အာတိတ်တွင် ရေကြောင်းလမ်း သစ် ဖွင့်နိုင်ရန် ရုရှား တို့ ရင်းနှီး မြုပ်နှံလာကြခြင်း

by Hla Soewai - Jan 27 2024

ယခုအခါ ကမ္ဘာ ပင်လယ် ရေကြောင်းသွားလာရေး သည် အန္တရာယ် ကျရောက်လာနေပြီ ဖြစ်သည်။ ကမ္ဘာ အကြီးဆုံး သင်္ဘော ကုမ္ပဏီကြီး ဆယ်ခု အနက် ခုနှစ်ခုသည် ဟူသီ သူပုန်များ ရန်ကြောင့် ပင်လယ်နီ ကို ဖြတ်သန်း ခုတ်မောင်းခြင်းကို ရပ်ဆိုင်းလိုက်ကြပြီ ဖြစ်သည်။ ထို့အတွက် ယခုအခါ စူးအက် တူးမြောင်းကို ဖြတ်သန်းသွားလာနေသည့် သင်္ဘောများ နည်းသည်ထက် နည်းလာနေပသည်။ စူးအက်တူးမြောင်းသည် အိန္ဒိယ သမုဒ္ဒရာ မှ မြေထဲပင်လယ်သို့ ထွက်ပေါက် လည်းဖြစ်သည်။

 

အတ္တလန်တိတ် နှင့် ပစိဖိတ် သမုဒ္ဒရာ ကို ဆက်သွယ်ပေးထားသည့် ပနားမား တူးမြောင်းတွင်လည်း မိုးခေါင်ရေရှား ဖြစိလာ၍ ရေလှောင်ကန် များ အတွင်းရှိ ရေအမြင့် နိမ့်ကျသွားသဖြင့် ဖြတ်သွားသော ကုန်သင်္ဘော အရည်အတွက်သည်လည်း နိုဝင်ဘာလ မှစ၍ ၃၀ ရာနှုန်း လျော့ကျသွားခဲ့သည်။

 

လက်ရှိတွင် တရုတ်ပြည်မှ ဥရောပ မြောက်ပိုင်းသို့ သွားသည့် ပေလေးဆယ် ကွန်တိန်နာ များ သယ်ဆောင်သည့် သင်္ဘောခ ပေါက်‌‌ ဈေးသည် ဒီဇင်ဘာလ အစောပိုင်းမှ စ၍ ၂၈၃ ရာနှုန်းအထိ ခုန်တက်သွားသည်။

 

စူးအက် တူးမြောင်းမှ ဖြတ်သွားမည့် ခရီး အကွာ အဝေး ကိုပင် ၄၀ ရာနှုန်း အထိ လျော့ချ ပစ်နိုင်မည့် နောက်ထပ် ရေလမ်းကြောင်း အသစ် အပေါ် သားရေယို လာကြသည်။ ထိုရေလမ်းကြောင်းများက ရေခဲများ နှင့် ဖုံးလွှမ်းနေ‌သော မြောက်ပင်လယ်ဖြတ် လမ်းကြောင်း၊ ဝင်ရိုးစွန်း ဖြတ် လမ်းကြောင်း နှင့် မြောက်-အနောက် လမ်းကြောင်းတို့ ဖြစ်သည်။ ထို့အတွက် အာတိတ် သမုဒ္ဒရာဖြတ် ပင်လယ်ရေကြောင်းလမ်းသည် ကုန်တင်သင်္ဘောများ အတွက် ရေရှည် အသုံးပြု၍ ဖြစ်နိုင်ပါမည် လော ဟု မေးစရာ ရှိလာသည်။

 

စိုးရိမ်စရာ အကြောင်းများ ရှိနေသော်လည်း ဖြစ်နိုင်သည်ဟု ဆိုရမည် ဖြစ်သည်။ ယခုအခါ အာတိတ်ဒေသ နွေးထွေးလာမှုသည် တကမ္ဘာလုံး၏ ပျှမ်းမျှထက် လေးဆခန့် ဖြစ်လာနေသည်။ ၁၉၇၈ မှ စ၍ ရေခဲပြင်ကြီးသည် တနှစ်လျှင် စတုရန်း ကီလိုမီတာ ၇၈,၀၀၀ ခန့် နှုန်းဖြင့် အရည်ပျော်လာနေသည်။ ၂၀၄၀ ကျော်တွင် အာတိတ်သည် ရေခဲမရှိသော နွေရာသီ မျိုး ဖြစ်လာလိမ့်မည်ဟု ၂၀၂၃ ဇွန်လ ထုတ် Nature Communications ဂျာနယ်တွင် ပါရှိသော သုတေသန စာတမ်းက ဆိုသည်။

 

အကယ်၍ ကမ္ဘာကြီးသည် ကာဘွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု သိသိသာသာ လျော့ချနိုင်ခဲ့လျှင် ပင် ရေခဲပြင် ပါးလွှာလာမှု နှင့် အတူ ရေအေး ဖြတ် သင်္ဘောခုတ်မောင်းမှု နည်းပညာ အဆင့်မြင်လာဦးမည် ဖြစ်ရာ အာတိတ် သမုဒ္ဒရာ ရေပြင်သည် အလွယ်တကူ ခုတ်မောင်း သွားလာနိုင်တော့မည် ဖြစ်သည်။

 

လက်ရှိတွင် လူကြိုက်အများဆုံး ဖြစ်နေသည်က ရုရှားတို့ ထိန်းချုပ်ထားသည့် မြောက်ပင်လယ် ရေလမ်းကြောင်း ဖြစ်သည်။ ၂၀၁၄ နှင့် ၂၀၂၂ အကြား ထိုလမ်းကြောင်းကို အသုံးပြုခဲ့သော ကုန်စည် ပမာဏ သည် ၇၅၅ ရာနှုန်းအထိ မြင့်တက်လာခဲ့သည်။ ရုရှားသည် ၂၀၃၅ အရောက်တွင် လက်ရှိ ပမာဏ ထက် ဆယ်ဆ မြင့်တက်လာရန် ရည်မှန်းထားသည်။

 

အောက်တိုဘာလ အတွင်း အာတိတ် တွင် ကွန်တိန်နာ တင် သင်္ဘော များ ဖြတ်သန်းနိုင်ရေး အတွက် သယ်ပို့ ကုမ္ပဏီကြီး ဖြစ်သော DP World နှင့် ဖက်စပ် လုပ်ကိုင်သွားမည်ဟု ကြေငြာခဲ့သည်။ ထိုလမှာပင် တရုတ်သင်္ဘော ကုမ္ပဏီ ဖြစ်သော NewNew Shipping Line သည် အာတိတ် လမ်းကြောင်းကို သုံး၍ ရှန်ဟိုင်း မှ စိန့်ပီတာစဘတ် အထိ ခုတ်မောင်းခဲ့သည်။

 

သို့သော် အာတိတ် လမ်းကြောင်းသည် ကမ္ဘာတွင် ခုတ်မောင်းသွားလာနေမှု များနှင့် စာလျှင် မပြောပလောက်ဟု ဆိုရမည် ဖြစ်သည်။ ၂၀၂၂ အတွင်း အာတိတ်သို့ ဝင်လာသော သင်္ဘောအရည်အတွက်သည် ၁,၇၀၀ ပင် မပြည့်ခဲ့ပေ။ ထိုနှစ် အတွင်း စူးအက် တူးမြောင်း တခုတည်းကို ဖြတ်သန်းသွားသည့် သင်္ဘော အစီးရေ ၂၃,၀၀၀၊ ပနားမား တူးမြောင်းအတွင်း ဖြတ်သန်းသွားသည့် အရည်အတွက်သည် ၁၄,၀၀၀ ရှိနေသည်။

 

မြောက်ပင်လယ် လမ်းသည် ရာသီမရွေး သွားလာ၍ မရ၊ သင်္ဘောအများစုသည်လည်း နွေရာသီတွင် တည်ဆောက်ထားကြခြင်း ဖြစ်သည်။ ဝင်ရိုးစွန်း ဖြတ် လမ်းကြောင်းသည်လည်း ရေခဲခွဲ သင်္ဘောကြီးများ သုံးပြီး သင်္ဘောဖြတ်၍ရသည့် အတိုင်းအတာ အထိ အရည်ပျော်အောင် စောင့်ရသည်၊ မြောက်-အနောက်လမ်းသည် မြောက်ပင်လယ်ထက် ပို၍ ရေခဲ ထူထပ်၍ သင်္ဘောသွားလာမှု နည်းသည်။

 

ထိုသို့သော အကြောင်းများ အပြင် ရာသီဥတု ရုတ်ခြည်း ပြင်းထန်လာနိုင်ခြင်း၊ မြူများ ထူထပ်လာခြင်း နှင့် မတော်တဆမှု များ ရှိနေနိုင်သဖြင့် အာမခံ ကုမ္ပဏီများ က သတိကြီးစွာ ထားလာကြသည်။

 

ဘူမိနိုင်ငံရေး တင်းမာမှု များ ကြောင့် သင်္ဘောလမ်း အသုံးပြု မှု နည်းပါးခဲ့ရပြန်သည်။ မြောက်ပင်လယ် လမ်းကြောင်း အသုံးပြုရန် အတွက် ရုရှား အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူဖို လိုအပ်နေ၍ အနောက်နိုင်ငံ သင်္ဘောများ အသုံးမပြု ကြသည်က များသည်။ မြောက်-အနောက်လမ်းသည်လည်း ကနေဒါ ၏ ခွင့်ပြုချက် ယူရမည်ဆို၍ အမေရိကန် တို့ သဘော မတွေ့ ဖြစ်နေသည်။

 

နောက်တချက်သည် အာတိတ် သမုဒ္ဒရာ အတွင်းပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ထိန်းသိမ်း ရန် နှင့် ဆီယိုစိမ့်မှု ကာကွယ်ရန် သင်္ဘောများတွင် အဓိက အသုံးပြု‌ နေသည့် မီးထိုးဆီ Heavy Fuel Oil (HFO) အား အသုံးပြုခြင်းကို အန္တာတိက မှာ ကဲ့သို့ ပင် အာတိတ် တွင်လည်း ၂၀၂၉ မှ စ၍ ပိတ်ပင်ရန် ကုလ အေဂျင်စီ ဖြစ်သော နိုင်ငံတကာ ရေကြောင်းသွားလာရေး အဖွဲ့ က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

 

သို့သော် အာတိတ်သည် ပြိုင်ဖက် သင်္ဘော လိုင်းများ နှင့် ယှဉ်ပြိုင် ရုန်းကန် ဦးမည်သာ ဖြစ်သည်။ ရေခဲပြင်ကြီး ကြုံလာသည်နှင့်အမျှ ရေလမ်းကြောင်းသည် သင်္ဘောများ နှင့် စည်ကားလာဦးမည် ဖြစ်ပြီး ရုရှားသည်လည်း ထိုအနေအထားကို အကောင်းဆုံး အသုံးချလာမည်လည်း ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၁၈ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "How viable is Arctic shipping?" အား ပြန်လည် တင်ပြသည်။")