မင်းအောင်လှိုင် ဘာလဲ ဘယ်လဲ

by Hla Soewai - Jan 27 2024

၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေကို ကနဦး တွင် "တနှစ်" အထိ ပြဋ္ဌာန်းနိုင်ပြီး ကာလုံ မှ လိုအပ်သည်ဟု ယူဆလျှင် ၆ လ တကြိမ် နှင့် အလွန်ဆုံး နှစ်ကြိမ်သာ သက်တမ်း တိုးခွင့် ရှိသည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်။ ထို့နောက်တွင်တော့ ကာလုံသို့ အာဏာ ပြန်လွှဲပြီး ၆ လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည် ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်သည်ကား နှစ် နှစ် ကျော်လာသည့်တိုင် ပြောင်ပြောင်တင်းတင်းပင် အခြေအနေ၏ လိုအပ်ချက်အရ ဆိုကာ နောက်ထပ် နှစ်ကြိမ်တိုင် ထပ်၍ သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။

 

ယခုအခါ ရှမ်းမြောက် ဒေသတွင် ညီနောင် သုံးဖေါ် တရုတ် အလိုကျ အနားယူနေချိန် တွင် ကချင် လွတ်လပ်ရေး တပ်မတော် မှ ထိုးစစ်ကြီး စတင်နေပြီ ဖြစ်ပြီး ရက္ခိုင် တပ်တော်မှလည်း ရခိုင်တွင် စစ်ရေး အရှိန် မြှင့်တင်လာသည်။ မကြာမီ အတွင်း ရခိုင်မြောက်ပိုင်းတခွင်သည် စစ်ကျွန်ဘဝ မှ လွတ်မြောက်တော့မည်ဟု ယုံကြည်ရပေသည်။

 

ရှမ်း၊ ကချင်၊ မွန် ပြည်နယ်များ နှင့် မန္တလေး၊ မကွေးတိုင်း ဒေသကြီးများတွင် ‌တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိရာ သုံးရက်အတွင်း မှာပင် စစ်ကောင်စီ တပ်များ အကျအဆုံးများစွာဖြင့် နောက်ထပ် မြို့တမြို ဖြစ်‌ သော ရှမ်း‌ မြောက် ဒေသရှိ မန်ဘိန်း မြို့ကို ကချင် တပ်မတော်က သိမ်းပိုက် နိုင်ခဲ့ပြန်သည်။ 

 

ရှေ့တန်းရှိ စစ်ကောင်စီ တပ်များ အကြား တိုက်ကြမည်လော၊ လာမတိုက် သရွေ ဒီအတိုင်း သူ့နေရာသူ နေ၊ ကိုယ့်နေရာ ကိုယ်နေ နေကြမည်လော၊ အပေးအယူ လုပ်ကာ လက်နက်ချ ထွက်သွားကြမည်လော ဆိုသည်က နေရာတိုင်းလို အ‌လေးအနက် ဆွေးနွေးနေကြပြီ ဖြစ်သည်ဟု သိရသည်။

 

အရာရှိ အတော်များများသည် လည်း ပြီးခဲ့သည့် လများ အတွင်း ထိုင်း နှင့် အိန္ဒိယဖက်သို့ မသိမသာ ကိုယ်ရောင်ဖျောက် သွားခဲ့ကြသည်ဟု သတင်းများက ဆိုသည်။

 

ထိုသို့သော အနေအထား ကြုံတွေ့လာရပြီ ဖြစ်၍ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ မင်းအောင်လှိုင်အား ၎င်းကို ထောက်ခံသူများကော၊ မထောက်ခံသူများကပါ ဘက်ပေါင်းစုံမှ မလိုလား ကြတော့။

 

မင်းအောင်လှိုင်သည် ယခုအခါ ဆုပ်လည်းစူး စားလည်း ရူး ဖြစ်လာနေသည်၊ တပ်ကို လက်လွှတ်လိုက်ရသည် နှင့် သူ့ အနေနှင့် အထိအခိုက် မရှိဆိုလျှင်ပင် မိသားစု စီးပွားရေး လုပ်ငန်းများ ထိခိုက်တော့မည် ဖြစ်သည်၊ နဂိုကတည်းက ထိုသို့ ဖြစ်မလာအောင် ပင်စင် မယူပဲ ဇွတ်အတင်း အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ အားလုံးက ဖေဖေါ်ဝါရီ ၁ ရက်နေ့ သူဘာလုပ်မည်နည်းဟု စောင့်ကြည့်နေကြပြီ ဖြစ်သည်။ သို့သော် ဘာမဆို အကုန် လုပ်ရဲသူ အဖို့က မျက်နှာပြောင်တိုက်ပြီး အရေးပေါ် အခြေအနေ သက်တမ်း ဆက်တိုးမည်သာ ဖြစ်သည်။ မကျန်းမမာ ဖြစ်နေသော မြင့်ဆွေကြီးအား ထမ်းစင်ဖြင့် မ လာရ လာရ ခေါ်လာမည်သာ ဖြစ်သည်။

 

ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရ ပါတီကို အာဏာ လွှဲပေးပါမည်ဟု ရောက်လေရာတွင် အာပေါက်မတတ် ‌ပြောနေသည်ကို ကြည့်ခြင်းအားဖြင့် မည်သူမျှ ဆက်နေရန် မလိုလားသော ရာထူးကို မလွတ်တမ်း ဆုပ်ကိုင်သွားဖို့ ကြိမ်းသေနေသည်၊ ၎င်း ထို အတိုင်း ဆက်ရှိနေခြင်းသည် တော်လှန်ရေးကြီး အောင်မြင်ဖို့ တပန်းသာ‌နေပြီ ဖြစ်သည်။

 

ပြည်သူများကတော့ မင်းအောင်လှိုင် နောက်ကျောကို မြင်ရ လောက်ယုံနှင့် မကျေနပ်၊ ၎င်းတို့အပေါ် သုံးနှစ်နီးပါး နှိပ်စက်ကလူ ပြုခဲ့သည့် တဖွဲ့လုံး သွားစေချင်နေကြသည်။ ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှု များ အတွက် တာဝန်ခံရမည့် အဖြစ် ရောက်စေချင်နေကြသည်။

 

ယခုအခါ မင်းအောင်လှိုင် နှင့် ၎င်း၏ အနီးကပ် လူယုံ အဖွဲ့အပေါ် အဖက်ဖက်မှ ဖိအားများ တိုးလာနေပြီ ဖြစ်သည်။ အဓိက အားဖြင့် တချိန်က ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော တပ်မတော်ကြီးအား အရှက်တကွဲ နှင့် ကြံရာမရ ဖရိုဖရဲ ဖြစ်လာအောင် လုပ်ခဲ့မှု အတွက် မင်းအောင်လှိုင် အပေါ် အခဲမကြေ ဖြစ်နေကြသည်။

 

ဖြစ်နိုင် ခြေ သုံးရပ်ကို ဧရာဝတီက ယခုလို သုံးသပ်လာခဲ့သည်။

 

ပထမ ဖြစ်နိုင်‌ခြေ က အထက်တွင် ဖေါ်ပြခဲ့သလို မဖြစ် ဖြစ်သည့် နည်းဖြင့် သက်တမ်းတိုးခြင်း ဖြစ်သည်။

 

ဒုတိယ ဖြစ်နိုင်ခြေက မင်းအောင်လှိုင်သည် လက်ရှိ ဝန်ကြီးချုပ် ရာထူးအား ဒုဝန်ကြီးချုပ် ဖြစ်သော တင်အောင်ဆန်း နှင့် မြတ်ထွန်းဦး နှစ်ဦးထဲမှ တဦးဦးကို လွှဲပေးခြင်းမျိုး ဖြစ်သည်။ ထိုသို့ လုပ်လျှင်လည်း မည်သူမျှ ကျေနပ်ကြမည် မဟုတ်ဟု ‌ဆိုသည်၊ မင်းအောင်လှိုင်သည် လက်ရှိတွင် ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ကောင်စီ ဥက္ကဌ၊ ဝန်ကြီးချုပ်ဟူ၍ ဖွဲ့လို့ ရတာ မှန်သမျှ အကုန်ဖွဲ့ကာ အာဏာမှန်သမျှ ချုပ်ကိုင်ထားသူ ဖြစ်သည်။

 

တတိယ ဖြစ်နိုင်ခြေ က လူများ ယုံကြည်ရလောက်သော နိုင်ငံရေးသမား များ နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား အဖွဲ့များမှ ပုဂ္ဂိုလ်အချို နှင့် ကြားဖြတ် အစိုးရ ဖွဲ့ပေးမည့် အနေအထားမျိုး ဖြစ်သည်၊ စစ်ကောင်စီထံမှ ထိုသို့ ညွှန်ပေါင်းအစိုးရမျိုး ဖွဲ့ရန် မကြာမီ က အသံထွက်လာပြီး ဖြစ်သည်။

 

နောက်တကြောင်းက တရုတ် မှ မင်းအောင်လှိုင်အား ဖယ်ပြီး အသွင်ကူးပြောင်းရေး ကြားကာလ အစိုးရ မျိုး ဖြစ်စေချင်နေသည်ဟု အတိုက်အခံ အဖွဲ့များ အကြား ခန့်မှန်းမှုများ ထွက်ပေါ် နေသည်။ ပြီးခဲ့သည် သုံးနှစ် အတွင်း တရုတ် အထက်တန်း အရာရှိ ကြီးများက ဗိုလ်သန်း‌ရွှေ နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ကြပြီးလည်း ဖြစ်သည်။

 

မကြာမီက နေပြည်တော်သို့ ရောက်လာခဲ့သော တရုတ် ဒု နိုင်ငံခြားရေး ဝန်ကြီး ဆန် ဝေဒေါင်းသည် လည်း ဗိုလ်သန်း‌ရွှေ နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ဖမ်းဆီးခံထားရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင်တောင်းခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ ဤသည်ကို ကြည့်ပြီး စာဖတ်နေသူကြီးသည် မင်းအောင်လှိုင် နှင့် စစ်ကောင်စီ အပေါ် ဩဇာ‌ ညောင်းနေဆဲဟု ထင်ကြေးများ ထွက်ပေါ်လာကြောင်း ဧရာဝတီ တွင် ရေးသားထားသည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင် ဘာလဲ ဘယ်လဲ ဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!