ဥရောပ
*******
လက်ရှိတွင် ဥရောပသည် အတော်အသင့် ချမ်းသာ ကြွယ်ဝမှု၊ နိုင်ငံ အတော်များများသည်လည်း ဒီမိုကရေစီ စနစ် ကျင့်သုံး သည့် အုပ်ချုပ်ရေး စနစ် ရှိနေမှု၊ တည်ငြိမ်အေးချမ်း နေမှု များကြောင့် ကမ္ဘာ ကျန်သည့် ဒေသများထက် ခေါင်းတလုံး ပိုမြင့်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ဥရောပ တိုက်၏ စီးပွားရေး ပမာဏ ကို ခြုံကြည့်မည် ဆိုလျှင် အမေရိကန်ထက် စာလျှင် မဆို သလောက် ကြီးမားနေပြီး ကမ္ဘာစီးပွားရေး တခုလုံး၏ လေးပုံ တပုံခန့် ရှိသည်။ ဥရောပတွင် ရှိ နိုင်ငံပေါင်း ၅၀ နီးပါးအားလည်း လွတ်လပ်သော သို့မဟုတ် တစိတ်တပိုင်း လွတ်လပ်သော နိုင်ငံများ ဟု ပြော၍ ရပေသည်။
ယူကရိန်း နှင့် ဂျော်ဂျီယာ တို့ကိုမူ ရုရှား ကိုယ်တိုင် ကျုးကျော်မှု၊ သို့မဟုတ် ၎င်းတို့ ထောက်ခံ အားပေးထားသည့် ကျုးကျော်မှု များ အား ရင်ဆိုင်နေရသည် အတွက် ချန်လှပ်ထားရမည် ဖြစ်သည်။
ဥရောပ၏ အခြားသော အစိတ်အပိုင်း များ ဖြစ်သော ဆိုက်ပရပ်စ် နှင့် ဘော်လကန် ဒေသများတွင် လူမျိုးရေး တင်းမာမှုများ၊ နယ်မြေ ဆိုင်ရာ အငြင်းပွားမှုများ ရှိနေဆဲပင် ဖြစ်သည်။
အားလုံးကို ခြုံကြည့်ရမည် ဆိုလျှင်တော့ ဥရောပသည် အထူး အောင်မြင်နေသည့် ဒေသဟု ပြော၍ ရပေသည်။
နှစ်ဆယ်ရာစု နှစ် ၏ ပထမပိုင်းတွင် မူ ဥရောပသည် သမိုင်းတွင် ထိခိုက်သေကြေ ပျက်စီးမှု အများဆုံးဟု ပြော၍ရသည့် စစ်ပွဲကြီး နှစ်ပွဲ ကို အကြိတ်အနယ် ဆင်နွှဲခဲ့ရာ ဒေသလည်း ဖြစ်ခဲ့သည်။ လူထု၏ မွေးရာပါ အခွင့်အရေး၊ ရပိုင်ခွင့်များကို လိုက်လျောရန် မလိုဟူသော သဘောထားရှိသည့် နိုင်ငံရေး အဖွဲ့အစည်း များ အာဏာရလာသည်အခါတွင်တော့ သန်းရာနှင့် ချီရှိသော ဥရောပတိုက်သားများ၏ လွတ်လပ်ခွင့်များ ဆုံးရှူံးသွားခဲ့ရပြီး လူအသက်ပေါင်း ကုဋေ နှင့် ချီ၍ ဆုံးရှုံးစေခဲ့သည့် ဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တော့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်တော့ ဥရောပသည် မကြုံစဖူးအောင် တည်ငြိမ် ဖွံ့ဖြိုးလာပြီး လွတ်လပ်သည့် အသီးအပွင့်များ လည်း စတင် ခံစားခွင့် ရလာခဲ့သည်။ ထိုသို့ ဖြစ်လာအောင် အဓိက ပံ့ပိုးပေးခဲ့သည့် မောင်းနှင်အား နှစ်ခုသည် နေတိုး မဟာမိတ် အဖွဲ့ကြီး နှင့် ဥရောပ ပြန်လည် ပေါင်းစီးရေး စီမံကိန်းများ ပင် ဖြစ်သည်။
သို့သော် ဥရောပ၏ ရွှေရောင်တောက်ခဲ့သော နေ့ရက်များသည် ရာဇဝင်ထဲတွင် ကျန်ခဲ့ပြီလော ဟူ သော အမေးက ရှိနေဆဲပင် ဖြစ်သည်။ နေတိုး နှင့် အီးယူ၏ အနာဂတ် အရေး အတွက်လည်း သံသယ များ ရှိလာခဲ့သည်။ အဖွဲ့ဝင် နိုင်ငံများမှ ထိုအဖွဲ့ကြီး နှစ်ဖွဲ့ အပေါ် ပံ့ပိုးမှု များလည်း လျော့ပါးလိုက်လာနေသညိ။
အီးယူ ဖြစ်စေလိုသည့် ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ရှေ့ဆက် လှုပ်ရှားသွားမည့် အခန်းကဏ္ဍ များ အပေါ် တသံတည်း လည်း ထွက်မလာခဲ့ကြပေ။ အလယ်အလတ် သဘောထား ရှိသည့် ပါတီများသည် လည်း လက်ဝဲ နှင့် လက်ယာယိမ်း ပါတီများ ကို အရေးနိမ့်လာနေသည်။
ရုရှား၏ ရည်ရွယ်ရင်းကို တကြောပြန် စိုးရိမ်စရာ ဖြစ်လာနေကြပြီး၊ တရုတ် အားလည်း မည်သို့မည်ပုံ ဆက်ဆံ သွားရမည့် အပေါ်လည်း သဘောထား ကွဲပြား နေပြန်သည်။ စီးပွားရေး ဖွံ့ဖြိုးမှု နှေကွေးလာနေပြီး နိုင်ငံ အများအပြား တွင် ဆင်းရဲ ချမ်းသာ ကွာဟမှုများ ကြီးမားလာခဲ့သည်။
စီးပွားရေး တွင် တခါက အောင်မြင်ဆုံး ဖြစ်ခဲ့သော ဒေသကြီးသည် ယခုအခါ အနာဂတ် နှင့် ပတ်သက်၍ ယုံကြည်မှု နှင့် ဘုံရပ်တည်ချက်များ လျော့နည်းကျဆင်းလာနေသည့် အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
သမိုင်းကြောင်း
***********
ဥရောပဟူ၍ နိုင်ငံရေး အရ ပီပီပြင်ပြင် ပြောဆို သုံးနှုန်း လာသည့် ကာလသည် နှစ် သုံးဆယ်ကြာ စစ်ပွဲကြီး အပြီး ဆယ်ခုနှစ်ရာစု နှစ် အလယ်ပိုင်း ဟု ဆိုရမည် ဖြစ်သည်။ ဆယ့်ကိုးရာစု နှစ် အစပိုင်းတွင် ဖြစ်ပွားလာခဲ့သော စစ်ပွဲကြောင့် နပိုလီယန် နှင့် သူ၏ အင်ပိုင်ယာကြီး နိဂုံးချုပ်သွားစေခဲ့သည်။
ထို့နောက်တွင်တော့ ဥရောပတိုက်ကြီးသည် ဆယ်စုနှစ်ပေါင်း များစွာ ဆက်၍ တည်ငြိမ်လာခဲ့သည်။ ထို့နောက်တွင်တော့ ဥရောပ အင်အားကြီး နိုင်ငံများ ပါဝင် ပတ်သက်လာသည် အထိ ဖြစ်စေခဲ့သည့် ကရိုင်းမီယား စစ်ပွဲ ကြီးကြောင့် တည်ငြိမ်နေမှု သည် အဆုံးသတ်သွားခဲ့ရသည်။
ဆယ့်ကိုးရာစု နှစ် အလယ်ပိုင်းတွင် အကွဲကွဲ အပြားပြား ဖြစ်နေ သော နယ်မြေ များ ပေါင်းစည်း၍ အီတလီ နှင့် ဂျာမဏီဟူ၍ ထွက်ပေါ်လာခဲ့သည်။ နှစ်ဆယ်ရာစု နှစ်ထဲတွင်တော့ လူအသက် ပေါင်း ကုဋေ နှင့် ချီ သေဆုံးခဲ့ရပြီး ဒေါ်လာ တြီလီယံ ပေါင်းများစွာ ဆုံးရှူံးခဲ့ရသည့် စစ်ပွဲကြီး နှစ်ပွဲ အဓိက ဖြစ်ပွားရာ ဒေသကြီး အဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ၁၉၄၅ သည် ယနေ့ ဥရောပ စတင်သန္ဓေတည်ရာ အဖြစ် ယူဆ၍ အကောင်း ဆုံး အချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော လူသန်းပေါင်းများစွာ သည် တွယ်ရာမဲ့ ဖြစ်နေပြီး နိုင်ငံ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များမှ ထွက်ပေါ်လာသော အကျိုး ဆက်များ အတိုင်း လိုက်ပါ စီးမျောနေရချိန်လည်း ဖြစ် နေသော ကြောင့်ပင်။
ထိုအချိန်တွင် ဥရောပ ကုန်းမြေကြီးပေါ်တွင် စိန် ခေါ်မှု ကြီး သုံးရပ် နှင့် ရင်ဆိုင်နေကြရသည်။ ပထမ အချက်သည် ဆိုဗီယက် ပြည်ထောင်စု၏ ရန်လိုသော သဘောထား ကြောင့် ဖြစ်သည်၊ ဆိုဗီယက်သည် ဂျာမဏီ ကို တိုက်ရန် ချီတက်လာသည့် လမ်းတလျှောက် သိမ်းယူခဲ့သော နိုင်ငံများကို လက်လွှတ်လိုစိတ် မရှိ၊ တပ်အင်အားကိုလည်း လျော့ချ ခြင်း မရှိ ဖြစ်လာနေသည်။ ထို့နောက်တွင်တော့ ဆိုဗီယက်သည် အရှေ့ဥရောပ တွင် ၎င်းတို့၏ ဩဇာ စက်ဝန်းကို ထူထောင်လာသည်။ ထိုသို့ ထူထောင်နိုင်ရန်လည်း ဩဇာခံ နိုင်ငံများကို ထိန်းထားနိုင်ဖို့ စစ်အင်အား ကို မဖြစ်မနေ တည်ဆောက်ရဖို့ ဖြစ်လာသည်။
ထိုသို့ စစ်အင်အား ကို တည်ဆောက်လာခြင်းသည် အနောက်ဥရောပအား ခြိမ်းခြောက်လာနေသည့် သဘောပင် ဖြစ်သည်၊ ထို့ပြင် ကရင်မလင် သည် ဥရောပ ကုန်းမြေကြီးပေါ်တွင်သာမက ကမ္ဘာတလွှားတွင် တော်လှန်ရေး များ ပေါ်ပေါက်လာအောင်လည်း မီးထိုးပေးလာခဲ့သည်။
ထိုသို့ ခြိမ်းခြောက်လာနေမှု ကြောင့် ဥရောပတွင် ငြိမ်းချမ်းရေး အား ထိန်းသိမ်း နိုင်မည့် တခုတည်းသော နည်းလမ်းသည် မိမိတို့ အချင်းချင်း ကျောခြင်းကပ် ရင်ခြင်းကပ် ရပ်တည်သွားနိုင်မှသာ ဖြစ်သည် ဆိုသည်ကို သဘောပေါက်လာကြသည်။
ဤသို့ဖြင့် နေတိုး ခေါ် မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ North Atlantic Treaty Organization (NATO) အဖွဲ့ကြီးကို ထူထောင်လာခဲ့ကြသည်။ ဆိုဗီယက်တို့ အင်အားကြီးထွားလာမှု နှင့် အနောက်ဥရောပ နိုင်ငံများ စစ်ဒဏ်ကြောင့် အင်အားချိနဲ့နေချိန်တွင် ထိုအဖွဲ့ကြီးသည် ဥရောပ နှင့် အမေရိကန် အကြား လုံခြုံရေး ဆိုင်ရာ ဆက်ဆံရေး ကို အခိုင်အမာ တည်ဆောက်နိုင်ရန် မရှိမဖြစ် လိုအပ်လာခဲ့သည်။
အနောက်ဂျာမဏီ အားလည်း နေတိုးအဖွဲ့ထဲ သွတ်သွင်းပေးခဲ့ခြင်းဖြင့် ဂျာမန် ဒီမိုကရေစီ ကို အုတ်မြစ်ချပေးနိုင်ခဲ့သည့်အပြင် ဂျာမဏီတွင် အစွန်းရောက် အမျိုးသားရေး ဝါဒ နှင့် စစ်ဝါဒ နောက်တကြိမ် ခေါင်းထောင် မလာနိုင်အောင် ပါ ထိန်းကြောင်းပေးနိုင်ခဲ့သည်။
ထိုကဲ့သို့ ငြိမ်းချမ်းနေသော ကာလတွင် စစ်ရေး မဟာမိတ် စာချုပ် ချုပ်ဆိုခဲ့ခြင်း ၏ နောက်ထပ် ရည်ရွယ်ချက် တခုသည် ဖြစ်ပွားလာနေသော စစ်အေး တိုက်ပွဲကြီး ပူပူလောင်လောင် ဖြစ်မလာပဲ အမြဲလို အေးစက်နေရေး နှင့် အနောက်ဥရောပအား လုံခြုံစိတ်ချရပြီး ဖွံ့ဖြိုးကြွယ်ဝသည့် လွတ်လပ်သည့် နိုင်ငံများ အဖြစ် ရောက်ရှိအောင် အာမခံနိုင်ရေးပင် ဖြစ်သည်။
နေတိုး၏ ရည်ရွယ်ချက်များကို ထိုအချိန် က တာဝန်ရှိသူ တဦး မှ ယခုလို တိုတိုတုတ်တုတ် ပြောဆိုခဲ့ဖူးသည်။ "နေတိုးသည် ဆိုဗီယက်ကို ပ ထုတ်ထားရန်၊ အမေရိကန်တို့ ဝင်လာနိုင်ရန် နှင့် ဂျာမန်တို့ ခေါင်းထောင် မလာနိုင်ရန် အတွက်သာ ဖြစ်သည်။"