တပ်ချုပ်ကြီး အဖြစ်မှ ဦးနှောက်ပိုင်း နှုတ်ထွက်သွားရှာပြီ

by Hla Soewai - Jan 19 2024

ယခုအခါ မင်းအောင်လှိုင်သည် ရန်ကုန် ရောက်ရှိ လာရာ မြို့‌ တော် ကြီးလည်း မီးထိန်ထိန် လင်းလာ‌ နေပြီး ၎င်းခန့်ထားသော လူများကို လျပ်စစ်ဓါတ်အား ရနိုင်သည့် အရင်းအမြစ်များ ဖြစ်သော သဘာဝ ဓါတ်ငွေ့၊ နေအား၊ လေအား တို့မှ ရနိုင်သမျှ ထုတ်လုပ်ကြရန် ပြောနေသည်။ သူ့ ပြောပုံ ဆိုပုံ သည် အင်္ဂလန် ကျွန်း ဘုရင်မကြီး မှ ခန့်အပ်လိုက်၍ ရန်ကုန် ဆိပ်ကမ်း သို့ ပထမဆုံး အကြိမ် ရောက်လာသော ဘုရင်ခံ နှင့် မခြား ဖြစ်နေသည်။

 

ထိုသို့ ဘောလုံးပွဲကြည့်၊ ပါးစပ်ထဲ‌ တွေ့ရာ ပြောရပြီးရော ပေါက်ပန်းဈေး ပြောနေချိန်တွင့် ရှမ်းမြောက်နှင့် ရခိုင် ‌တွင်မူ သူ့တပ်များက အလံဖြူထောင်၍ အစုလိုက် အပြုံလိုက် လက်နက်ချ‌ နေကြပြီ ဖြစ်သည်။ လောလောဆယ် တွင် ရက္ခိုင့် တပ်တော် AA သည် ပလက်ဝကို သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သည်။ ၎င်းပုံစံသည် ထိုသို့ ဖြစ်လာနေသည်ကို မှူစရာ မလိုဟု၊ နေပြည်တော်ရှိ ဘန်ကာထဲ ပုန်းနေမည့် လူစားမျိုး မဟုတ်ဟု ကြိုးစား ပြလိုဟန် ရှိနေသည်။

 

တပ်စခန်းပေါင်း ၄၀၀ ကျော် လက်လွှတ်လိုက်ရပြီး ဗျူဟာမှုး များပါ မကျန် ရဲ၊ စစ်သား ၄,၀၀၀ ကျော် လက်နက်ချရသည့် အထိ အခြေအနေ ဆိုးဝါးနေချိန်တွင် မင်းအောင်လှိုင် သည် အေးအေးလူလူ ဘောလုံးပွဲ ထိုင်ကြည့်နေသည့် PR stunt သည် ခုတ်ရာတလွဲ ရှရာ တခြား ဖြစ်နေပြန်သည်။

 

ခံစစ် အတွက် ပြင်ဆင်နေရသူများကတော့ ၎င်း နေပြည်တော်တွင် မရှိသည့် အဖြစ်ကို ဝမ်းသာနေကြပေတော့မည်။ မင်းအောင်လှိုင်သည် ယခုအခါ စိတ်မထင်လျှင် မထင်သလို ဖြုတ်၊ ထုတ်၊ ဖမ်းဆီး လုပ်နေသည့် အဖြစ်ကြောင့် မိမိတို့ အလှည့် ဘယ်တော့ ရောက်လေမလဲဟု ငုတ်တုတ်ထိုင်စောင့်နေကြသူ များ ပင် ဖြစ်သည်။

 

တရုတ် မှ လောက်ကိုင် တွင် သေနတ်သံ တချက် မကြားလိုဟု ပြောလာသဖြင့် လက်နက်ချခဲ့ရသည်ကိုပင် သိက္ခာ ဆယ်၍ ရလိုရငြား တပ်မှုး ‌၆ ယောက်ကို ၎င်း၏ အမိန့် မနာခံ ပဲ လုပ်သယောင် ဖမ်းဆီး ခုံရုံးတင်လိုက်ပြန်သည်။

 

 MNDAA မှ ၎င်းတို့ သိမ်းယူလိုက်‌ သော ဟိုပန် နှင့် ပန်လုံ မြို့များအား "ဝ" တို့ထံ ချက်ခြင်းလို လွှဲပြောင်းပေးလိုက်သည့် အဖြစ်ကပင် ၁၀၂၇ စစ်ဆင်ရေး တွင် UWSA သည် နက်ရှိုင်းစွာ ပါဝင် ပတ်သက်နေသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်၊ ယင်းကို စစ်ကောင်စီကလည်း တရားဝင် အသိအမှတ် ပြုပေးလိုက်ရပြီ ဖြစ်သည်။

 

ထိုသို့သော ခေါင်းဆောင်မျိုး ၏ နှုတ်ထွက်စကားကို မှားမှားမှန်မှန် တသွေမတိမ်း လိုက်နာကြတော့မည် ဖြစ်၍ တော်လှန်ရေး အတွက် အားတက်စရာပင် ဖြစ်သည်။

 

လောက်ကိုင် အရေးသည် စစ်ခေါင်းဆောင်များ၏ ခေါင်းဆောင်မှု အပေါ် အောက်လက်ငယ်သားများမှ လုံးဝ အယုံအကြည် မဲ့သွားစေသည့် ဖြစ်၍ ဒု ခေါင်းဆောင် စိုးဝင်းမှ ဘယ်သို့ ဘယ်ပုံ လှုပ်ရှားလာမည်ကို စောင့်ကြည့်ရဖို့သာ ကျန်တော့သည်ဟု ဝါရှင်တန် စစ်ကောလိပ် မှ ပါမောက္ခ ဇာကာရီ အဘူဇာက ရေးသားထားပြန်သည်။

 

မြဝတီ နှင့် ‌ရွှေက္ကုကူ တွင် လောင်းကစား နှင့် အွန်လိုင်း လိမ်လည် သည့် ဂိုဏ်းများ မှိုလိုပေါက်နေသည် ကို တသက်လုံး လျစ်လျူရှူထားသော မင်းအောင်လှိုင်သည် တရုတ်၏ ရာဇသံကြောင့် ထိုင်း စစ်ဦးစီးချုပ် နှင့် အွန်လိုင်းမှ တွေ့ဆုံ ပြောဆိုနေရပြီ ဖြစ်သည်။

 

ယခုအခါ လောက်ကိုင် တွင် အခြေအနေ မဟန်‌ တော့၍ တရုတ် ဂိုဏ်းများ ထိုင်း-မြန်မာ နယ်စပ် တရားဥပ ဒေ ဟူ၍ လားလားမျှ မရှိသည့် မြန်မာဖက်ခြမ်း သို့ ရွှေ့ပြောင်းလာ‌ နေကြသည့် အပေါ် တရုတ်မှ အထူး စိုးရိမ်မကင်း ဖြစ်လာနေ၍ မင်း‌ အောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ အပေါ် ဖိအားပေးလာနေခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် အင်အားချိနဲ့ လာနေပြီ ဖြစ်ရာ တရုတ် ကြိုးဆွဲရာ က‌ နေရသည့် ရုပ်‌ သေး များ ဘဝ ပေါ်ပေါ်ထင်ထင် ရောက်ရှိသွားကြပြီ ဖြစ်သည်။ ယင်း နှင့် အတူ စိုးရိမ်စရာ ကောင်းလာရသည်က ၎င်းတို့အား တရုတ်က လက်လွှတ်လိုစိတ် ရှိတော့မည် မဟုတ် ဆိုသည် ကိုပင် ဖြစ်သည်။

 

တိုင်းရင်းသား ညီနောင် မဟာမိတ် သုံးဖွဲ့ နှစ် အကြမ်းဖက် စစ်ကောင်စီ အကြား လည်း တရုတ်က အပစ်ရပ်အောင် အတင်းအဓမ္မ ဝင်လုပ်ပေးလာခဲ့သည်ကပင် ၎င်းတို့ အလိုကျ လိုက်လုပ်ရန် အသင့် ဖြစ်လာနေသည့် စစ်ဗိုလ်ချုပ်များကို အာဏာတည်မြဲအောင် ပံ့ပိုးပေးလာခြင်းပင် ဖြစ်သည်။ 

 

ဤသည်ကို ကြည့်၍ မြန်မာ ပြည်သူများ နှင့် တော်လှန်ရေး အဖွဲ့များသည် ရည်မှန်းချက် ဖြစ်သော စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေး

နှင့် စစ်တပ်အား နိုင်ငံ‌ ရေး နယ်ပယ်မှ အပြီးအပိုင် ဖယ်ရှားထားနိုင်‌ ရေးဆိုသည့် ပန်းတိုင်သို့ ချီတက်ရာတွင် တရုတ်သည် အနှောက်အယှက် သဖွယ် ဖြစ်လာနေသည်ကို သိသာထင်ရှားသွားစေခဲ့သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ ပရိုဂရမ် တာဝန်ခံ ဂျေဆင် တာဝါ က Vox ဂျာနယ်သို့ ထောက်ပြ ပြောဆိုခဲ့သည်။

 

တိုင်းရင်းသား များ အနေဖြင့် မည်မျှပင် နယ်မြေ များ စိုးမိုးနေစေကာမူ စစ်အာဏာရှင်များ အာဏာ မြဲနေသရွေ့ မည်သို့မျှ ငြိမ်းချမ်းစွာ နေလို့ရမည် မဟုတ်၊ စစ်အာဏာရှင်များကလည်း ယင်းအား ၎င်းတို့ ဖနောင့်ထဲ စူးဝင်နေသော ဆူးကြီးသဖွယ် သဘောထား မည်သာ ဖြစ်၍ အခွင့်သာသည်နှင့် တိုက်ခိုက်လာကြတော့မည်သာ ဖြစ်သည်။

 

တဖက်တွင်လည်း မိမိတို့ဖာသာ ရပ်တည်သွားမည် ဆိုကလည်း တရုတ်၏ အနိုင်ကျင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု များနှင့် လူမျိူးရေး ဝါးမြို ခံရဖို့ ရှိနေသည်။

 

အမိ မြန်မာပြည်ကြီးကြီးထဲတွင် အေးအတူ ပူအမျှ ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖြင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိမှသာ လေးစားခံရဖို့ ရှိနေပေသည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!