အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြို ပုံရိပ်များ

by Hla Soewai - Jan 19 2024

"ရီဂင် တယောက် ပြုံးနေတယ်" ဟု ၁၉၆၈ ရီပတ်ဘလီကင် သမ္မတလောင်း အဖြစ် ပါတီ၏ ‌ရွေးကောက်တင်မြှောက် ခြင်း မခံရသည့် ည က ‌ရီဂင်ကို ကြည့်ပြီး နော်မန် မေလာက ရေးခဲ့ဖူးသည်။

 

ရီပတ်ဘလီကင် ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး၏ ပထမ အချီ မဲပေးရွေးချယ်ရာတွင် ရစ်ချတ် နစ်ဆင်သည် ရော်နယ် ရီဂင် အပါအဝင် သူ့အား စိန်ခေါ်လာသူများ ကို အနိုင်ရရှိကာ ရီပတ်ဘလီကင် သမ္မတလောင်း အဖြစ် ‌ရွေးချယ်ခံခဲ့ရသည်။

 

ရီဂင်သည် ထိုအချိန်က ၁၉၆၀ တွင် ဘယ်ရီ ဂိုးလ်ဝါတား မှ သမ္မတ လောင်း အဖြစ် အမည်စာရင်း တင်သွင်း ခံရမည့် အရေး စွန့်လွှတ်သွားခဲ့သည်ကို သတိရကောင်း ရနေလိမ့်မည်ဟု မေလာက တွက်ဆခဲ့သည်။ ဘယ်ရီ ဂိုးလ်ဝါးတား နောက်ဆုတ်သွားခဲ့သည်ကို ထိုစဉ်က အားလုံး ဝမ်းပမ်းတသာ လက်ခုတ်ဩဘာပေး ဂုဏ်ပြုခဲ့ကြသည်။ ၁၉၆၄ တွင်တော့ ဘယ်ရီ ဂိုးလ်ဝါးတားသည် သမ္မတလောင်း အဖြစ် ရွေးချယ်ခံခဲ့ရသည်။

 

ယခုအခါ ပါတီ၏ သမ္မတ လောင်း အဖြစ် ‌ရွေးချယ် သည့် လုပ်ငန်းစဉ်သည် ယခင်ကလို နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံ တွင် မဟုတ်တော့ပဲ primary ခေါ် အောက်ခြေ မှတ်ပုံတင် ပါတီဝင်များ မှ ၎င်းတို့ ပါတီ အတွက် သမ္မတလောင်း အဖြစ် မည်သူကို အလိုရှိသည် ဆိုသည်ကို ကိုယ်စားလှယ် များမှ တဆင့် မဟုတ်တော့ပဲ တိုက်ရိုက် မဲပေး ရွေးချယ်ပေးခဲ့သည်။

 

အရွေးချယ် မခံရသူ များ အတွက်လည်း အကျိုးရှိလာခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အိုင်အိုဝါ ပြည်နယ် ရီပတ်ဘလီကင် ပါတီဝင်များ၏ သမ္မတလောင်း ရွေးချယ်ပွဲတွင် ဒေါ်နယ် 

ထရန့်သည် ပြိုင်ဖက်များ ဖြစ်သည့် ရွန် ဒီဆန်တပ်စ် နှင့် မစ္စက် နီကီ ဟေးလီ တို့ အပေါ် ၃၀ ရာနှုန်း အသာ ဖြင့် အပြတ် ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယ လူ ဒီဆန်တပ်စ် နှင့် တတိယ ရသွားသောဟေ‌လီ တို့ အတွက် စိတ်ပျက်စရာ ဖြစ်မသွားခဲ့ပေ။

 

အဘယ်ကြောင့် ဆိုသော ရီဂင် ကဲ့သို့ပင် အနာဂတ် တွင် အောင်မြင်နိုင်သည့် အခွင့် အလန်းများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ အမေရိကန် နိုင်ငံသား အများစုသည် ၎င်းတို့နေထိုင်ရာ ခရိုင်၏ ကွန်ဂရက် အမတ်၊ အထက်လွှတ်တော် အမတ် မည်သူမည်ဝါ ဆိုသည်ကို မသိကြပေ။

 

ထို့အတွက် ယခုလို သမ္မ‌တလောင်း ရွေးချယ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုက်ခြင်းဖြင့် နိုင်ငံ အနှံ့အပြား လူသိများသွားခဲ့သည်။ ယင်းသည် ရှေ့လာမည် လေးနှစ် သို့မဟုတ် ရှစ်နှစ် အတွင်း အကျိုးထူးလာနိုင်စရာ ရှိနေသည်။

 

ဂျွန် မက္ကိန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ရီပတ်ဘလီကင် သမ္မတလောင်း ရွေးချယ်ပွဲတွင် ဂျော့ခ်ျ ဒဗလူ ဘွတ်ရှ် ကို ရှူံး နိမ့်သွားခဲ့သော်လည်း ၂၀၀၈ တွင် မစ် ရွန်နီ ကို အနိုင်ရကာ သမ္မတလောင်း အဖြစ် ‌ရွေးချယ်ခံခဲ့ရသည်။ ရွန်နီသည်လည်း နောက် လေးနှစ် အကြာတွင် ရွေးချယ်ခံခဲ့ရသည်။

 

၂၀၀၈ တွင် ဟီလာရီ ကလင်တန် နှင့် ဂျိုးဘိုင်ဒင်တို့သည်လည်း အိုဘာမားကို ရှုံးနိမ့်ခဲ့ကြသည်။ သို့သော် ၂၀၁၆ တွင် ဟီလာရီ ရွေးချယ်ခံခဲ့ရပြီး ၂၀၂၀ တွင် ဂျိုးဘိုင်ဒင်လည်း သမ္မတလောင်း ဖြစ်လာခဲ့သည်။

 

၂၀၂၃ နိုဝင်ဘာလ အတွင်း ဒီဆန်တပ်စ်သည် ၂၀၂၈ ဒီမိုကရက် သမ္မတ လောင်း အဖြစ် ထိပ်မှ ပြေးနေသူ ကယ်လီဖိုနီယား ပြည်နယ် အုပ်ချုပ်ရေး မှုး ဂါဘင် နယူဆမ် နှင့် စကားစစ်ထိုးပွဲ လုပ်လာခဲ့သည်။

 

အချို့ကလည်း ဒုသမ္မတ အဖြစ် ရွေးချယ်ခံရနိုးဖြင့် ယှဉ်ပြိုင်လာကြခြင်းလည်း ဖြစ်နိုင်ပေသည်။ ၂၀၀၄ တွင် ဂျွန် ကယ်ရီ သည် သူ၏ ဒုသမ္မတလောင်း အဖြစ် ဂျွန် အက်ဒွပ်ကို ရွေးခဲ့သည်။ ရီဂင်သည်လည်း ၁၉၈၀ တွင် ဂျော့ခ်ျ အိပ်ခ်ျ ဒဗလူ ဘွတ်ရှ်အား ဒုသမ္မတ အဖြစ် လက်တွဲခေါ်လာခဲ့သည်။ ထိုပုံစံမျိုး ဖြင့် ရှူံးနိမ့်သူများသည် သမ္မတ ဖြစ်လာနိုင်ခွင့် ရလာခဲ့သည်။ ဘိုင်ဒင်သည်ပင် အိုဘာမား ၏ ဒုသမ္မတ အဖြစ် သက်တမ်း နှစ်ကြိမ်တိုင် ထမ်း‌ ဆောင်ခဲ့မှုကြောင့် သမ္မတ အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

ဘွတ်ရှ် စီနီယာသည်လည်း သမ္မတ အဖြစ် ရီဂင် နေရာကို ဆက်ခံခဲ့သည်။ လင်ဒန် ဂျွန်ဆင်သည်လည်း ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံခဲ့ရပြီး နောက်တွင် ဒုသမ္မတ အဖြစ်မှ သမ္မတ ဖြစ်လာခဲ့သူ ဖြစ်သည်။

 

သို့သော် ထရန့်သည် အငြိုးအတေး ထားတတ်သူ ဖြစ်၍ သူ့အား ယှဉ်လာသူများကို လက်တွဲခေါ်မည့် လူစားမျိုး မဟုတ်ပေ။ Primary ရလဒ် မည်သို့ပင် ထွက်လာစေကာမူ သူ့အနေဖြင့် ဒုသမ္မတ ‌လောင်း အဖြစ် မည်သူကို ရွေးရမည်ကို လျာထားပြီး ဖြစ်သည်ဟု ထရန့်က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြောခဲ့ပြီး ဖြစ်သည်။

 

ဒုသမ္မ‌တလောင်း ဖြစ်လာမည့် လူသည်လည်း ဖြစ်နိုင်ဖွယ် သိပ်မရှိလှသော်လည်း ဖြစ်လာမည်ဆို က အမြတ်ဟု မျှော်လင့်ကောင်း မျှော်လင့် နိုင်စရာများ ရှိနေပြန်သည်။ ဥပမာအားဖြင့် အသက် ၇၇ နှစ် ရှိပြီ ဖြစ်သည့် ထရန့် မကျန်းမမာ ဖြစ်လာခြင်း၊ သို့တည်း မဟုတ် ဗဟို တရားရုံးချုပ် မှ ၎င်းအားရွေးကောက်ပွဲ မှ ထုတ်ပယ်လိုက်ခြင်းမျိုး တို့ ဖြစ်သည်။

 

မစ္စက် ဟေးလီသည် အလယ်အလတ် သဘောထားရှိ ရီပတ်ဘလီကင်များ၊ တသီးပုဂ္ဂလ များ နှင့် ဘိုင်ဒင်သည် ထရန့်ကို မနိုင်လောက်ဟု ယူဆနေသည့် ဒီမိုကရက်များ ကြားတွင် လူကြိုက်များလာခဲ့သည်။ 

 

No Labels ဆိုသည် ဝါဒရေး ရာ တွင် အလယ် လမ်းစဉ် သမားများဖြစ်‌ သော တတိယ အုပ်စုသည်လည်း သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်ရန် ပြင်ဆင်‌ ကောင်း ပြင်ဆင်လာနိုင်သည်။ မစ္စက် ဟေးလီသည် ထိုအဖွဲ့၏ သမ္မတ လောင်းပင် ဖြစ်လာနိုင်သည်ဟု ထင်ကြေး ပေးလာကြသည်။

 

ဟေးလီသည် အိုင်အိုဝါ တွင် ဒီဆန်တပ်စ် နောက် တတိယ နေရာဖြင့် ကျေနပ်လိုက်ရသော်လည်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် နယူးဟမ်းရှိုင်းယား ပွဲတွင် အခြေအနေ ကောင်းလာပါက မဆိုးလှဟု ဆိုရမည် ဖြစ်သည်။ ထိုပြည်နယ်သည် ရီပတ်ဘလီကင် ပါတီဝင် မဟုတ်သူများအား မဲပေးခွင့် ပြုထားသည်။

 

အသက် ၄၄ နှစ်ရှိ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေး မှုး ဖြစ်သူ ဒီဆန်တပ်စ်သည် လူကြိုက်များသူ ဖြစ်သော်လည်း လုပ်ရိုးလုပ်စဉ် မှ ခွဲထွက်ပြီး မဲဆွယ်လိုသူ ဖြစ်သည်။ ၎င်းသည် ထရန့်အား ထောက်ခံခဲ့သူ ဖြစ်နေ၍ သူ့တွင် ရွေးချယ်စရာ များများစားစား မရှိလှပဲ သူ့ကိုယ်သူ "ကသောင်းကနင်း မဖြစ်မည့် ထရန်ဝါဒ သမား" ဟု ပုံဖေါ်လာသည်။ သို့သော် မူရင်း 

ထရန့်ကိုသာ သဘောကျသူများကိုတော့ မစည်းရုံး နိုင် ဖြစ်နေသည်။

 

ဒီဆန်တပ်စ် သည် အိုင်အိုဝါရှိ စီရင်စု ၉၉ ခု စလုံးသို့ အရောက်သွားခဲ့ပြီး ပွဲဦးထွက်ကိုပင် အရာရာ ပုံအော်ထားခဲ့သည်။ ထို့အတွက်လည်း မစ္စက် ဟေးလီကို ပွတ်ကာသီကာ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ရသည့် ရာခိုင်နှုန်းက အရာမဝင်၊ မည်သို့ မည်ပုံ အရယူ မည်နည်း ဆိုသည်သာ အဆုံးအဖြတ် ‌ပေးမည် ဖြစ်သည်။

 

ဒီဆန်တပ်စ်သည် ထိုအရေး တွင် ထော့ကျိုး ထော့ကျိုး ဖြစ်လာနေပြီး မစ္စက် ဟေးလီသည် ကျော်တက်သွားဖို့ ရှိနေသည်။

 

(၂၀၂၄ ဇန်နဝါရီ ၁၆ အီကော်နောမစ်၏ What is the point of coming second to Donald Trump?" ဆောင်းပါးအား ပြန်လည် တင်ပြသည်)