲ့လား ဆိုသည်ကို အခြေအတင် ဆွေးနွေး ပြောဆိုလာကြသည်။
အီးယူ အား ခေါင်းဆောင်မည့် လူများအား အဖွဲ့ဝင် နိုင်ငံများမှ တစိတ်တပိုင်း ရွေးချယ်ပေးရ၍ အစိုးရများကလည်း အီးယူ ကို အားပျော့ နေစေရန် တော်ရုံသင့်ရုံ အရည်အချင်း ရှိသူများကိုသာ စေလွှတ်ပေးခဲ့ကြသည်။ ဤသို့ဖြင့် အီးယူသည် အားပျော့သော ခေါင်းဆောင်မှု အောက်တွင် လုပ်ငန်းများ ထိထိရောက်ရောက် မလုပ်နိုင် ဖြစ်လာခဲ့သည်။
ထို့ပြင် အဖွဲ့ဝင် နိုင်ငံများသည် ကာကွယ်ရေး နှင့် ပတ်သက်ပြီး ၎င်းတို့ ရှိ အရင်းအမြစ်များကို တိတိကျကျ ထည့်ဝင်လိုမှု မရှိပဲ၊ ထိုအစား ၎င်းတို့
နိင်ငံများ အတွက်သာ အကျိုးရှိရှိ အသုံးချ ချင်နေကြသည်။ နိုင်ငံခြားရေး နှင့် ကာကွယ်ရေး မူဝါဒများကိုလည်း ၎င်းတို့ သဘောရှိ ပြဋ္ဌာန်း ကျင့်သုံးချင်ကြပြန်သည်။ ထောက်လှမ်းရေး နှင့် ရဲလုပ်ငန်း များ နှင့်ပတ်သက်၍ လည်း သတင်းအချက်အလက်များကို ဝေမျှ ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်း မျိုး လည်း မရှိကြပြန်ပေ။ ထို့အတွက် လုံခြုံရေး နှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စမျိုး ကြုံလာလျှင် ဥရောပသည် တကယ်တမ်း စွမ်းဆောင်နိုင်သည့် အတိုင်းအတာထက် လျော့နည်းနေတတ်သည်။
စီးပွားရေး ပိုင်းတွင်လည်း ပြဿနာများသည် ပို၍ သိသာ နက်ရှိုင်းလာခဲ့၍ တိုးတက်မှု နှုန်းသည် နိမ့်ကျလာခဲ့သည်။ ထိုသို့ ဖြစ်လာရခြင်း၏ အဓိက အကြောင်းရင်းသည် အဖွဲ့ဝင် ဆယ့်ကိုးနိုင်ငံမှ ငွေကြေး ဆိုင်ရာ မူဝါဒများကို ဥရောပ ဗဟိုဘဏ်မှ ချမှတ်ထားသည့် အတိုင်း လိုက်နာ ကျင့်သုံးကြသော်လည်း အခွန် နှင့် ဘတ်ဂျက် ပိုင်းနှင့် ဆိုင်သော ဘဏ္ဍာရေး ကိစ္စများ တွင်မူ ၎င်းတို့ဖာသာ ဆုံးဖြတ် ကျင့်သုံးရာမှ ပြဿနာ များ ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
ယခုထိ အီးယူ နိုင်ငံများထဲတွင် အကြီးမားဆုံး စီးပွားရေး ပမာဏ ကို ပိုင်ဆိုင်ထားသည်ဟု ဂုဏ်ယူ ကြွားဝါလေ့ ရှိသော ဂျာမဏီ သည် ငွေကြေး ဖေါင်းပွမှု ဖြစ်လာမည့် အရေးကို ခါးခါးသီးသီး မနှစ်မြိုတတ်လေ့ရှိသဖြင့် အမြံတမ်း လို ဘတ်ဂျက်သည် ပိုငွေများ ပြနေသည်၊ ထိုသို့ ဂျာမဏီသည် ဘတ်ဂျက် လိုငွေ မပြအောင် ထိန်းချုပ်ထားသဖြင့် စီးပွားရေး တိုးတက်လာအောင် အထူးတလည် စိုက်ထုတ် သုံးစွဲစရာ မလိုသဖြင့် အခြား နိုင်ငံ များ အတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့် အလန်းများ ထွက်ပေါ် မလာခဲ့တော့ပေ။
အမေရိကန် ကဲ့သို့ အပ်နှံငွေများ မည်မျှ အတိုင်းအတာအထိ ရှိရမည်ဟူသော ဥရောပ၏ ဘဏ်လုပ်ငန်း စည်းမျဉ်းများ မရှိပြန်၍ နိုင်ငံတနိုင်ငံချင်းစီသည် ကိုယ့်သဘော နှင့် ကိုယ် စီမံ ခန့်ခွဲကြရသည်။
ထို့အပြင် ဥရောပတွင် အသက်အရွယ် ကြီးသူ များပြား လာနေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူ နှင့် အသက်အရွယ် ငယ်လွန်းသူ၊ အလုပ်လုပ်ရန် အသက် ကြီးရင့်နေသူများ အကြား အချိုးအစားသည် ဆိုးဆိုးဝါးဝါး ဖြစ်လာနေသည်ကလည်း နောက်ထပ် ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာခဲ့ပြန်သည်။
ထိုသို့ သော အကြောင်းများကြောင့် စီးပွားရေး တိုးတက်မှု တုန့်ဆိုင်းလာခြင်း၊ လူတန်းစား ကွာဟမှု ကြီးထွားလာခြင်း နှင့် အရှေ့အလယ်ပိုင်းမှ ဝင် ရောက်လာသူ များ အလုံးအရင်း နှင့် ဖြစ်လာခြင်းများ ကြောင့် ဖြစ်နိုင် မဖြစ်နိုင် အပထား လူထု အကြိုက် လိုက်ပြောတတ်သည့် ပေါ်ပြူလစ် လှုပ်ရှားမှု များ အားကောင်းလာခဲ့သည်။
ယင်း၏ အကျိုးဆက် တခု အဖြစ် ဥရောပ တိုက်သား အများအပြားသည် အခြား နိုင်ငံများ နှင့် ပေါင်းစည်း လုပ်ကိုင်လိုစိတ် မရှိတော့ပဲ မိမိတို့ အရေးကို မိမိတို့ ဖာသာ ဖြေရှင်းလိုစိတ်များ အားကောင်းလာခဲ့သည်။
ဘူမိ နိုင်ငံရေး
ဥရောပ အား ရုရှား၏ ခြိမ်းခြောက်မှုသည် အသစ်တဖန် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဆိုဗီယက် ယူနီယံသည် စစ်အေး တိုက်ပွဲကြီးတွင် အရေးနိမ့်သွားခဲ့မှု နှင့် အတူ အရှေ့ ဥရောပ အင်ပိုင်ယာ အတွင်းရှိ နိုင်ငံများ လွတ်လပ်သွားခဲ့ပြီး၊ အတွင်း အင်ပိုင်ယာကြီးလည်း ပြိုကွဲသွားခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် ထိုသို့ ခြိမ်းခြောက်လာမှုကြီးသည် တနေ့တွင် မလွဲမသွေ ထွက်ပေါ်လာလိမ့်မည်သာ ဖြစ်သည်။
ရုရှားသည် ယခင် ဆိုဗီယက် ယူနီယံ တခုလုံး၏ လူဦးရေ တဝက်ခန့် ရှိထားပြီး မြေအကျယ်အဝန်းတွင်လည်း လေးပုံ သုံးပုံခန့် ကျန်ရှိနေသည်။ ကုလ လုံခြုံရေး ကောင်စီတွင်လည်း အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဆက်ရှိနေခဲ့ပြီး နျုလက်နက် အမြောက်အမြားကိုလည်း ဆက်လက် ပိုင်ဆိုင်ထားသည်။ စစ်ဖက် နှင့် ဆိုက်ဘာ နယ်ပယ်တွင်လည်း သမာရိုးကျ စစ်လက်နက် များ နှင့် ဆိုက်ဘာ ပရိုဂရမ်များကို ချီးကြူးဖွယ် ကောင်းလောက်အောင် ထုတ်လုပ် နိုင်စွမ်း ရှိလာခဲ့သည်။
ရုရှားသည် အင်အားကြီး နိုင်ငံ အဖြစ် အမည်သာ ရှိပြီး ပကတိအနေအထား ကြည့်မည်ဆိုလျှင်တော့ ထိုသို့ ပြော၍ ရသည့် အခြေအနေမျိုး မရှိတော့ပေ။ စီးပွားရေး ပမာဏ တွင်လည်း ကနေဒါ နှင့် တန်းတူ ရည်တူ အဆင့်မျိုးသာ ရှိနေပြီး စွမ်းအင်ပိုင်းကို မတန်တဆ အားကိုး ပြုနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ရုရှား အနေအထားသည် ဖွံ့ဖြိုးဆဲ နိုင်ငံ တနိုင်ငံ နှင့် မခြား ဖြစ်နေသည်။
ရုရှား လူဦးရေ သည် နှစ် နှစ်ဆယ် နီးပါး အတွင်း ဆက်တိုက်ဆိုသလို ကျဆင်းလာနေပြန်သည်။ အမျိုးသား တဦး၏ ပျှမ်းမျှ အသက်ရှည်နှုန်းသည် အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေး၊ ရာဇဝတ်မှုများ နှင့် ကျန်းမာရေး စောင့် ရှောက်မှု စနစ် ညံ့ဖျင်းမှု များကြောင့် ၆၇ နှစ်သာ ရှိသည်။
အာဏာသည်လည်း ဗလာဒီမာ ပူတင်၏ လက်ဝယ်တွင် စုပြုံနေပြန်သည်။ အဖွဲ့အစည်း အားလုံး နီးပါး၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်အာဏာကို သိမ်းကျုံးရယူထားသူ ဖြစ်သည်။
အမေရိကန်၊ ဥရောပ နှင့် ရုရှား အကြား တင်းမာမှု များ မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းသည် နေတိုး အဖွဲ့ကြီးကို တိုးချဲ့ ဖွဲ့စည်းလာခြင်း ကြောင့်ပင် ဖြစ်သည်။ ကလင်တန် လက်ထက် ၁၉၉၀ ကျော် နှစ်များ အကုန်ပိုင်းလောက်မှ စ၍ တိုးချဲ့လာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းနောက် ဆက်ခံသူ အမေရိကန် သမ္မတများသည်လည်း အလားတူ ဆက်၍ လုပ်လာခဲ့ကြသည်။
နေတိုးသည် သမိုင်းစဉ် တလျှောက် ရှားရှားပါးပါး ဆက်လက် ရပ်တည်နိုင်ခဲ့သည့် မဟာမိတ် အဖွဲ့ကြီးလည်း ဖြစ်သည်။ ဥရောပအား ဆိုဗီယက် နှင့် ဝါဆော စာချုပ် အဖွဲ့ဝင် နိုင်ငံများ ဝင်ရောက် ကျုးကျော်လာမည့် အရေးကို ကာကွယ်ရန် စစ်အေး တိုက်ပွဲ ကာလကြီး အတွင်း စတင် ဖွဲ့စည်းခဲ့သော်လည်း ထိုအန္တရာယ်ကြီး ကွယ်ပျောက်သွားသည့် တိုင်း ပုံမပျက် ဆက်ရှိနေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
သို့သော် နေတိုးသည် တာဝန် အသစ်ကို ပြောင်းယူလာခဲ့သည်။ ထိုတာဝန်သည် နေတိုး အဖွဲ့ကြီး နှင့် ဆိုင်သော ဥရောပ တတိုက်လုံး အတွက် သာ မဟုတ်တော့ပဲ အဖွဲ့ဝင် နိုင်ငံများ၏ အကျိုးစီးပွားများ အား အန္တရာယ် ပေးလာနိုင်သည့် ဒေသများအထိ ပါ တိုးချဲ့တာဝန်ယူလာခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် နေတိုးသည် ပြဿနာ ဖြစ်ပွားရာ ဒေသများ ဖြစ်သည့် ဘော်လကန်၊ အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိကတွင် ပါ ပါဝင် ပတ်သက်နိုင်သည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
နေတိုးသည် ထိုသို့ ခြေတံလက်တံများ ဆန့်ထုတ်လာခဲ့ခြင်းဖြင့် အစဉ်အလာ အတိုင်း ၎င်းတို့ ၏ လုံခြုံရေး ကိုသာ အဓိက ကာကွယ်ရန်ထက် ဖြစ်ရပ် တခုချင်းစီ အလိုက် သဘောထား တူညီသော နိုင်ငံများ အချင်းချင်း ဆုံးဖြတ်ချက် ချကာ ပူးတွဲ လှုပ်ရှားသွားမည့် အဖွဲ့ကြီး ဖြစ်လာခဲ့သည်။ သို့သော် ထိုသို့ ပါဝင်ပတ်သက်ရန် အတွက်မူ အဖွဲ့ဝင် နိုင်ငံများမှ မိမိတို့ သဘောဆန္ဒ အတိုင်း ဆုံးဖြတ်ခွင့် ရှိနေသည်။