သူတို့ အ‌တွေး၊ သူတို့အမြင် - အာဖဂန်နစ္စတန် မဖြစ်လိုက တောင်အာဖရိက နမူနာယူရန်

by Hla Soewai - Jan 27 2024

(၂၀၂၄ ဇန်နဝါရီ ၂၄ ထုတ် အမေရိကန် Foreign Affairs မဂ္ဂဇင်းပါ “Could Myanmar Come Apart” ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)

 

၂၀၂၁ တွင် ဒီမိုကရေစီ အစိုးရ အား ဖြုတ်ချ အာဏာသိမ်းခဲ့ပြီး ချိန်မှစ၍ စစ်တပ်သည် တစထက် တစ ခြေတံလက်တံ ရှည်လာပြီး မဆုပ်မနစ် တိုက်ပွဲဝင်လာသည့် ခုခံ တွန်းလှန်မှု များ နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ သို့သော်လည်း ‌လေ့လာစောင့်ကြည့်သူများက တော်လှန်ရေး အုပ်စုများသည် အင်အား ချိနဲ့ပြီး အကွဲကွဲ အပြားပြား ဖြစ်နေ၍ စစ်တပ်ကို တကယ်တမ်း အန္တရာယ် ပေးနိုင်ခြင်း ရှိမည် မဟုတ်ဟု ယူဆခဲ့ကြသည်။

 

သို့သော် ထိုသို့ ယူဆထားသည်များသည် ပြီးခဲ့သည့် လ အနည်းငယ် အတွင်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ကြီး ၏ ၁၀၂၇ ရှမ်းမြောက် ထိုးစစ်ကြီးသည် ထူးထူးခြားခြား အောင်မြင်မှုများ ဆက်တိုက်ဆိုသလို ရရှိလာခဲ့သည်။

 

နိုင်ငံအနှံ့အပြား တွင် စစ်တပ်သည် နောက်သို့ ဆုတ်ပြီးရင်း ဆုတ်လာနေရသည့်အတွက် ပို၍ ရှုံးမဲ မဲကာ အကြမ်းဖက်မှုများ တိုး၍ ကျုးလွန်လာနေကြသည်။ ဇန်နဝါရီ လ အတွင်း တရုတ်၏ ကြားဝင်စေ့စပ်မှု ဖြင့် ခနော်နီ ခနော်နဲ့ အပစ်အခတ် ရပ်စဲရေး ရရှိထားသော်လည်း ၎င်းတို့၏ ထုံးစံအတိုင် အပြစ်မဲ့ အရပ်သား များ နှင့် မြို့ရွာများကို ဒဏ်ခတ်သည့် အနေဖြင့် ‌လက်နက်ကြီးများ ဖြင့် ၎င်း၊ လေကြောင်းမှ ၎င်း ဗုံးကြဲ တိုက်ခိုက်လာကြသည်။ သို့သော်လည်း ယင်းလုပ်ရပ်များ ကြောင့် နေပြည်တော် အဖို့ နယ်မြေများ နှင့် နိုင်ငံရေး အရ ဆုံးရှုံးမှုများ ပို၍ ပင် တိုးလာခဲ့သည်။

 

စစ်တပ်အတွင်း စိတ်ဓါတ်များ ကျဆင်းလာနေမှု နှင့် အတူ အကြမ်းဖက်မှုများ များပြားလာနေခြင်းကြောင့် မြန်မာအရေး လေ့လာစောင့်ကြည့်သူများ အကြား အခြေအတင် ဆွေးနွေးစရာများ ဖြစ်လာခဲ့သည်။

 

နေပြည်တော် ဖက်မှတော့ လူမျိုးစု အသီးသီး အုပ်ချုပ်မည့် နိုင်ငံငယ်လေးများ သဖွယ် ကွဲထွက်သွားနိုင်သည့် အလားအလာများ တကယ်တမ်း ဖြစ်လာနိုင်သည်ဟု ရှုမြင့်သည့်ဖက်မှ အလေးသာနေသည်။ အာဏာသိမ်း အဖွဲ့ ပြုတ်ကျသွားသည် မသွားသည် အပထား ထိုသို့ ဖြစ်လာနိုင်သည်ကို တော့ ထည့်မတွက်ပဲ နေ လို့မရပေ။ သို့သော် တော်လှန်ရေး အဖွဲ့များ ကတော့ နိုင်ငံကို ဖက်ဒရယ် ဒီမိုက‌‌ရေစီ ဖွဲ့စည်းပုံ ဖြင့် စုစည်းသွားနိုင်သည်ဟု ရှုမြင်ထားကြသည်။

 

လက်ရှိ ထိုးစစ်ကြီး ဖြစ်ပေါ်လာအောင် လပေါင်းများစွာ ညှိနှိုင်း ပြီး အသေးစိတ် ပြင်ဆင်ခဲ့ရသည် များကို ကြည့်မည်ဆိုက ထိုသို့ လုပ်နိုင်စွမ်း ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာ၏ အနာဂတ်သည် တော်လှန်ရေးကြီး အောင်မြင်မှု အပြင် လက်ရှိ လူမှုရေး နှင့် စီးပွားရေး အရ လက်ရှိ ဖြစ်ပေါ်နေသော အနေအထား အတိုင်း ပြည်ထောင်စု ပြိုကွဲသွားနိုင်မှု ရှိမရှိ ဆိုသည်ကပါ အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အချက် နှစ်ချက် အပေါ် အတွက်အချက် မှားယွင်းစွာ ဖြင့် အာဏာသိမ်းလိုက်ခြင်းပင် ဖြစ်သည်၊ ပထမ အချက်က ၂၀၁၁ မှ ၂၀၂၁ ဆယ်နှစ်တာ ကာလ အတွင်း လူငယ်များ ရရှိခံစားနေသော လွတ်လပ်ခွင့်များကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်၊ လူငယ်များသည် ရရှိလာသော လွတ်လပ်ခွင့် များကြောင့် ဒီမိုကရေစီ စနစ် ဖြင့် ဆက်၍ သွားရန် လိုလားနေကြသည်။ မင်းအောင်လှိုင်၏ အာဏာသိမ်းခဲ့မှု သည် ထိုမျိုးဆက်သစ် လူငယ်များ၏ ထောက်ခံမှု ကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်တွင် ဗမာလူငယ်များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သွားရောက်ပူးပေါင်းကာ တော်လှန်ရေး ကို ရှေ့ဆုံးမှ ဦးဆောင်လာသည်။

 

နောက်တချက် အတွက် လွဲခဲ့ရသည်က အာဏာသိမ်းပြီးနောက်တွင် တိုင်းရင်းသား လက်နက်ကိုင်များမှ စစ်တပ် ပို၍ အင်အားကြီးထွားလာပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်လာမည့် အရေးကြောင့် ၎င်းတို့ အကြား သဘောကွဲလွဲလာကြပြီး ငြိမ်းချမ်းရေး ရယူလာကြလိမ့်မည်၊ ပြိုကွဲသွားမည့် အလားအလာများလည်း ရှိလာလိမ့်မည်ဟူ၍ ဖြစ်သည်။

 

သို့သော် အထင် နှင့် အမြင် တလွဲစီ ဖြစ်ခဲ့ရပြီး ၂၀၁၅ တွင် NCA လက်မှတ် ထိုးထားသည့် အဖွဲ့ အချို့ကိုပင် ခွဲထွက်သွားစေခဲ့သည်။ အာဏာသိမ်းခဲ့မှု ကြောင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ စစ်တပ်ကို အပြီးအပိုင် ဖယ်ရှား နိုင်မှသာ ဖြစ်တော့မည့်ဟု တညီတညွတ်တည်း ယူဆလာခဲ့ကြသည်။ မင်းအောင်လှိုင်၏ လုပ်ရပ်သည် တော်လှန်‌ရေး အဖွဲ့များကို ညီညွတ်သွားစေခဲ့သည်သာမက ၎င်း၏ စစ်တပ်ကိုပင် အင်အား ချိနဲ့ အောင် လုပ်ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

စစ်တပ်သည် ၎င်းတို့ကိုယ် ၎င်းတို့ အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်နေသူများဟု ခံယူထားကြသည်၊ အာဏာသိမ်းပြီးနောက်တွင် ယခင်က နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် များ ဖြင့် ပြုပြင် ပြောင်းလဲလာသော ထိပ်တန်း ခေါင်းဆောင်များပင် ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာကြသည်။ သို့သော် ပြည်တွင်းစစ်ကြီး အရှိန် မြှင့်လာသည်နှင့် အမျှ အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများ မှ ၎င်းတို့ တပ်မှုးများ အပေါ် အယုံအကြည်မဲ့လာကြသည်။ အစုလိုက် အပြုံလိုက် လက်နက်ချခဲ့မှု များ နှင့် ပြီးခဲ့သည့် နှစ်နှစ် အတွင်း ကျဆုံးသွားခဲ့ရသူ စုစုပေါင်း ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိနေသည်။ ယခုဆိုလျှင် ထိုထက်မက များဖို့သာ ရှိသည်။

 

နိုင်ငံတွင်းတွင်လည်း လူမုန်းများလာ၍ စစ်တပ် အဖို့ လူသစ် မစုဆောင်းနိုင် ဖြစ်လာနေသည်။ အထက်တန်း စစ်အရာရှိကြီးများ ကျေနပ်စေရန် ရာဇဝတ်မှု မကင်းသော လုပ်ငန်းများမှ အကျိုးအမြတ်များကို ခံစားခွင့် ပေးခဲ့ရပြီး ၎င်းတို့ကိုယ်တိုင်လည်း ထိုလုပ်ငန်းများ အပေါ် ကြီးကြပ်လာခဲ့သည်။ သို့သော် ထိုသို့ အကျင့်ပျက် ခြစားမှု များ အပေါ် မသိချင်ယောင် ဆောင်ခဲ့ရ၍လည်း စစ်တပ်အတွင်း အမိန့်ပေး အမိန့်ခံ ကွပ်ကဲမှု ပျက်ယွင်းကာ စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်လာ၍ အသေအပျောက် ပိုများလာခဲ့ရသည်။

 

စစ်တပ်သည် လတ်တလော ပြိုလဲသွားမည့် အလားအလာ မရှိသေးသော်လည်း အာဏာသိမ်းမှုကြောင့် ၎င်းတို့ လက်ဝယ်ရှိ နိုင်ငံရေး၊ စစ်ရေး နှင့် စီးပွားရေး အာဏာများ သိသိသာသာ ဆုတ်ယုတ် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

တော်လှန်ရေး အင်အားစုများ အားလုံးက စစ်အာဏာသိမ်း အဖွဲ့ ပြုတ်ကျသွားရေးသာမက နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖြင့် တည်ဆောက်သွားရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။ ညီနောင်သုံးဖေါ်နှင့် အမျိုးသား ညီညွတ်ရေး အစိုးရသည် တရားဝင် မဟာမိတ်များ မဟုတ်ကြသေးသော်လည်း စစ်ရေးစစ်ရာ တွင် အတူ ညှိနှိုင်း လုပ်ဆောင်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဖက်ဒရယ် သမ္မတနိုင်ငံ ထူထောင်ရေး အတွက် မရှိမဖြစ် လိုအပ်သော ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာ များ တွေ့လာရသည်။

 

၁၀၂၇ စစ်ဆင်ရေး ၏ အောင်မြင်မှု များ ကြောင့် ရှမ်းလက်နက်ကိုင် အဖွဲ့များ အတွက် ထီးထီးကြီး ဖြစ်လာခဲ့၍ အခြား ရွေးးစရာ လမ်း မရှိတော့ပဲ တော်လှန်ရေး အဖွဲ့များ နှင့် အဆင်ပြေအောင် လုပ်လာခဲ့ရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း နေပြည်တော် နှင့် အဆက်အသွယ် ရှိသည့် RCSS သည် စစ်တပ်အား တိုက်ခိုက်နေသည့် SSPP သည် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြသည်။

 

သို့သော် မြန်မာတို့၏ တော်လှန်ရေးသည် ဒေသတွင်း နိုင်ငံများ၏ သံတမန်‌ရေး အရ ထောက်ခံမှု မရသေး၍ ပြင်ပ အကူအညီများ ရနိုင်ဦးမည် မဟုတ်ပေ။ ထို့အတွက် တော်လှန်ရေး အောင်မြင်ရန် တခုတည်းသော နည်းလမ်းသည် မိမိတို့ အကြား ကွဲလွဲမှုများကို ဘေးချိတ်ပြီး စစ်တပ်အတွင်း ဖြစ်ပေါ်လာနေသော အကျပ်အတည်း များကို အခွင့်ကောင်း ယူနိုင်မှသာ ဖြစ်ပေမည်။

 

ဖက်ဒရယ် စနစ် ရည်မှန်းချက်များကို အဟန့်အတား ဖြစ်လာနိုင်သည်က လူမျိုးရေး တင်းမာမှုများ ခေါင်းထောင် ထလာခြင်း နှင့် မူးယစ်ဆေးဝါး နှင့် တရားမဝင် လုပ်ငန်းများ အမြစ်တွယ်လာနိုင်သည့် အရေးပင် ဖြစ်သည်။

 

တိုင်းရင်းသားများသည် အမျိုးသား ညီညွတ်ရေး အစိုးရမှ ‌ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကကဲ့သို့ ဗမာ အများစု အုပ်ချုပ်လွှမ်းမိုးမည့် အနေအထား ပြန်သွားလိမ့်မည်ဟု သံသယ ရှိနေကြသည်။ ထိုသံသယ များ ကြောင့်လည်း ညီနောင်သုံးဖေါ်အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် စစ်ရေး အရ လက်တွဲနေသော်လည်း ခေါင်းဆောင်မှု နေရာ မပေးခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်တကြောင်း က တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များ ခွဲဝေပေးခြင်း ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများသည် ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် ရယူလိုခြင်းသည် နိုင်ငံရေးသာမက စီးပွားရေး နှင့် လည်း သက်ဆိုင်နေသည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်သည် သဘာဝ သယံဇာတများကို ညီတူမျှတူ ခွဲဝေပေးဖို့ လိုအပ်လာသည်။

 

စစ်အာဏာသိမ်း အဖွဲ့ကဲ့သို့ပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့သည် မူးယစ်ဆေးဝါး လုပ်ငန်းများ နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေ၍ ၎င်းတို့ အုပ်ချုပ်ခွင့်ရ ဒေသများ တွင် အလုပ်အကိုင် အခွင့် အလန်း များ ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်။ မိမိတို့ ဒေသထွက် သယံဇာတ များကို ကာကွယ်ရင်း အချင်းချင်း အကြား နောက်ထပ် သဘောထား ကွဲစရာ များ ဖြစ်လာပြီး ဝ ကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်သွားမည့် ဒေသများ အဖြစ် ကွဲထွက်သွားနိုင်သည်။

 

သို့သော် ဝ တို့သည်လည်း ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း မရှိ၍ တရုတ်ကို အစစ အရာရာ မှီခိုနေရသည်။ ထိုသို့ မှီခို ဖို့ ဖြစ်လာက ဖက်ဒရယ် ဒီမိုက‌ရေစီ အတွက် အဟန့်အတား ဖြစ်လာနိုင်သည်။ ဘီဂျင်းသည် ၎င်း၏ နောက်ဖေးခြံ တွင် စုစည်းညီညွတ်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ရှိလာမည့် အရေးကို မလိုလား၊ မြန်မာ အား ဆက်ပြီး ချုပ်ကိုင်ထား နိုင်ရန် တဖွဲ့ နှင့် တဖွဲ့ အဆင်မပြေအောင် ကစား သွားမည်သာ ဖြစ်သည်။

 

လက်ရှိ ကာလ အား မြန်မာ သမိုင်းတွင် အရေးအကြီးဆုံး၊ ထိလွယ်ရှလွယ်သော အချိန် ဖြစ်သည်ဟု ပြော၍ ရပေသည်။ စစ်အာဏာသိမ်း အဖွဲ့သည် အားအနည်းဆုံး ဖြစ်လာနေပြီး တော်လှန်‌ရေးသည် မကြုံစဖူးအောင် နိုင်ငံရေး၊ စစ်ရေး အရ အသာစီးရလာသည်သာ မက နယ်မြေများလည်း စိုးမိုး ထားနိုင်လာပြီ ဖြစ်သည်။

 

ထို့အတွက် တော်လှန်ရေး အင်အားစု များ အဖို့ မိမိတို့ အချင်းချင်း ဆွေးနွေး အဖြေရှာနိုင်မှသာ ၁၉၉၀ ကျော် နှစ်များ အတွင်း အာဖဂန်နစ္စတန် တွင် အစိုးရ ပြိုလဲသွားပြီးနောက် ပြည်တွင်းစစ်မီးကြီး ဟုန်းကနဲ တောက်လာသလို အဖြစ်မျိုး ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

 

တော်လှန်ရေး အင်အားစုများ အနေဖြင့် တောင်အာဖရိက ရှိ အပါသိုက် ဆန့်ကျင်ရေး လှုပ်ရှားမှု ကဲ့သို့ အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့ထက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းခဲ့သည်များကို နမူနာ ယူသင့်ပေသည်။ သို့မှသာ တိုင်းပြည် အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းလာမည့် အခွင့်အလန်း ရှိလာနိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!