သုံး နှစ် အတွင်း မင်းအောင်လှိုင် ဖျက်ဆီးခဲ့သမျှ

by Hla Soewai - Jan 19 2024

နှစ်သစ် ကူး တွင် မင်းအောင်လှိုင်သည် ရုပ်မြင်သံကြား မှ တဆင့် လူထုကို ပြောခဲ့သည့် စကားများထဲတွင် ၂၀၂၄ ၌ စီးပွားရေး တိုးတက်မှု ရှိရေး ဦးစားပေး လုပ်ဆောင်သွားမည် ဟု ပါရှိလာပြီး တိုးတက်မှု မရှိ ဖြစ်လာခြင်းကို ၎င်းအာဏာသိမ်းမှု အပေါ် ဆန့်ကျင်နေမှု ကြောင့်ဟု အပြစ်ဖိူ့သွားခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး အရ အကြီးအကျယ် ရှုံးနိမ့်နေမှု များ တလုံးတပါဒမျှ ပါမလာခဲ့ပေ။ မြို့ပေါင်း ၃၀ ခန့် လက်လွှတ်ခဲ့ရပြီး စစ်သား ၃,၀၀၀ ကျော် လက်နက်ချ သည် အထိ အရေးနိမ့်လာနေမှု ထက် စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာနေမှု သည် စစ်ကောင်စီ အား အကြီးမားဆုံး အန္တရာယ် ပေးလာနိုင်သည့် တခုတည်းသော အကြောင်းပင် ဖြစ်သည်။

 

၎င်းအာဏာသိမ်းပြီးချိန်မှစ၍ စီးပွားရေးသည် ၁၀ မှ ၁၂ ရာနှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၂၄ အတွက် ကမ္ဘာဘဏ် ၏ ခန့်မှန်းချက်တွင် စိုက်ပျိုးရေး၊ စက်မှု နှင့် ကုန်သွယ်ရေး ဖက်တွင် နှေးကွေးလာခြင်းကြောင့် တစ်ရာ နှုန်း ခန့်သာ ပြန်၍ တိုးတက်လာနိုင်မည်ဟု ခန့်မှန်းခဲ့သည်။

 

နိုင်ငံ လူဦးရေ၏ တဝက်ခန့်သည် ဆင်းဆင်းရဲရဲ နေထိုင် ရုန်းကန်နေကြရပြီး မိသားစု ၄၀ ရာနှုန်း၏ ဝင်ငွေသည် လည်း ၂၀၂၂ နှင့် နှိုင်းစာလျှင် ကျဆင်းသွားခဲ့သည်ဟု ကွင်းဆင်း လေ့လာချက်များအရ သိရသည်။

 

ငွေတန်ဖိုးသည်လည်း တဝက်ခန့် ဆုံးရှူံးသွားခဲ့ပြီး အာဏာသိမ်း အဖွဲ့သည် ထိန်းချုပ်နိုင်ရန် မကြိုးစားတော့ပဲ လက်လျော့သွားခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံခြားငွေ လဲလှယ် နှုန်းသည် ၎င်းတို့ သတ်မှတ်ထားသည့် ၂,၁၀၀ ကျပ် နှင့် ပြင်ပ ပေါက်ဈေး ၃,၆၀၀ အကြား ကွာဟမှု ကြီးထွားလာနေသည့် ကို လျစ်လျု ရှုထား၍ မဖြစ်တော့သည့် အတွက် ငွေလဲနှုန်း ထား သတ်မှတ်ထားမှု ကို ပယ်ဖျက်ကြောင်း ၂၀၂၃ ဒီဇင်ဘာလတွင် ကြေညာခဲ့ရသည်။ ၎င်းတို့တွင် လည်း ငွေတန်ဖိုးကို ကျားကန် နိုင်မည့် နိုင်ငံခြားငွေလည်း မရှိတော့သောကြောင့်လည်း ဖြစ်သည်။

 

ဒေါ်လာငွေ ပြတ်လတ်လာမှုကြောင့်လည်း စွမ်းအင် ပိုင်းတွင် အကျပ်အတည်းများ ဖြစ်လာပြီး နိုင်ငံ အနှံ နေပြည်တော် အပါအဝင် ဓါတ်အား ပြတ်တောက်မှု များ ဖြစ်လာရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဓါတ်ဆီ နှင့် ဒီဇယ်ဆီ ပြတ်တောက်မှု မြင့်တက်လာခဲ့သည်။

 

စစ်ကောင်စီသည် ၎င်းတို့နှင့် အလျင်းသင့်သည့် လောင်စာဆီ တင်သွင်းနေသည့် ကုမ္ပဏီများအား ဒေါ်လာကို ပေါက်ဈေးထက် လျော့ရောင်းပေးကာ ပြတ်လတ်မှု မရှိအောင် ကြံဖန်လာရသည်။

 

၎င်းတို့သည် တရုတ် နှင့် ထိုင်း နိုင်ငံများနှင့် နယ်ခြားကုန်သွယ်ရေး အား ယွမ်ငွေ၊ ဘတ်ငွေများ နှင့် အရောင်းအဝယ် လုပ်ခွင့်ပေးပြီး မြှင့်တင်နိုင်ရန် လုပ်လာခဲ့သော်လည်း ကုန်သွယ်ရေး ဂိတ်များ လက်လွှတ်ပေးခဲ့ရပြန်သည်။

 

စစ်ကောင်စီ တပ်များသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပမာဏ၏ ၉၀ ရာနှုန်း ဖြတ်သန်းနေသည့် မူဆယ်ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်းတွင် မူဆယ်နှင့် လားရှိူးသာ စစ်ကောင်စီ လက်အောက်တွင် ကျန်တော့သည်။

 

ယခုအခါ ညီနောင် သုံးဖေါ် မဟာမိတ်တပ်များသည် အမှတ် (၃) နှင့် အမှတ် (၃၄) အဝေးပြေးလမ်းမကြီး တလျောက်ရှိ မြို့ရွာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

 

TNLA သည် ပြင်ဦးလွင် နှင့် ၁၅ မိုင် ခန့်သာ ဝေးသည့် နောင်ချို မြို့နယ် အတွင်းရှိ စစ်စခန်းအား သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

ကရင်နီတပ်များသည် ထိုင်း နယ်စပ် မြို့ နှင့် ကုန်သွယ် လမ်းကြောင်း မှန်သမျှ ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

လောင်စာဆီဈေးနှုန်းများ၊ နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးလာမှူများ၊ သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာခြင်းများကြောင့် နှစ်လ အတွင်း နယ်စပ် ကုန်သွယ်ရေး မှ ရရန် ရှိသည့် ဝင်ငွေများထဲမှ ဒေါ်လာ သန်း ၅၀၀ ခန့် ဆုံးရှုံးသွားခဲ့သည်။ နယ်စပ် ကုန်သွယ်ရေးသည် ပြည်ပ ပို့ကုန် စုစုပေါင်း၏ ၄၀ ရာနှုန်း နှင့် သွင်းကုန်ပမာဏ ၏ ၂၁ ရာနှုန်း ရှိသည်။

 

စီးပွားရေး ကဏ္ဍ တခုပြီး တခု အပြင်းအထန် ထိခိုက်လာနေပြီ ဖြစ်သည်။ 

 

နိုဝင်ဘာလ ကုန် တွင် စစ်ကောင်စီသည် စက်မှုဇုန် ရှိ စက်ရုံ အလုပ်ရုံများသို့ လောင်စာဆီ ဖြန့်ဖြုးပေးနေမှု ရပ်ဆိုင်းလိုက်ရပြန်သည်။

 

ယခင်က အထည်ချုပ် လုပ်ငန်း ပေါင်း ၈၁၇ ခု ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက်တွင် လုပ်ငန်း‌ ပေါင်း ၂၇၁ ခု ပိတ်သိမ်းသွားခဲ့သည်။ ထိုအထဲတွင် တရုတ်လုပ်ငန်းများလည်း ပါသည်။

 

ငွေဖေါင်းပွမှု နှုန်းသည် ၂၉ ရာနှုန်း ရှိနေပြီး အခြေခံ စားကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ ဈေး များ တက်ကုန်သော်လည်း လုပ်ခနှုန်းထားက တန့်နေသည်။

 

လယ်ယာ စိုက်ပျိုးရေး ကဏ္ဍသည်လည်း ရာသီဥတု အပြောင်းအလဲ၊ ပြည်ပမှ တင်သွင်းရသည့် ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများ ပြတ်လတ်လာမှုကြောင့် ထိခိုက်လာရပြီး ထုတ်လုပ်မှု စရိတ်လည်း မြင့်တက်လာခဲ့သည်။ ၂၀၂၃ စက်တင်ဘာလ တွင်အာဏာသိမ်း အဖွဲ့သည် မြို့‌ နေ လူထု အတွက် လယ်သမား များထံမှ မည်မျှ အထိသာ အမြင့်ဆုံးထား၍ ပေးဝယ်ရမည်ဟု လက်ကားဈေးကို သတ်မှတ်ပေးခဲ့သည်။

 

အမေရိကန်မှ စစ်တပ်မှ ၎င်းတို့ အဓိက အားကိုး အားထား ပြုနေသည့် ဘဏ်တိုက်ကြီး နှစ်ခုကို ဒဏ်ခတ် အရေးယူလာခဲ့၍ အမေရိကန် ‌ဒေါ်လာဖြင့် ငွေပေးငွေယူ ပြုလုပ်နိုင်စွမ်း မရှိတော့ပေ။ စင်္ကာပူ ရှိ UOB ဘဏ်မှလည်း တိတ်တဆိတ်ပင် ငွေသွင်းငွေထုတ် လုပ်ငန်းများ ရပ်ဆိုင်းပစ်ခဲ့သည်။

 

၂၀၂၃ ဒီဇင်ဘာလ အတွင်း Sky Aviator စီအီးအို ကျော်မင်းဦး အပါအဝင် မြန်မာ သုံးဦးအား စင်္ကာပူ ဒေါ်လာ ၅၀၈,၉၂၅ အား ခိုးထုတ်ရန် ကြံစည်မှု ဖြင့် စင်္ကာပူ အာဏာပိုင်များက ပြစ်ဒဏ် စီရင်ခဲ့သည်။ ဤသည်ကပင် ၎င်းတို့ နိုင်ငံခြားငွေများ အလွန်အမင်း လိုအပ်နေသည်ကို ပြဆိုနေပေသည်။

 

ကုန်သွယ်ရေး လိုငွေ ပြမှုသည် ၂၀၂၂-၂၃ တွင် ဒေါ်လာ ၇၃၂ သန်း၊ ၂၀၂၃-၂၄ ပထမ ၆ လ ပတ်တွင် ဒေါ်လာ တစ်ဘီလီယံပင် ရှိလာခဲ့သည်။ ဤသည်ကလည်း အဆန်းတကြယ်တော့မဟုတ်၊ ကမ္ဘာဘဏ်၏ အစီရင်ခံစာအရ နိုင်ငံတွင်း လုပ်ငန်းများ၏ ၅၆ ရာနှုန်းသာ လည်ပတ်နိုင်တော့သည်ဟု ပါရှိသည်။ ထို့အတွက်လည်း ထိုင်းတွင် လုပ်ကိုင်နေသော မြန်မာ အလုပ်သမား ၅ သန်း ခန့် ဝင်ငွေများထဲမှ ၂ ရာနှုန်း နှိုက်ယူရန် ကြံစည်လာကြခြင်းလည်း ဖြစ်သည်။

 

ဖြစ်သမျှ ကို တရားခံ ရှာသည့် အနေဖြင့်၂၀၂၃ စက်တင်ဘာလ တွင် ကုန်သွယ်ရေး တာဝန်ခံ မိုးမြင့်ထွန်း နှင့် လက်ထောက်ဖြစ်သူ ကို ဖမ်းဆီးလိုက်ကြသည်။ အောက်တိုဘာလ ထဲတွင် ဆီကုန်သည်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် အများအပြားကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ကြပြန်သည်။

 

ယခုအခါ လည်း စစ်မြေပြင်တွင် နေ့စဉ်လိုလို အရေးနိမ့်နေပြီး စီးပွားရေးသည်လည်း ထိုးကျလာနေသဖြင့် နောက်ထပ် တရားခံရှာရန် ကမူးရှူးထိုး ဖြစ်လာနေသည်။

 

ကိုယ်ကျိုး ရှာပြီး အကျင့် ပျက် ခြစားမှု များ နှင့် ပြည့်နှက်နေပြီး ဖြစ်သည့် အာဏာသိမ်း အဖွဲ့ အတွက် အချိန်များများစားစား မကျန်တော့။ ၎င်းတို့ အဖို့က စစ်ရေး ၊ စီးပွားရေး ဖက်တွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချနိုင်‌လောက်သည့် အရည်အချင်းများလည်း မရှိကြ၊ ထို့အတွက် နှစ်ခုစလုံးသည် ပြိုလံ ကျဆင်းလိုက်လာနေခြင်းလည်း ဖြစ်သည် ဟု RFA တွင် ပါရှိလာသည့် ဝါရှင်တန် စစ်ကောလိပ်၏ ပါမောက္ခ ဖြစ်သူ ‌ဇာကာရီ အဘူဇာ ၏ ဆောင်းပါး အား ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

ထိုကဲ့သို့ အခြေအနေများ ကြုံတွေ့နေသော်လည်း မိမိ အတွက် ထွက်ပေါက်ရှာရန် စိတ်ကူးခြင်း မရှိပဲ တိုင်းပြည်ကို သေတပန် သက်တဆုံး အုပ်ချုပ်သွား နိုင်မည်ဟု ယူဆနေသည် ကပင် ရူးသွပ် ခြင်း သက်သက်ပင် မဟုတ်ပါလော။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!