ဥရောပတိုက် တတိုက်လုံးကို ငြိမ်းချမ်းရေး ရအောင် စုစည်းနိုင်ခဲ့ခြင်းသည်ကပင် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ထင်ရှားသော အောင်မြင်မှု ကြီး လာခဲ့ သည်။ သမိုင်းတလျှောက် အဆိုးဝါးဆုံး ထိခိုက် ပျက်စီးမှု ဒဏ် အလူးအလိမ့် ခံခဲ့ရသည့် ဒေသကြီးသည် ကာလကြာမြင့်စွာ တည်ငြိမ်လာခဲ့ပြီး ဖွံ့ဖြိုး ကြွယ်ဝလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ထိုသို့ ဖြစ်လာခဲ့ရခြင်း၏ အကြောင်းရင်းများထဲတွင် ဆိုဗီယက် ပြည်ထောင်စု ၏ စစ်အင်အား ကို ချိန်ညှိနိုင်ခဲ့ခြင်း နှင့် ၎င်းတို့၏ ရည်မှန်းချက်များကို ဟန့်ဝာားနိုင်ခဲ့ခြင်း တို့သည်လည်း တစိတ်တပိုင်းအားဖြင့် ပါဝင်နေသည်။ အဓိက အကြောင်းရင်းသည်က အနောက်ဥရောပ ၏ စီးပွားရေး သည် မာရှယ် စီမံကိန်းကြောင့် အလျှင် အမြန် ရုန်းထလာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့ပြင် အနောက်ဂျာမဏီ အား အောင်မြင်စွာ ဒီမိုကရေစီ ဇာတ်သွင်းနိုင်ခဲ့ခြင်း နှင့် ဥရောပ တိုက် တလွှား အသင်းအဖွဲ့များ ထူထောင်နိုင်ခဲ့ခြင်းသည်လည်း အကြောင်းရင်း တခု အဖြစ် ပါဝင်နေသည်။
သို့သော် စစ်အေး တိုက်ပွဲကြီး ပြီးဆုံးသွားမှု နှင့် အတူ ဥရောပတိုက်ကြီး အား ခြိမ်းခြောက်နေသော အန္တရာယ်ကြီး ကွယ်ပျောက်သွားခဲ့ရသော်လည်း ရရှိထားပြီးသော တည်ငြိမ် ဖွံ့ဖြိုးတိုးတက်နေမှု နှင့် ဒီမိုကရေစီ ကို ထိန်းသိမ်းထားရန် ပို၍ ခက်ခဲလာနေသည်ကို တွေ့လာရသည်။
ထိုသို့ စိန်ခေါ်မှုများ တွေ့ကြုံလာရခြင်းသည်လည်း ဆိုဗီယက် ယူနီယံ ပြိုကွဲသွားခဲ့ရမှု နှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။ ဆိုဗီယက် ယူနီယံသည် တကယ်တမ်းတွင် အင်ပိုင်ယာ နှစ်ခု ပေါင်းစပ်ထားခြင်း သာ ဖြစ်သည်။ တခုသည် ပြည်တွင်း အင်ပိုင်ယာ ဖြစ်ပြီး သမ္မတ နိုင်ငံများ ဆိုကာ လူမျိုး မတူ သူ များ နေထိုင်ရာ နယ်မြေကြီး ဆယ်လေးခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်၊ နောက်တခု သည် ပြည်ပ အင်ပိုင်ယာ ပင် ဖြစ်သည်။ ထိုအင်ပိုင်ယာ ထဲတွင် အရှေ့ဥရောပ နိုင်ငံများ ဒါဇင်ဝက်ခန့် ပါဝင်ပြီး ဆိုဗီယက်က ပင် လွှမ်းမိုး ထိန်းချုပ်ထားသည်။
စစ်အေး တိုက်ပွဲ ကြီး အဆုံးသတ် သွားချိန်တွင်တော့ ကန့်ကွက် ဆန္ဒပြ ပွဲများ၊ ပဋိပက္ခများ ဖြစ်လာသည်၊ အဓိက အားဖြင့် ဆိုဗီယက် နေရာ ဆက်ခံရန် စစ်ခင်းလာကြခြင်း ဖြစ်သည်ဟု ပြော၍ရပေသည်။
မော်စကို တွင် အကွဲအပြဲများနှင့် အင်အားချိနဲ့လာနေ ခြင်းကြောင့် ယခင်ကလို ကော်နှင့် ကပ်ထားသည့်အလား မြဲမြံလှသော ပြည်တွင်းပြည်ပ အင်ပိုင်ယာကြီး နှစ်ခု စလုံးရှိ အမျိုးသားရေး အင်အားစုများသည် ဝါးအစည်းပြေသကဲ့ သို့ ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ၁၉၉၁ နှစ်ကုန်ပိုင်း အရောက်တွင် ဆိုဗီယက် ပြည်ထောင်စု ကြီးသည်လည်း ကွယ်ပျောက်သွားခဲ့ရပေတော့သည်။ သူ့နေရာတွင် ရုရှား အပါအဝင် လွတ်လပ်သော နိုင်ငံ ဆယ်ငါးနိုင်ငံ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အရှေ့ဥရောပ နိုင်ငံများသည်လည်း ယခင်ကလို စာရွက်ပေါ်တွင်သာ လွတ်လပ်ခြင်းမျိုး မဟုတ်တော့ပဲ အမှန်တကယ် လွတ်လပ်သည့် အဖြစ်သို့ ရောက်လာခဲ့ကြသည်။ ထိုအထဲမှ အများစုသည် နေတိုး အဖွဲ့ကြီးတွင် ပါဝင်လာခဲ့သည်။
ထိုကဲ့သို့ သော အပြောင်းအလဲများသည် သွေးထွက်သံယို မှု ကြီးကြီးမားမား မရှိပဲ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ခြွင်းချက် အဖြစ် ယူဂိုဆလားဗီယား ပြိုကွဲသွားမှု နှင့် အတူ ပေါ်ပေါက်လာသော စစ်ပွဲကြီး နှင့် အကြမ်းဖက်မှု များ တော့ ရှိနေသည်။
လူမျိုးစု ပဋိပက္ခကြီးများ ပတ်ခြာလည် ဖြစ်ပွားလာမှု ကြောင့် နေတိုးသည် ဘော့စနီယား တွင် ၁၉၉၅ ၌ တကြိမ်၊ ကိုဆိုဗို တွင် ၁၉၉၉ တွင် တကြိမ် စစ်ရေး အရ ဝင်ရောက်စွက်ဖက်လာခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေး၊ သံခင်းတမန်ခင်း၊ စီးပွားရေး နှင့် နိုင်ငံရေး အရ ဒဏ်ခတ် ပိတ်ဆို့မှုများ နှင့် မစွမ်းဆောင်နိုင် ဖြစ်နေခြင်းများကို အဆုံးသတ် ပေးနိုင်ခဲ့သည်။
ဘော့စနီယား စစ်ပွဲသည် ၁၉၉၅ တွင် ဒေတန် သဘောတူညီချက် ဖြင့် အဆုံးသတ်သွားခဲ့ပြီး၊ ကိုဆိုဗို သည် လည်း ၂၀၀၈ တွင် ဆာဘီယား ထံမှ လွတ်လပ်ရေး ရရှိသွားခဲ့သည်။ သို့သော် ရရှိထားသော ငြိမ်းချမ်းရေးသည် ခနော်နီ ခနောနဲ့ ဖြစ်နေသဖြင့် ကုလသမဂ္ဂငြိမ်ချမ်းရေး တပ်ဖွဲ့များ ယခုတိုင် ကိုဆိုဗို တွင် ရှိနေဆဲပင် ဖြစ်သည်။
ထိုသို့ လူမျိုးရေး ပဋိပက္ခ များကို ဖြေရှင်းခဲ့ရသည့် အပြင် ဥရောပ အစိုးရများသည် ၎င်းတို့ ၏ နိုင်ငံသားများ လက်ခံနိုင်လောက်သည့် နိုင်ငံရေး နှင့် စီးပွားရေး အရ အချင်းချင်း မည်သို့မည်ပုံ ပေါင်းစည်း နိုင်မည့် နည်းလမ်းများကို ဆွေးနွေး အဖြေရှာ နေကြရပြန်သည်။
ထိုသို့ ဆွေးနွေးကြကြရာမှ အဓိက အားဖြင့် ကွဲပြား သော အချက် နှစ်ချက် ပေါ်ထွက်လာခဲ့သည်။ ယင်းသည်က "the United States of Europe"၊ သို့တည်း မဟုတ် "a United Europe of States" လော ဟူ၍ ဖြစ်သည်။
"the United States of Europe အိုင်ဒီယာသည်ကား နိုင်ငံ အစိုးရများ၏ အာဏာ ကို တဖြေးဖြေး နှင့် ဘရပ်ဆဲလ်တွင် ဌာနချုပ် ဖွင့်ထားသော အီးယူ အာဏာပိုင် အဖွဲ့သို့ တိုး၍ ပေးသွားသင့် သည် ဟူ၍ ဖြစ်သည်။ ယင်းအား အကောင်အထည် ဖေါ်ရန် ခြေလှမ်း အတော်များများ လှမ်းလာခဲ့ကြသည်။ ထိုအထဲတွင် အရေးပါဆုံး ခြေလှမ်းသည်ကား ၁၉၉၂ အစောပိုင်းတွင် မားစ်ထရစ် စာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုစာချုပ်အား ဥရောပ ဘုံဈေး အဖွဲ့ဝင် ဆယ့်နှစ်နိုင်ငံ မှ ခေါင်းဆောင်များ မှ သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့သဖြင့် ဥရောပ သမဂ္ဂ ခေါ် အီးယူ အဖွဲ့ကြိး ပေါ်ထွက်လာခဲ့သည်။
နဂိုမူလ ဥရောပ ဘုံဈေး အဖွဲ့ နှင့် ဥရောပ သမဂ္ဂ ၏ ကွာခြားချက်သည်ကား ဥရောပ သမဂ္ဂ ကြီးသည် လုံခြုံရေး နှင့် နိုင်ငံခြားရေး မူဝါဒ များ အတွက် အချို့ ကိစ္စများ တွင် အဖွဲ့ဝင် နိုင်ငံ တနိုင်ငံစီရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနများတွင် တာဝန်မရှိတော့ပဲ အဖွဲ့ကြီးမှ ကိုယ်စားပြု ဆောင်ရွက်သွားရမည် ဆိုသော လွန်စွာ အ ရေး ပါသည့် အချက်ကြီး ပါရှိလာခဲ့ခြင်းပင် ဖြစိသည်။
စီးပွားရေး ပိုင်းတွင်လည်း မားစ်ထရစ် စာချုပ် ဖြင့် အဖွဲ့ဝင် နိုင်ငံများမှ ယူရို ငွေကြေး ကို တပြေးညီ သုံးစွဲ သွားမည်ဟု ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။ ယူရိုအား ၁၉၉၉ တွင် စတင် လာခဲ့ပြီး ၂၀၀၂ တွင် ငွေစက္ကူများ ကို အားလုံး သုံးစွဲလာနိုင်သည့် အနေအထား ရောက်လာခဲ့သည်။
၁၉၉၃ တွင် ဥရောပ ဈေးကွက်ကြီး အဖြစ် တစည်းတလုံးတည်း ပေါ်ပေါက်လာခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများအကြား ကုန်စည် နှင့် ဝန် ဆောင်မှု လုပ်ငန်းများလွတ်လပ်စွာ စီးမျော လုပ်ကိုင်ခွင့် ရှိလာခဲ့သည်။
အစောပိုင်း နှစ်များ တွင် လူဇင်ဘတ် နိုင်ငံ ရှိ ရှင်ဂန်း မြိုတွင် ဆွေးနွေး ခဲ့ရာမှ ရှင်ဂန်းဧရိယာ သဘောတူညီချက်လည်း ရရှိခဲ့သည်။ ထို သဘောတူ ညီချက်ဖြင့် အဖွဲ့ဝင် နိုင်ငံများ ရှိ နိုင်ငံသား များသည် တနိုင်ငံနှင့် တနိုင်ငံ သို့ နိုင်ငံကူး လက်မှတ် မလိုပဲ သွားလာနိုင်ခွင့် ရလာခဲ့ကြသည်။
ထိုသို့ နိုင်ငံ အချင်းချင်း ပေါင်းစည်း နိုင်ခဲ့သည့် ကာလအတွင်း မှာပင် အီးယူသည် အဖွဲ့ကြီးကို တိုးချဲ့ဖွဲ့စည်းလာခဲ့ရာ ယခင် ဆယ့်နှစ်နိုင်ငံ ရှိရာမှ ၁၉၉၅ တွင် ဆယ့်ငါးနိုင်ငံ အထိ ရှိလာခဲ့သည်။ ၂၀၁၃ တွင် ကရိုအေရှား ပါဝင်လာခဲ့ပြီး နောက်တွင်မူ အဖွဲ့ဝင် နှစ်ဆယ့် ရှစ်နိုင်ငံ အထိ ရောက်ရှိလာခဲ့သည်။
သို့သော် "a United States of Europe" အိုင်ဒီယာ ကိုတော့ အမျိုးသား ရေး သွင်ပြင် လက္ခဏာ၊ အချုပ်အခြာ အာဏာ ဆုံးရှုံးမည့် အ ရေး နှင့် နယ်ခြား ဖြတ်ကျော်ပြီး ဥဒဟို ကူးသန်းကြမည့် အရေးကြောင့်လူအများက သဘောမတွေ့ ဖြစ်ခဲ့ကြသည်။ ထို့အတွက် အားလုံး က အနီးစပ်ဆုံး အကြိုက် ဖြစ်စေသည့် "the United States of Europe သည်သာ အဖွဲ့ဝင် နိုင်ငံ အစိုးရများ နှင့် ဘရပ်ဆဲလ်ရှိ အီးယူ အကြား အာဏာချိန်ခွင်လျှာသည် အဖွဲ့ဝင် နိုင်ငံ များ ဖက်သို့ ပို၍ ယိမ်းယိုင်လာမည် ဖြစ်သည်။
အကောင်းဆုံး ဥပမာ အဖြစ် ဗြိတိန် ကို ဆွဲထုတ် ပြနိုင်ပေသည်။ ဗြိတိန်သည် ၎င်းတို့၏ အာဏာ ကို အထိပါး မခံနိုင်သဖြင့် ဘရပ်ဆဲလ်မှ လက်ဝါးကြီး အုပ်မည့် အရေးကို ရှေ့ဆုံးမှ ဦးဆောင် ဆန့်ကျင်ခဲ့သည်။
ဗြိတိန်သည် ဥရောပ ဘုံဈေး အဖွဲ့သို့ ၁၉၇၃ တွင် ဝင်ရောက်ခဲ့သည်။ ဥရောပ သမဂ္ဂ၏ ဘုံငွေကြေး သုံးမည် အရေး တွင် မပါဝင်ပဲ ၎င်းတို့၏ ပေါင်စတာလင် ငွေကြေးကို သာ ဆက်၍ သုံးရန် ဆုံးဖြတ်ခဲ့သည်။
၂၀၀၅ တွင် ပြင်သစ် နှင့် နယ်သာလန် ပြည်သူများက ဥရောပ ဖွဲ့စည်းပုံ မူကြမ်း ကို လူထု ဆန္ဒ ခံယူပွဲ လုပ်ရာ တွင် မဲပေး ပယ်ချခဲ့ကြသည်။ လက်ဝယ်ရှိ အာဏာကို ဘရပ်ဆဲလ်ရှိ ၎င်းတို့နှင့် အဆက်အဆံမရှိ၊ တာဝန်ခံယူမှုလည်း ရှိမည် မဟုတ်သော ဗြူရိုကရက်များထံ သို့ ထပ်လွှဲပေးရမည့် အပိုဒ်များ ပါလာသောကြောင့် ဖြစ်သည်။
၂၀၁၆ တွင်တော့ ဗြိတိန်သည် ဘရက်ဆစ် ဟု လူသိများလာသည့် အီးယူမှ နှုတ်ထွက်ရေး အတွက် သဘောတူမတူ ကို လူထု ဆန္ဒခံယူပွဲ ပြလုပ်လာခဲ့ရာ နှုတ်ထွက်ရန် သဘောတူသည့်ဖက်မှ ပွတ်ကာသီကာ ဖြင့် အနိုင်ရသွားခဲ့သည်။